Posted in ဥပဒေရေးရာ သုတေသန on Oct 03, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဝက်ဘ်ဆိုဒ် ဖော်ပြလာပါတယ်။ ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက တင်သွင်းလာတယ်လို့ ယူဆရပါတယ်။

တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်း

အခုတင်သွင်းတဲ့ ဥပဒေကြမ်းဟာ ခုံရုံးအဖွဲ့ဝင် ခန့်ထားခြင်းဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်ကို ပြင်ဆင်တာ ဖြစ်ပါတယ်။ လက်ရှိခုံရုံးဥပဒေမှာ ပါတဲ့ "နိုင်ငံတော်သမ္မတက ရွေးချယ်သူတွေ" ဟာ “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် ယူဆရသူ”ကို ရွေးချယ်နိုင်တယ်ဆိုတဲ့ ပုဒ်မ ပယ်ဖျက်ပြီး၊ အခြားသတ်မှတ်ချက်များနဲ့ မပြည့်မီပေမယ့် “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိ” သူအဖြစ် "နိုင်ငံတော်သမ္မတက ယူဆသူ" ကို အမည်စာရင်းတင်သွင်းနိုင်တယ်ဆိုတဲ့ ပုဒ်မတစ်ခု ထည့်သွင်းတာ ဖြစ်ပါတယ်။

နောက်ခံအခြေအနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရလာချိန်မှာ သမ္မတက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ အဖွဲ့အစည်းတွေအတွက် ရာထူးခန့်အပ်မှုတွေ ရှိခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးအဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က သုံးဦးစီ ရွေးချယ်ခန့်အပ်ရတာ ဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ခန့်အပ်ရာမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခုံရုံးအဖွဲ့ဝင်အဖြစ် ဒေါ်ခင်ဋ္ဌေးကြွယ်နဲ့ ဦးတွာကျင်ပေါင်တို့ကို ခန့်အပ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ မညီညွှတ်ဘူးဆိုပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်တဲ့အဆို တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်က ရွေးကောက်ခံနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်သွင်းလွှာတစ်စောင် တင်သွင်းခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ တင်သွင်းလွှာအမှတ် (၁)

ခုံရုံးအဖွဲ့ဝင် ခန့်ထားခြင်းဆိုင်ရာမှာ "ထင်ပေါ်ကျော်ကြားတဲ့၊ ဂုဏ်သတင်းရှိတဲ့ ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ" ဆိုတာ နိုင်ငံတော်သမ္မတ တစ်ဦးထဲကိုသာ ပေးထားတဲ့ အခွင့်အာဏာဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ရွေးချယ်ခန့်အပ်သူတွေနဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးဖို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၃ မှာ ခုံရုံးအဖွဲ့ဝင် အရည်အချင်းသတ်မှတ်ချက်တွေကို တစ်ဆက်စပ်တည်း ပြဋ္ဌာန်းထားပေမယ့် ခုံရုံးဥပဒေ ပုဒ်မခွဲငယ် (၄-ခ) မှာ "ထင်ပေါ်ကျော်ကြားတဲ့၊ ဂုဏ်သတင်းရှိတဲ့ ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆရသူ" ဆိုတဲ့ စကားရပ်အပြင် "နိုင်ငံတော်သမ္မတက ရွေးချယ်သူများတွင်" လို့ ထပ်ဆောင်းပြဋ္ဌာန်းထားတာက အခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲတဲ့ ပြဿနာဖြစ်ကြောင်း ခုံရုံးက သုံးသပ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေ ကွဲလွဲဆန့်ကျင်နေရင် အခြေခံဥပဒေအတိုင်း လိုက်နာရမယ်လို့ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

“ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း” ရှိသူကို ခန့်အပ်ခွင့်ဟာ "နိုင်ငံတော်သမ္မတက ရွေးချယ်သူတွေ" အတွက်လို့ အတိအကျ ပြဌာန်းထားတာကို ဖွဲ့စည်းပုံနဲ့ ကိုက်ညီစေဖို့အတွက် "နိုင်ငံတော်သမ္မတက ယူဆသူ" လို့ ပြင်ဆင်လာတယ်လို့ ယူဆလို့ ရပါတယ်။

လင့်ခ်များ

https://pyidaungsu.hluttaw.mm/uploads/pdf/BkWOu1_Amendment%20Bill.pdf https://pyidaungsu.hluttaw.mm/uploads/pdf/BkWOu1_Amendment%20Bill.pdf

စာကိုး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တင်သွင်းလွှာ အမှတ် (၁) ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ဒုတိယအကြိမ်၊ ပထမပုံမှန်အစည်းအဝေး၊ လွှတ်တော်မှတ်တမ်း