Posted in Transparency on Jul 12, 2019

ဘရာဇီးလ်နိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေး မတည်မငြိမ်မှုတွေ ရှိခဲ့ပေမယ့် ၂၀ဝ၀ ပြည့်နှစ် ကာလတွေမှာ ဘရာဇီးလ်နိုင်ငံဟာ အစိုးရဘက်ဂျက်နဲ့ အခြားဒေတာအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ စနိုင်ခဲ့ပါတယ်။ ဒီခြေလှမ်းများထဲက မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုရှိနိုင်လောက်တဲ့ ခြေလှမ်းတစ်ခု ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ဝက်ဆိုဒ်၏ သက်ရောက်မှုအကြောင်း မိတ်ဆက်တင်ပြလိုပါတယ်။

ဒီဆောင်းပါးဟာ အာနန္ဒာမှာ နှစ်ပတ်တစ်ကြိမ် ဖော်ပြမယ့် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေထဲက ပထမဦးဆုံး ဇာတ်လမ်းဖြစ်ပါတယ်။ ပွင့်လင်းမြင်သာသော အချက်အလက်တွေက အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုပြောင်းလဲနိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကမ္ဘာတစ်ဝန်းက ဥပမာဖြစ်စဉ်တွေကို စုစည်းတင်ပြဖို့ ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

မိတ်ဆက်

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ခန့်က ဘရာဇီးလ်နိုင်ငံမှာ အဆင့်မြင့် အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ လူလာလို့ လူသိများတဲ့ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inácio Lula da Silva) သမ္မတ အဖြစ်ရွေးကောက်ခံရပြီးနောက်မှာ အစိုးရက ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အပြည့်အဝ အခွင့်အာဏာရှိတဲ့ သမ္မတရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာရှိတဲ့ ဝန်ကြီးဌာနတစ်ခုနဲ့ အဲ့ဌာနအတွက် အကြီးအကဲရာထူးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒိရုံးက ၂၀ဝ၄ ခုနှစ်မှာ ဘတ်ဂျက်ပွင့်လင်းမြင်သာမှု ဝက်ဆိုဒ်တစ်ခုကို အင်တာနက်မှာ စတင်လွှင့်တင်ခဲ့ပြီး အောက်ပါအချက်များကို ဖော်ပြခဲ့သည်။

တင်ဒါနဲ့ စာချုပ်တွေတဆင့် အစိုးရ အဖွဲ့အစည်းတွေက တိုက်ရိုက်သုံးစွဲနေတဲ့ ငွေပမာဏ ပြည်နယ်တွေ၊ မြူနီစီပယ်ရုံးတွေနဲ့ ဖယ်ဒရယ်အဆင့် ခရိုင်တွေကို ပေးနေတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု အားလုံး လူမှုရေး ထောက်ပံ့မှု အစီအစဉ်မှာ အကျိုးခံစားခွင့် ရရှိနေသူတွေထံကို လွှဲပြောင်းပေးနေတဲ့ ဘဏ္ဍာရေး အချက်အလက်တွေ အစိုးရ ဝန်ထမ်းလစာ၊ ဝန်ထမ်းခရီးသွားလာမှု၊ စားသောက်စရိတ်နဲ့ ရုံးစရိတ်များ ပါဝင်သော စီမံခန့်ခွဲမှု အတွက် သုံးစွဲသော ငွေပမာဏ *အစိုးရရဲ့ တရားဝင် ငွေချေးသုံးစွဲခြင်းနဲ့ ပတ်သက်သော သတင်းအချက်အလက်တွေ

ဒီလိုလုပ်နိုင်တဲ့အတွက် ဘရာဇီးလ်မှာ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဥပဒေ မူဘောင်ရှိတယ်လို့ နိုင်ငံတကာက ယူဆကြပါတယ်။ ဒါပေမယ့် ဒီပွင့်လင်းမြင်သာမှု ဝက်ဆိုဒ် အောင်မြင်ပြီးနောက် ၂၀၁၁ ခုနှစ်မှသာ သတင်းအချက် အလက် ရယူပိုင်ခွင့် ဥပဒေ ကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒိနောက် ၂၀၁၂ ခုနှစ်မှာ သတင်းအချက်အလက်များ လွတ်လပ်ခွင့် ဥပဒေကို ဆက်လက် ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ ၂၀၁၂ တွင် ပွင့်လင်းအချက်အလက်များ ဝက်ဆိုဒ် (Open Data Portal) ကို လွှင့်ထူခဲ့ပြီး ပြည်သူတွေအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရှာဖွေအသုံးပြုနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

ပွင့်လင်းမြင်သာမှု ဝက်ဆိုဒ်၏ အကျိုးသက်ရောက်မှုများ

ဘရာဇီးလ်ရဲ့ ပွင့်လင်းမြင်သာမှု ဝက်ဆိုဒ်ကို အောင်မြင်မှု ကြီးကြီးမားမားတစ်ခုဖြစ်တယ်လို့ အများက သတ်မှတ်ကြပြီး ဆုတွေလည်း ရခဲ့ပါတယ်။ ၂၀၁၆ မှာ လစဉ် ဝင်ရောက်ကြည့်ရှုသူ ၉၀ဝ,ဝ၀ဝ ကျော်ရှိပြီး ဂျာနယ်လစ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ နဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူ အများပြည်သူ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒိဝက်ဆိုဒ်က အောက်ဖော်ပြပါ အစိုးရ မူဝါဒတွေမှာလည်း ကြီးမားတဲ့ အပြောင်းအလဲတွေကို လျင်မြန်စွာ ဖြစ်ပေါ်ခဲ့စေပါသေးတယ်။

  • အစိုးရ ငွေချေးကဒ်တွေအသုံးပြုတဲ့ အချက်အလက်တွေကို ဖော်ပြနိုင်ခဲ့တဲ့ သတင်းမီဒီယာမှာ အရှုပ်တော်ပုံများစွာ ကို ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရဝန်ကြီးတစ်ဦး နုတ်ထွက်ခဲ့ရပါတယ်။ အစိုးရ ငွေချေးကဒ် အသုံးစရိတ်များကို ၂၅% ခန့် လျော့ချနိုင်ခဲ့ပါတယ်။ နောက်ထပ် ဝန်ကြီးတစ်ဦးကလည်း အနားယူ အပန်းဖြေ ခရီးထွက်စဉ်က သုံးစွဲခဲ့တဲံ ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ ၃၀ဝ၀ ခန့်ကို ပြန်လည် ပေးအပ်ခဲ့ရပါတယ်။ ကဒ်အသုံးပြုခြင်းကို ထိန်းချုပ်တဲ့ ဥပဒေအသစ်တရပ်လည်း ပေါ်ထွက်လာပြီး ခရီးသွားလာစရိတ်နဲ့ နေ့စဉ် အသုံးစရိတ်များကို ကန့်သတ်လျော့ချနိုင်ခဲ့ပါတယ်။

  • ဝက်ဆိုဒ်ကို စတင်ဖန်တီးလိုက်တဲ့ အချိန်မှာ ပြည်သူလူထုက အစိုးရအနေနဲ့ သတင်းအချက်အလက်တွေ ပိုမိုဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီ့အတွက် အခြားသော အစိုးရ အဆင့်တိုင်းမှာလည်း အလားတူ ဝက်ဆိုဒ်တွေ တည်ထောင်ပြီး သတင်းအချက်အလက်တွေ ထုတ်ပြန်ရန် လိုအပ်လာပါတယ်။ ဒေသတွင်းက အခြား နိုင်ငံတွေမှာလည်း အလားတူလိုက်လုပ်ဖို့ ခံစားလာရပါတယ်။ ဒါ့ကြောင့် မက္ကဆီကို၊ ချီလီနဲ့ အယ်ဆယ်ဗေးဒါး နိုင်ငံတွေမှာပါ အလားတူ သတင်းအချက်အလက် ထုတ်ပြန်ပေးသည့် အင်တာနက်စာမျက်နှာတွေကို ဖန်တီးလာကြပါတယ်။

***ဒီဝက်ဆိုဒ်ကြောင့် ဘရာဇီးလ်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုကို ပြည်သူတွေ လက်သင့်မခံတော့တဲ့ အလေ့အထ တစ်ရပ် ပေါ်ထွန်းလာခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ အစိုးရငွေကြေးသုံးစွဲမှု စောင့်ကြည့်ရေး အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့ကြပြီး ဝက်ဆိုဒ်ပေါ်မှာဖော်ပြထားတဲ့ အချက်အလက်တွေ ရှေ့နောက်ညီမညီ စစ်ဆေးခြင်းကနေတစ်ဆင့် အကျင့်ပျက် ခြစားမှုများကို ရှာဖွေဖော်ထုတ်ပါတယ်။

ဒီအောင်မြင်မှုတွေနဲ့အတူ ဘရာဇီးလ်နိုင်ငံရဲ့ ပွင့်လင်းမြင်သာရေး လှုပ်ရှားမှုဟာ အောက်ဖော်ပြပါ စိန်ခေါ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

*အချက်အလက် စံနှုန်းများနှင့် အပြန်အလှန်အသုံးချနိုင်မှု။ ။ အစိုးရ ဌာနတွေဟာ သတင်းအချက်အလက်တွေကို မှတ်တမ်းတင် သိမ်းဆည်းရာမှာ တစ်ဌာနနှင့် တစ်ဌာန အနည်းငယ် ကွဲပြားတဲ့ ပုံစံမျိုးနဲ့ သိမ်းဆည်းကြတာဖြစ်တဲ့အတွက် ဌာနအားလုံးအနေနဲ့ အချက်အလက်တွေအားလုံးကို စံနှုန်းတစ်ခုတည်းနဲ့ ထိန်းသိမ်းသတ်မှတ်ဖို့ လိုအပ်လာပါတယ်။

*ပုဂ္ဂလိက လွတ်လပ်ခွင့်။ ။ ပွင့်လင်းမြင်သာရေးဝက်ဆိုဒ်ပေါ်ကို အချက်အလက်တွေ လွှင့်တင်ရာမှာ အားလုံးကို တင်ပြမယ့်အစား အစိုးရအရာရှိတွေရဲ့ ကိုယ်ရေးကိုယ်တာ အီးမေးလ်လိပ်စာတွေလိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖယ်ထားနိုင်တဲ့ နည်းလမ်းမျိုးကို စဉ်းစားဖို့လည်း လိုအပ်လာပါတယ်။

*အလှမ်းကျယ်ခြင်း။ သတင်းအချက်အလက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်းရည်နဲ့ အရင်းအမြစ်တွေလုံလုံလောက်လောက် မရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေ မြို့နယ်ခရိုင်တွေဟာလည်း ဝက်ဆိုဒ်ကို အစိုးရဌာန အဆင့်ဆင့်အတွက် လွှင့်တင်ရာမှာ အခက်အခဲများကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံအတွက် သင်ခန်းစာများ

နိုင်ငံတစ်ခုရဲ့ အခြေအနေနဲ့ အခြားနိုင်ငံတစ်ခုရဲ့ အခြေအနေဟာ ကွဲပြားခြားနားမှုရှိပြီး နိုင်ငံတစ်ခုအတွက် သင့်တော်တဲ့ အဖြေတွေဟာ အခြားနိုင်ငံတစ်ခုမှာ ပြန်လည် အသုံးချနိုင်မယ်လို့ ယတိပြတ် မဆိုနိုင်ပေမယ့်လည်း ဒီဘရာဇီးလ်ဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မူဝါဒ ချမှတ်သူတွေအနေနဲ့ အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်သင့်တယ်လို့ ထင်ပါတယ်။

၁။ ပြည်ထောင်စု အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အကြီးအကဲ ဒါမှမဟုတ် အလားတူ အဆင့်မြင့်ရာထူးနေရာ တစ်ခုကို ဖန်တီးဖို့ဆိုရာ ရွေးချယ်စရာတစ်ခုအနေနဲ့ စဉ်းစားသင့်ပါတယ်။ ဒီလိုရုံးမျိုးကို သမ္မတရုံးမှာ ဖွဲ့စည်းပြီး အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုကို အလေးအနက်ထားကြောင်း ဒီရာထူးတာဝန်ယူရသူဟာလည်း အဆင့်မြင့် အခွင့်အာဏာတွေရှိကြောင်း ပြသရာ ရောက်ပါတယ်။

၂။ အစိုးရအနေနဲ့ သူ့ရဲ့ ဝက်ဆိုဒ်တွေကနေ အချိန်မနှောင်းပဲ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေဖို့ စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် ဘက်ဂျက် ကိန်းဂဏန်းများကို ဖော်ပြရန် ဖြစ်သည်။ ဝက်ဆိုဒ် ဒီဇိုင်းကို ရွေးဆွဲရာမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ စိတ်ဝင်စားတဲ့ ပြည်သူလူထုဆီက အကြံဉာဏ်တွေကို ရယူနိုင်ရင် ပိုအသုံးဝင်တဲ့ ဝက်ဘ်ဆိုဒ်မျိုးကို ရနိုင်ပါတယ်။

၃။ အစိုးရ အနေနဲ့ သတင်းအချက်အလက်အသစ်တွေကို ထုတ်ပြန်ခြင်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ အစိုးရအဖွဲ့အစည်တွေအနေနဲ့ ဥပဒေအရ သတင်းအချက်အလက်များထုတ်ပြန်ဖို့ တာဝန်ပေးတဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေကြမ်းကို အတည်ပြုဖို့ စဉ်းစားသင့်ပါတယ်။

၄။ ဒီဥပဒေကို အတည်ပြုပြီးတဲ့အခါမှာလည်း အစိုးရအနေနဲ့ အချက်အလက်တွေကို ဖော်ထုတ်တင်ပြနိုင်ရန် အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများနှင့် ဒေသဆိုင်ရာ အစိုးရတွေကို လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိမရှိ စစ်ဆေးဖို့ လိုအပ်မှာဖြစ်ပြီး၊ အရင်းအမြစ်မပြည့်စုံသေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လိုအပ်တဲ့ ထောက်ပံ့ဖြည့်ဆည်းမှုပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

သတိပြရမယ့် အချက်တစ်ခု

အထက်မှာ တင်ပြခဲ့တဲ့ ဘရာဇီးလ် အစိုးရရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ကြောင့် အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဒီမိုကရေစီနဲ့ ပွင့်လင်းမြင်သာမှု သဘောတရားအရ စောင့်ကြပ်ကြည့်ရှုမှု အမြဲမပြတ် ပြုလုပ်နေဖို့ လိုအပ်ကြောင်း ဘရာဇီးလ်နိုင်ငံဖြစ်စဉ်က သတိပေးလျက် ရှိပါတယ်။ နောက်ပိုင်းမှာ ဘရာဇီးလ်နိုင်ငံကို လူကြိုက်များဝါဒီတွေ လွှမ်းမိုးလာပြီးသတင်းအချက်အလက်တွေ လွတ်လပ်ခွင့်ကို ပိတ်ပင်တာ၊ အရာရှိပေါင်း ထောင်ပေါင်းများစွာရဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းခွင့် ပေးတာတွေနဲ့ နောက်ကြောင်းပြန်စီးဆင်းခဲ့ပါတယ်။ ဒီနောက်ကြောင်းပြန် လုပ်ရပ်တွေကြောင့် အရေးကြီးတဲ့ အချက်အလက်တွေကို ယခင်ကလို ထုတ်ပြန်ကြေငြာဖို့ မလိုအပ်တော့ပါဘူး။ ဘယ်နိုင်ငံကမှ အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းမှ အပြည့်အဝ လွတ်ကင်းသွားပြီလို့ မဆိုနိုင်တာကြောင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတို့ကို ဆောင်ရွက်တာဟာ ဘယ်အခါမှ ပြီးပြည့် စုံသွားပြီလို့ မဆိုနိုင်ဘူးဆိုတာ ဘရာဇီးလ်နိုင်ငံက သက်သေပြလျက်ရှိပါတယ်။

အသေးစိတ် လေ့လာလိုပါက အောက်ပါ အင်တာနက် စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  1. Brazilian Transparency Portal (Portugese)

  2. Open Data’s Impact: Brazil’s Open Budget Transparency Portal

မှတ်ချက်။ ။မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ အာနန္ဒာဒေတာအဖွဲ့က အကောင်အထည်ဖော်ထိန်းသိမ်းနေတဲ့ ပြည်သူ့ဘဏ္ဍာဝက်ဘ်ဆိုဒ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ရရှိတဲ့ အစိုးရဘတ်ဂျက်အချက်အလက်တွေအများစုဟာ ဝန်ကြီးဌာနအဆင့် လုံးပေါင်းအချက်အလက်တွေသာဖြစ်နေပါသေးတယ်။ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်နိုင်ဖို့၊ အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့ဆိုတဲ့အဆင့်ကို ရောက်ဖို့ဆိုရင် ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကို လိုအပ်မှာဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာဝက်ဘ်ဆိုဒ်ရဲ့ အသုံးပြုမှုအနေနဲ့ဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ အသုံးပြုသူ ၁၆၁၀ ဦးရှိနေပြီး၊ စာမျက်နှာဖတ်ရှုမှုအကြိမ်ရေ ၆၉၉၇ ခု ရှိပါတယ်။ ဒါက ဂုဏ်ယူလောက်စရာ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ပိုပြီးအရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပွင့်လင်းမြင်သာဖို့၊ ပိုပြီးအလွယ်တကူရရှိနိုင်အောင်လုပ်ဖို့ လိုအပ်နေသေးတာကိုလည်း မီးမောင်းထိုးပြနေပါတယ်။ - စာတည်း