Posted in ဥပဒေရေးရာ သုတေသန on Sep 09, 2019
မကြာခင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းကို ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တစ်ခုစီမှာ အကြံပြုချက်ရယူဆွေးနွေးပွဲတွေ ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခုစာတမ်းတိုမှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပေဒေကြမ်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်င်ငံရဲ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ နောက်ခံအခြေအနေတွေကို သုတေသနပြု ဖော်ပြနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီစာတမ်းတိုပါ တင်ပြချက်တွေဟာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးဆဲ ဥပဒေကြမ်းအတွက်သာမက အခြားသော အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အထောက်အပံ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုတာ
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုတာက လယ်ယာထွက်ကုန် ထုတ်လုပ်မှုနဲ့ ရောင်းချမှုတွေအတွက် စည်းကမ်းနဲ့ သတ်မှတ်ချက်တွေထားပြီး တင်ကြိုသဘောတူညီမှု ရယူထားတဲ့ သဘောတူညီချက်နဲ့
လယ်သမားများနဲ့လုပ်ငန်းရှင်၊ ဝယ်ယူသူတွေအကြား လုပ်ငန်းဆောင်ရွက်ကြတာဖြစ်ပါတယ်။
- စည်းကမ်းသတ်မှတ်ချက်တွေမှာ ပါဝင်လေ့ရှိတဲ့အချက်တွေက
- စိုက်ပျိုးသူ လယ်သမားတွေ ရရှိမည့် ဈေးနှုန်း
- ဝယ်ယူသူက တောင်းဆိုတဲ့ အရေအတွက်ပမာဏနဲ့ အရည်အသွေးသတ်မှတ်ချက်
- ဝယ်ယူသူထံ အပ်နှံပေးပို့ရမယ့် နေ့စွဲ
စာချုပ်မှာ ပါဝင်လေ့ရှိတဲ့ အချက်တွေက
- စိုက်ပျိုးထုတ်လုပ်မှုကို ဘယ်လိုပြုလုပ်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်
- ဝယ်ယူသူဘက်က ပေးရမယ့် မျိုးစေ့၊ ဓာတ်မြေဩဇာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံဉာဏ်တွေပါဝင်တဲ့ သွင်းအားစုတွေ (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ၂၀၁၇)
အသေးစိတ်ကို PDF အနေဖြင့် ဖတ်ရှူလိုပါက ဒေါင်းလုဒ်ရယူနိုင်ပါသည်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဘာ့ကြောင့် ပိုပြီးစိတ်ဝင်စားလာကြသလဲ
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးစနစ်ကို စိတ်ဝင်စားမှု ပိုပြီး မြင့်တက်လာနေပါတယ်။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် အစားအသောက်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ ဝယ်လိုအားက မြင့်တက်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက စားသုံးသူတွေဟာ မြို့ပြတွေမှာ အခြေချနေထိုင်မှု များပြားလာတာဖြစ်တဲ့အတွက် အစားအသောက်ဈေးကွက်ကလည်း ပိုပြီးအပြိုင်အဆိုင်ဖြစ်လာပါတယ်။
၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးကို စိတ်ပျက်ခဲ့ကြပေမယ့် အခုလတ်တလော အခြေအနေမှာတော့ မူဝါဒချမှတ်သူတွေနဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေအတွက် စိတ်ဝင်စားစရာ တစ်ဖန်ဖြစ်လာခဲ့ပြန်ပါပြီ။ မြေယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတာတွေကို ပြန်ထိန်းညှိဖို့၊ အသေးစားလယ်သမားတွေရဲ့ ပါဝင်မှုကို မြှင့်တင်ဖို့နဲ့ သူတို့ကို ဈေးကွက် အခွင့်အလမ်းအသစ်တွေနဲ့ ချိတ်ဆက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာတွေ ထူထောင်ခြင်းဟာ အသေးစားလယ်သမားတွေအနေနဲ့ အကွာအဝေး၊ အရည်အသွေးအဆင့်အတန်းသတ်မှတ်ချက်၊ ထုတ်ပိုးမှု၊ အကန့်အသတ်ဖြစ်နေတဲ့ အခြားသော အခက်အခဲ အတားအဆီးမျိုးစုံကြောင့် သူတို့ဘာသာသူတို့ မချိတ်ဆက်နိုင်တဲ့ ဈေးကွက်တွေကို ချိတ်ဆက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
စိုက်ပျိုးရေးထုတ်ကုန် ဝယ်ယူသူတွေအနေနဲ့လည်း ကုန်ထုတ်လုပ်ငန်းအဆင့်ဆင့်မှာ သူတို့ရဲ့ မိတ်ဖက် လယ်သမားတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်တဲ့အတွက် စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေစတဲ့ သူတို့ ဖောက်သည်တွေရဲ့ စားသောက်ကုန် ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့ အရည်အသွေးကောင်း ကုန်ကြမ်းတွေကို လုံလုံလောက်လောက် ရနိုင်ပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်တွေကို အဆင့်ဆင့်ပြုပြင် ထုတ်ပိုးရောင်းချတဲ့ ကုမ္ပဏီတွေဟာလည်း အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို စိတ်ဝင်စားကြပါတယ်။ သူတို့အတွက် လိုအပ်တဲ့ ကုန်ကြမ်း အရေအတွက်၊ အရည်အသွေးကို ပုံမှန်ရနိုင်လို့ ဖြစ်ပါတယ်။
အားသာချက်၊ အားနည်းချက်များ
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွေက အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို တားမြစ်မထားပါဘူး။ (ဆိုလိုတာက တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားခြင်းမရှိပဲ၊ အခြားသော တရားဝင်စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်ပါတယ်။) စိုက်ပျိုးရေးနည်းလမ်းတစ်ခုအနေနဲ့ ဆောင်ရွက်နိုင်ပြီး၊ ဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာ လိုမလို၊ ကောင်းမကောင်းဆိုတာကို ဒီအချိန်မှာ ငြင်းခုန်တာထက် အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို ဆောင်ရွက်ကြမယ်ဆိုရင် ကုမ္ပဏီ၊ လယ်သမားနဲ့ ရပ်ရွာဘက်က ရရမယ့် အခွင့်အရေးနဲ့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ကာကွယ် စည်းကြပ်ပေးတဲ့ ဥပဒေကြမ်းဖြစ်ရေးကို ဦးတည်သင့်ပါတယ်။ ဒီအချက်ကို အာရုံပြုပြီး ဒီစနစ်ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(ဥပဒေက ပိုပြီး အားကောင်းခိုင်မာအောင် ဆောင်ရွက်သင့်တဲ့) အခွင့်အလမ်းများ
အကျိုးတူပူးပေါင်းလယ်ယာစနစ်က လယ်သမားတွေကို သူတို့ရဲ့ လယ်ယာထွက်ကုန်တွေကို ဘယ်အချိန်မှာ၊ ဘယ်သူ့ကို၊ ဘယ်ဈေးနဲ့ ရောင်းရမယ်ဆိုတာ ကြိုတင်သိရှိထားစေတဲ့ အခွင့်အလမ်းပေးပါတယ်။ ဒီစနစ်က - စိုက်ပျိုးရေးလုပ်ငန်းရဲ့ အစိုးမရမှုကို လျှော့ချပေးပါတယ် လယ်သမားတွေအနေနဲ့ သူတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ပိုကောင်းအောင် စီမံကိန်းချနိုင်စေပါတယ် ဈေးနှုန်းမတည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ ဆိုးကျိုးကို လျှော့ချပေးနိုင်ပါတယ် သဘာဝဘေးအန္တရာယ်နဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုတွေကနေ အကာအကွယ်ပေးပါတယ် (ဒီဆုံးရှုံးမှုတွေကို ဝယ်သူက စာချုပ်ပါသတ်မှတ်ချက်နဲ့အညီ မျှဝေခံယူရမှာ ဖြစ်ပါတယ်။) နောက်ဆုံးမှာ လယ်သမားတွေရဲ့ ဝင်ငွေကို မြှင့်တင်ပေးပြီး၊ လူမှုဘဝကို မြင့်တက်စေပါတယ်
စာချုပ်မှာ အသီးအနှံအထွက်တိုးပြီး၊ အကျိုးအမြတ်ပိုမိုရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူသူက ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ဘဏ္ဍာငွေနဲ့ နည်းစနစ်အထောက်အပံ့တွေပေးရမယ့် ပြဌာန်းချက်တွေလည်း ပါဝင်နိုင်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုက ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းကို ဖန်တီးပေးတဲ့အတွက် လယ်သမားတွေအနေနဲ့ ဘိန်းစိုက်ပျိုးခြင်းလိုမျိုး တရားမဝင် လုပ်ငန်းတွေ ဆောင်ရွက်ခြင်းကနေ ရှောင်ရှားနိုင်စေပါတယ်။ (ဥပမာ ရှမ်းပြည်နယ်က အကျိုးတူပူးပေါင်းစိုက်ပျိုးမှုတွေ)
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုကြောင့် စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံတကာ ကုမ္ပဏီတွေ ဝင်ရောက်မှုကို အားပေးပါတယ်။ ဒ့ါကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ (အခွန်ကနေတစ်ဆင့်) ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာစေပါတယ်။ ဥပမာအားဖြင့် ပြောင်းဆံသိုလှောင်ထိန်းသိမ်းမှု၊ ဆန်ကြိတ်ခွဲမှုတွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကနေ ဖြန့်ချိရေးအခြေခံအဆောက်အအုံဖြစ်တဲ့ လမ်းတွေ၊ တံတားတွေအထိ ဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစနစ်တွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ လယ်သမားနဲ့ ရောင်းသူအကြား တင်ကြိုသဘောတူထားတဲ့ စိုက်ပျိုးရေးထွက်ကုန် ရောင်းချမှုစာချုပ်ကြောင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပံ့ပိုးမှုပြုနိုင်ပါတယ်။
(ဥပဒေက လျှော့ကျစေသင့်တဲ့) စိန်ခေါ်မှုများ
အကျိုးတူပူးပေါင်းလယ်ယာတွေ ထင်ထားသလို အလုပ်မဖြစ်ခဲ့တဲ့ ဥပမာဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင်တော့ အကျိုးတူပူးပေါင်းလယ်ယာတွေနဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်မှုတွေ လျှော့ကျသွားနိုင်စရာရှိပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာစနစ်ဟာ ကျေးလက်နေပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် ၉၆ ပါးရောဂါပျောက်ဆေးမဟုတ်ပါဘူး။
သီအိုရီနဲ့ လက်တွေ့အကြားမှာ ဈေးကွက်ပျက်ဆီးခြင်း၊ အခြားဝယ်သူတွေကို လက်သိပ်ထိုးရောင်းခြင်း၊ သင့်တင့်တဲ့ ဈေးနှုန်းသတ်မှတ်မှုပုံစံကို အကောင်အထည်မဖော်နိုင်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲမှု မပြုလုပ်နိုင်ခြင်း၊ စာချုပ်လိုက်နာမှုမရှိခြင်းနဲ့ သင့်တော်တဲ့ ပဋိပက္ခဖြေရှင်းရေးနည်းလမ်းမရှိခြင်းစတဲ့ ပြဿနာများစွာ ရှိနေပါတယ်။ စာချုပ်စာတမ်း သတ်မှတ်ချက်နဲ့အညီ လယ်ယာစိုက်ပျိုးရေးဆောင်ရွက်ခြင်းဟာ ကျယ်ပြန့်လွန်းတဲ့အတွက် အမြတ်ထုတ်တဲ့ လုပ်ရပ်အဖြစ် ငြင်းဆိုဖို့ မဖြစ်နိုင်သလို၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းကျိုးရှိပါတယ်လို့ ထောက်ခံပြောဆိုဖို့လည်း မလွယ်ကူပါဘူး။ ဖြစ်စဉ်တစ်ခုချင်းကို သက်ဆိုင်ရာ အခြေအနေအလိုက် ကောင်းကွက်ရော၊ ဆိုးကွက်ပါ ထည့်သွင်းစဉ်းစားပြီး သုံးသပ်ရမှာ ဖြစ်ပါတယ်။ (ကမ္ဘာ့ဘဏ်၊ ၂၀၁၄)
ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ လယ်သမားတွေနဲ့ ရောင်းဝယ်သူတွေအကြား ဘုံသဘောတူညီမှု၊ စနစ်တကျ စုစည်းမှုရှိပြီး မြေယာလွှဲပြောင်းရောင်းချမှုအစရှိတဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ တောင်သူလယ်သမားအသိုက်အဝန်းတွေ အားမကောင်းတဲ့အချက်က အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို ဈေးကွက်စုစည်းမှု၊ မညီမျှတဲ့ အပြန်အလှန် ကြေးတန်းညှိနှိုင်တဲ့အခြေအနေ၊ သတင်းအချက်အလက် မျှမျှတတ မရရှိတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် အင်အားကြီးတဲ့ ကုမ္ပဏီအစုအဖွဲ့ကြီးတွေနဲ့ ကြားခံလူတွေက သူတို့ပုခုံးပေါ်ရောက်လာမယ့် စိန်ခေါ်မှုတွေကို လုပ်ကွက်ငယ်တောင်သူတွေ ပုခုံးပေါ် လွှဲတင်ပေးလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါတွေကနေတစ်ဆင့် အောက်ပါအခြေအနေတွေကို ဦးတည်သွားစေနိုင်ပါတယ်။ လယ်သမားတွေဘက်က ဈေးနည်းနည်းပဲ တောင်းဆိုလို့ ရလာနိုင်ပါတယ် (သယ်ယူစရိတ်၊ ဈေးကွက်ရှာဖွေရေးစရိတ်တွေနှုတ်ထားတဲ့ စိုက်ခင်းဈေးလောက်ပဲ ရလာနိုင်တာမျိုး) ကျေးရွာနဲ့ မိသားစုပိုင် မြေ၊ ရေ၊ သယံဇာတနဲ့ အခြားပိုင်ဆိုင်မှုတွေ လက်လွတ်ဆုံးရှုံးရလာနိုင်ပါတယ် အသေးစားလယ်ယာတွေလုပ်ကိုင်နေတဲ့ လယ်သမားတွေအနေနဲ့ အကြွေးသံသရာလည်နိုင်ပြီး ကုန်ထုတ်လုပ်နိုင်တဲ့ မွေးမြူရေးနဲ့ မြေယာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုအထိ ဦးတည်စေနိုင်ပါတယ်
တောင်သူလယ်သမားတွေထဲက အချို့ဟာ ပညာရေး ရရှိမှု အားနည်းပြီး၊ စာချုပ်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အကျွမ်းတဝင်မရှိတာကြောင့် ဝယ်ယူသူဘက်က သတင်းမှားတွေ ပေးပြီး လယ်သမားတွေကို စာချုပ်ထိုးဖို့ တွန်းအားပေးတာမျိုးတွေလည်း လုပ်လာနိုင်ပါတယ်။ အဲ့လိုဖြစ်ရပ်တွေ ဘယ်လိုဖြစ်လေ့ရှိသလဲဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။
“ရွာသစ်တွေကို စီပီအုပ်စုက ပစ်မှတ်ထားပါတယ်။ သူတို့ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖက်ရှင်ကျကျ ဝတ်ထားတဲ့ အဖွဲ့ဝင်တွေက စီပီရဲ့ ပြောင်းစေ့ပြောင်းဆန် အထွက်နှုန်းဘယ်လိုကောင်းကြောင်း၊ အာဟာရဘယ်လိုပြည့်ဝကြောင်း ကြော်ငြာရင်း ခေတ်ပေါ်သီချင်းတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး ကပြဖျော်ဖြေကြပါတယ်။ သုတေသနပြု လေ့လာခဲ့တဲ့ ရွာတစ်ရွာမှာဆိုရင်တော့ ရွာလူကြီးကိုယ်တိုင်က စီပီအုပ်စုရဲ့ ကိုယ်စားလှယ်ဖြစ်နေပြီး စီပီရဲ့ ပြောင်းမျိုးကို စိုက်တဲ့သူတွေအတွက် အမြင့်ဆုံးဆု ထွေလာ အသစ်စက်စက်တစ်လုံးပါဝင်တဲ့ ကံစမ်းမဲ ဖွင့်ပေးမယ်ဆိုပြီး ပြောပါတယ်။ တကယ်တမ်းကျတော့ ကံစမ်းမဲလည်း မဖောက်ပေးခဲ့ပါဘူး။ ထောက်ပံ့ပေးတဲ့ သွင်းအားစုတွေကို ရမှာတွေ၊ ‘ခေတ်နောက်ပြန်ဆွဲ’ တဲ့ လယ်သမားလို့ အထင်မခံချင်တာတွေကြောင့် ရွာသားတွေက ဒီလို အလားအလာရှိတဲ့ ငွေပေါ် သီးနှံ စိုက်ပျိုးရေးစနစ်ကို တက်တက်ကြွကြွပဲ လာရောက်ပူးပေါင်းကြပါတယ်။” (ဝုဒ်၊ ၂၀၁၅)
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဟာ မြေနည်းနည်း၊ လုပ်အားခနည်းနည်းနဲ့ အကျိုးအမြတ်ရဖို့ စိတ်ဝင်စားတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေအတွက် အာရုံကျစရာဖြစ်လာပါတယ်။ အဲ့ဒါကြောင့် ပြည်တွင်းဈေးကွက်အတွက် သီးနှံစိုက်ပျိုးရာကနေ ဈေးနှုန်းမြင့်မြင့်ရမယ့် နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်မယ့် ငွေပေါ် သီးနှံတွေ စိုက်ပျိုးရေးဘက်ကို ပိုပြီး ရွေ့လျားသွားစေပါတယ်။ ဒါ့ကြောင့် - ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်ပါတယ် လယ်ယာစိုက်ပျိုးတဲ့ အသိုက်အဝန်းဟာ နိုင်ငံတကာ အစားအသောက်ဈေးနှုန်းမတည်ငြိမ်မှုတွေ၊ နိုင်ငံတကာ ဈေးကွက် လှုပ်ခတ်မှုတွေရဲ့ ဒဏ်ကို ပိုခံရမယ့် အလားအလာ မြင့်တက်လာစေပါတယ် လယ်သမားတွေအနေနဲ့ မူလလက်ရင်းစိုက်ပျိုးခဲ့တဲ့ သီးနှံအမျိုးအစားတွေကနေ သွေဖီပြီး၊ (ကုမ္ပဏီကြီးတွေက ပိုင်ဆိုင်ထားလေ့ရှိတဲ့) ဈေးကွက်ဝင်သီးနှံအမျိုးအစားတွေကို ပြောင်းလဲစိုက်ပျိုးတဲ့အတွက် (ဂေဟစနစ် အားကောင်းရေးမှာ အရေးပါတဲ့) စိုက်ပျိုးရေးဇီဝဂေဟ အမျိုးစုံလင်မှုကို လျော့ကျစေနိုင်ပါတယ် (တရားဝင်နည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ်) မြေသိမ်းဆည်းမှု ပြုလုပ်ဖို့ အလားအလာပိုများစေပြီး၊ အသေးစား လယ်ယာတွေ လုပ်ကိုင်နေတဲ့တောင်သူတွေ လယ်ယာဆုံးရှုံးမှု ပိုဖြစ်စေနိုင်ပါတယ် နိုင်ငံအဆင့်၊ တိုင်းဒေသကြီးအဆင့်မှာ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေတွေ ကြုံတွေ့နိုင်တဲ့ အလားအလာ မြင့်တက်စေပါတယ်
နယ်မြေဒေသတစ်ခုမှာ အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို တိုးချဲ့ခြင်းက ကွဲပြားတဲ့ လူမှုစီးပွားရလဒ်တွေ ရရှိစေနိုင်ပြီး၊ ရပ်ရွာအတွင်း ပစ္စည်းဓနကြွယ်ဝမှု ပုံစံကိုလည်း အောက်ပါအခြေအနေတွေအလိုက် ပြောင်းလဲစေနိုင်ပါတယ်။ ကျေးရွာအဆင့် မိသားစုအလိုက် အရင်းအနှီးပိုင်ဆိုင်မှု ကွာခြားချက်တွေ အသေးစားလယ်ယာလုပ်ကိုင်သူတွေအနေနဲ့ မျှတတဲ့ အတိုးနှုန်းနဲ့ ချေးငွေမရရှိတာတွေ ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေ (ဥပမာ ရှမ်းပြည်နယ်ရှိ တရုတ်လူမျိုးများ) တရားမဝင် နယ်စပ်ဈေးကွက်တွေ
တောင်သူလယ်သမားတွေအနေနဲ့ စာချုပ်ပါသတ်မှတ်ချက်တွေနဲ့အညီ သွင်းအားစုတွေကို ဝယ်ယူပြီး၊ ရိတ်သိမ်းပြီးတဲ့အခါ ကုမ္ပဏီကို သတ်မှတ်ဈေးတစ်ခုနဲ့ ပြန်ရောင်းဖို့ လိုအပ်တာတွေကြောင့် လယ်သမားတွေအနေနဲ့ ကြွေးမြီထောက်ချောက်ထဲကို ကျဆင်းသွားနိုင်ပါတယ်။ ကြွေးမြီနဲ့ ပတ်သက်တဲ့ ပြဿနာတွေထဲမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ လယ်သမားတွေအနေနဲ့ လယ်မြေကို ချေးငွေရယူဖို့အတွက် အပေါင်အနေနဲ့ ထားရတာမျိုး ဖြစ်နိုင်ပါတယ်။ ကမ္ဘာမှာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အကြွေးချပေးပြီး ပြန်မဆပ်နိုင်တဲ့အခြေအနေအထိ တမင်စောင့်ပြီး မြေသိမ်းတဲ့ သာဓကအချို့လည်း ရှိပါတယ်။ ဒေသခံ ပွဲစား သို့မဟုတ် ကြားလူက လယ်သမားနဲ့ ဝယ်လက် (ကုမ္ပဏီ) ကို ချိတ်ဆက်ပေးလေ့ရှိပါတည်။ အသေးစားလယ်ယာလုပ်ကိုင်နေတဲ့ လယ်သမားတွေ အကြွေးထူနေတဲ့အချိန်မှာ ပွဲစားတွေက ပေါင်းပြီး ဈေးကို ညှိပြီး သတ်မှတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ (အောက်မှာ ဥပမာတွေ ဖော်ပြပေးထားပါတယ်။) သွင်းအားစုများများသုံးရတဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် ငွေကြေးအရင်းအနှီး၊ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေ ရရှိမှုတွေဟာ အရေးကြီးပါတယ်။ ရာသီအလိုက် အကြွေးဆပ်နေရတဲ့ သံသရာက ပိုဆင်းရဲတဲ့ လယ်ယာစိုက်ပျိုးသူတွေအတွက် ပိုပြီးထိခိုက်မှု ကြီးမားနိုင်ပါတယ်။ ဒီနည်းနဲ့ မညီမျှမှု ပိုကြီးထွားလာနိုင်ပါတယ်။ (အောက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။)
အတွက်နှုန်းပိုများတဲ့ သီးနှံတွေကို စိုက်ဖို့အတွက် ရည်ရွယ်ပြီး သွင်းအားစု များများလိုအပ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ကူးပြောင်းခြင်းက လယ်ယာစိုက်ပျိုးတဲ့ တောင်သူတွေရဲ့ အရင်းအနှီးလိုအပ်ချက်ကို မြင့်တက်စေပါတယ်။ တောင်သူအများစုအတွက် စိုက်ပျိုးရေးလုပ်ဖို့ ချေးငွေယူရတာ ဒါပထမဆုံးအကြိမ်တောင် ဖြစ်ကောင်းဖြစ်နေစေနိုင်ပါတယ်။ (တစ်ချို့လည်း ဘိန်း၊ သကြားစိုက်ဖို့ အရင်ကတည်းက ချေးငွေယူကြဖူးတာရှိပါတယ်။) ဒေသခံ ပွဲစားတွေက အရင်းအနှီး နည်းတဲ့၊ အလယ်အလတ်ပဲရှိတဲ့ တောင်သူတွေကို စိုက်စရိတ်ချေးငွေ ထုတ်ပေးပါတယ်။ ကိုယ်ပိုင်အရင်းအနှီးနဲ့ သွင်းအားစုတွေ ဝယ်နိုင်တဲ့ တောင်သူတွေကိုတော့ မပေးပါဘူး။ ငွေတိုးချေးသူတွေနဲ့ အတိုးနှုန်းကြီးမြင့်မှုတွေကို ရှောင်ရှားဖို့ ကြိုးစားဖို့အတွက် တောင်သူတွေဟာ သွင်းအားစုတွေကို ချေးငွေအနေနဲ့ရယူဖို့ ကြိုးစားကြရပါတယ်။
အကြွေးယူထားတဲ့ တောင်သူတွေဟာ ပြောင်းရိတ်သိမ်းပြီးပြီးချင်းမှာ အကြွေးပြန်ဆပ်ရပါတယ်။ များသောအားဖြင့် သီးနှံနဲ့ပဲ အကြွေးချေရလေ့ရှိပါတယ်။ (ယူထားတဲ့အကြွေးပေါ်မူတည်ပြီး ဒီဖြစ်စဉ်မှာတော့ ငွေနဲ့ အကြွေးပြန်မဆပ်နိုင်ရင် ပြောင်းနဲ့ ချေရပါတယ်။) အဲ့နောက်မှာ တောင်သူဟာ ပြောင်းကို ပွဲစားထံမှာ လက်ရှိပေါက်ဈေးထက် လျော့တဲ့နှုန်းနဲ့ ရောင်းချရလေ့ရှိပါတယ်။ အကြွေးပြန်ဆပ်တုန်းကလည်း ပေါက်ဈေးထက်လျော့တဲ့နှုန်းနဲ့ပဲ ပေးချေရတာပါ။ အဲ့အချိန်မှာ ပြောင်းအထွက်နှုန်းကလည်း ဈေးကွက်ဝယ်လိုအားထက် များနေခဲ့လို့ ဈေးက အနည်းဆုံး ဖြစ်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။ တောင်သူတွေဟာ သူတို့ပြောင်းစိုက်ပျိုးနေဆဲကာလ စားဝတ်နေရေးအတွက် အတိုးနှုန်းကြီးကြီးနဲ့ ငွေချေးယူထားကြတာဖြစ်လို့ အရင်းအနှီး နည်းတဲ့ (အလယ်အလတ်ဖြစ်တဲ့) တောင်သူတွေဟာ ငွေပေါ်ဖို့အတွက် ရတဲ့ဈေးနဲ့ပဲ ရောင်းကြရပါတယ်။ ပွဲစားတွေဟာ ဈေးနှိမ်ပြီးပေးပေမယ့် “ဆက်ဆံရေးမပျက်ချင်တာကြောင့်” သူတို့ဆီမှာပဲ ရောင်းကြရပါတယ်။ နှစ်စဉ်သူတို့ဆီက ချေးငွေယူဖို့ လိုအပ်တာကြောင့် ဒါက စာချုပ်ထဲ လက်မှတ်ထိုးမထားပေမယ့် သဘာတူညီမှုတစ်ခုလိုတော့ ဖြစ်နေပါတယ်။
ရွာသားတွေအားလုံးက မမျှတတာကို ဖော်ပြကြပြီး၊ လူလည်ကျခံရတယ်လို့ ခံစားကြရပေမယ့် ပွဲစားဆီကတစ်ဆင့် ချေးငွေယူဖို့လည်း လိုအပ်နေသေးတာဆိုတော့ သူတို့တတ်နိုင်တာလည်း ဘာမှမရှိပါဘူး။ တောင်သူတွေက သူတို့ဆီကနေ ချေးငွေယူ၊ သွင်းအားစုတွေကို အကြွေးနဲ့ယူကြတာဖြစ်လို့ အောက်ပါအတိုင်း အကြိမ်ကြိမ် “ရှုံး”တဲ့ စနစ်ဖြစ်နေပါတယ်။ ချေးငွေအပေါ် ပေးရတဲ့ အတိုး (ပြောင်းမျိုးစေ့မှသည် စားဝတ်နေရေးနှင့် သွင်းအားစုတွေ ဝယ်ယူစရိတ်အတွက် ချေးငွေ) သွင်းအားစုတွေကို ပွဲစားထံမှ ဈေးကွက်ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူရခြင်း တစ်နှစ်လုံး ပြောင်းဈေးအကျဆုံးအချိန်မှာတောင် ဈေးကွက်ပေါက်ဈေးထက် လျော့တဲ့နှုန်းနဲ့ ပွဲစားထံ ပြန်ရောင်းရခြင်း ရွာသားတစ်ယောက်က သူတို့ရဲ့ စိတ်ပျက်ဖွယ် အခြေအနေကို အခုလိုပြောပြပါတယ်။ “ငါတို့ ရွာသူရွာသားတွေသာ ညဘက်အိပ်ချင်အိပ်မယ်။ အတိုးနှုန်းကတော့ အမြဲတမ်း မအိပ်မနေ တက်နေတာပဲ။” တစ်ဖက်ကလည်း ပွဲစားတွေဟာ အဘက်ဘက်ကနေ “မြတ်” နေပြန်ပါတယ်။ ချေးငွေနဲ့ သွင်းအားစုအကြွေးကို အတိုးနဲ့တကွ တစ်ခါတည်းပြန်ရတယ် စီပီရဲ့ ပြောင်းမျိုးစေ့ကို ကိုယ်ကြိုက်တဲ့ ဈေးနဲ့ ရောင်းနိုင်လိုက်တယ် ပေါက်ဈေးထက်နည်းတဲ့နှုန်းနဲ့ ဝယ်ထားတဲ့ ပြောင်းကို ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းနိုင်တယ် (ဈေးပိုတက်တဲ့အချိန်လောက်မှ ထုတ်ရောင်းတာလည်း ဖြစ်လေ့ရှိပါတယ် (ဝုဒ်၊ ၂၀၁၅)
ကျေးလက်နေ တောင်သူတွေဟာ နေရာဒေသ ဝေးကွာမှု၊ သင့်တင့်တဲ့ အခြေခံအဆောက်အအုံမရှိမှု၊ သူတို့ကိုယ်တိုင် လယ်ယာထွက်ကုန်ကို အနီးဆုံး မြို့ကိုပို့ဖို့အတွက် ဈေးနှုန်းသင့်တင့်တဲ့ သယ်ယူပို့ဆောင်ရေးမရနိုင်မှုစတဲ့ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ဒါ့ကြောင့် မကြာခဏဆိုသလိုပဲ စာချုပ်စာတမ်းတွေကနေတစ်ဆင့် ဝယ်ယူသူ (ကုမ္ပဏီ) ကိုပဲဖြစ်ဖြစ်၊ ဒေသခံ ပွဲစားကိုပဲဖြစ်ဖြစ် ထိုးရောင်းဖို့မှအပ ရွေးချယ်စရာမရှိတဲ့အခြေအနေကို ရင်ဆိုင်ကြရပါတယ်။ ဝေးလံခေါင်ဖျားဒေသတွေမှာ ပွဲစားတွေ၊ ကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှုနည်းတတ်ပြီး တောင်သူတွေအနေနဲ့ ဈေးကို ညှိနှိုင်းဖို့အခွင့်အလမ်းလည်း နည်းနေတတ်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစနစ်က တောင်သူနဲ့ တောင်ယာထုတ်လုပ်မှုနည်းလမ်းကို ခွဲခြားပစ်လိုက်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ နီယိုလစ်ဘရယ် စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုကာလအတွင်း ရှိနေခဲ့ပြီး၊ အားကောင်းလာတဲ့ ပြောင်းလဲမှုလမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် နိုင်ငံရဲ့ အရင်းအနှီးတွေနဲ့ ကြွယ်ဝမှုတွေကို လူနည်းစုရဲ့ လက်ထဲမှာပဲ စုစည်းနေစေပါတယ်။ ဒီလူတွေဟာ စစ်ဘက်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် အစုအဖွဲ့တွေဖြစ်နေပြီး စီးပွားရေးအကျိုးစီးပွားနဲ့ အာဏာကို ပေါင်းစပ်ပြီး ဆင်းရဲသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို မြေသိမ်းဆည်းမှုအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။ မြင့်မားတဲ့ ဆင်းရဲမွဲတေမှုနဲ့ မြေယာမဲ့မှုနှုန်း၊ လုံလောက်မှုပမာဏအောက်ကို နိမ့်ကျတဲ့ မြေယာပိုင်ဆိုင်မှု၊ တိုးတက်လာတဲ့ လခစားလုပ်သားတွေအဖြစ် ပြောင်းလဲသွားမှုနှုန်း၊ ရာသီအလိုက် အစားအစာဖူလုံမှု လိုအပ်ချက် မြင့်တက်လာမှုတွေက ရိုးရှင်းတဲ့ မြေသိမ်းဆည်းမှုတွေအပြင် (ထိထိရောက်ရောက် ဥပဒေနဲ့ စည်းကြပ်ဖို့အားနည်းတဲ့) ဈေးကွက်ကို အသံတိတ် သိမ်းသွင်းမှုဒဏ်ကို ပိုပြီးရှုပ်ထွေးတဲ့ အနေအထား၊ နက်နဲတဲ့ အနေအထားနဲ့ ခံနေရတာကို ပိုပြီးအာရုံစိုက်သင့်ကြောင်း ဖော်ပြနေပါတယ်။
စာချုပ်တွေက လယ်သမားတွေရဲ့ ဈေးကွက်လိုအပ်ချက်ကို အလိုက်သင့် တုံ့ပြန်နိုင်စွမ်း၊ ဈေးတက်နေတဲ့ အချိန်မှ ထုတ်ရောင်းဖို့၊ တစ်ချို့အချိန်တွေမှာ ဈေးပိုတောင်းဖို့ အလားအလာတွေကို လျော့ကျစေပါတယ်။ စာချုပ်တွေမှာဆိုရင်တော့ စာချုပ်ချုပ်ဆိုဖက် ကုမ္ပဏီကို မရောင်းပဲ အပြင်ဝယ်လက်ကို ရောင်းမယ်ဆိုရင် တရားမဝင်ရောင်းချမှု ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ စာချုပ်လည်း ပျက်ပြယ်မှာဖြစ်သလို၊ တောင်သူရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်မှာ ဖြစ်ပါတယ်။ ဒီလိုအပြင်ကို လက်သိပ်ထိုးရောင်းတဲ့ အလေ့အထကြောင့်လည်း တောင်သူတွေဟာ ယုံကြည်စိတ်ချရတဲ့ ဝယ်လက်တွေနဲ့ စိတ်ချချနဲ့ ကြာကြာရှည်ရှည် လက်တွဲမှု ဖြစ်ပေါ်စေဖို့အရေးမှာ အကန့်အသတ်ဖြစ်စေနိုင်ပါတယ်။
အားလုံးအတွက် အကျိုးရှိတဲ့ အကျိုးတူပူးပေါင်းလယ်ယာစနစ် ဖြစ်ဖို့ဆိုရင်
‘မြန်မာနိုင်ငံရဲ့ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုစနစ်တွေဟာ နိုင်ငံရဲ့ စိန်ခေါ်မှုများတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကြောင့်ဖြစ်စေ၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍက တောင်သူတွေအပေါ် မမျှမတ ဆက်ဆံတာကြောင့်ဖြစ်စေ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ထူးခြားတဲ့ စိုက်ပျိုးထုတ်လုပ်မှုပုံစံတစ်ခု ပေါ်ပေါက်စေပါတယ်’ (ဝုဒ်၊ ၂၀၁၅)
ဒါပေမယ့်လည်း ဒီစနစ်ကို အားပေးထောက်ခံသူတွေကတော့ စနစ်တကျသာ အကောင်အထည်ဖော်မယ်ဆိုရင် အကျိုးတူပူးပေါင်းလယ်ယာစနစ်ဟာ ဒီအချက်တွေကို ဖြည့်ဆည်းနိုင်တယ်လို့ ဆိုပါတယ်။
- ဈေးကွက်ကို အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း
- ဈေးကွက်သတင်းအချက်အလက်တွေ ပိုမိုကောင်းမွန်စွာ ရရှိနိုင်ခြင်း
- သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ၊ သွင်းအားစုနဲ့ နည်းပညာတွေ ရရှိနိုင်ခြင်း
- ဈေးကွက်ရဲ့ ဆိုးကျိုးသက်ရောက်မှုကို လျှော့ချနိုင်ခြင်း
- အိမ်ထောင်စုရဲ့ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေ တိုးတက်ခြင်း
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ အောက်ပါအချက်တွေပေါ်မှာ မူတည်နေပါတယ်။
- အကောင်အထည်ဖော်နိုင်တဲ့ နေရာဒေသအခြေအနေ
- ကုမ္ပဏီက ဖြည့်ဆည်းရမယ့် တာဝန်တွေ ပါဝင်မယ့် စာချုပ်တစ်ခုစီရဲ့ အနေအထား
- အသေးစားလယ်ယာလုပ်ကိုင်သူတွေရဲ့ ညှိနှိုင်းနိုင်စွမ်း
- ဥပဒေမူဘောင်
- ကောင်းမွန်တဲ့ ဥပဒေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်မှု၊ လိုက်နာစေမှု
အောင်မြင်တဲ့ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုဟာ တောင်သူနဲ့ ဝယ်လက်အကြား ရေရှည်ဆက်ဆံမှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မှုအပေါ် မူတည်ပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုစနစ်လို့ဆိုရင် တစ်ရာသီထက်မက ပူးပေါင်းဆောင်ရွက်မှုရယ်လို့ မရည်ရွယ်သည့်တိုင် ယေဘုယျအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တစ်ရာသီထက်မနည်း စာချုပ်ကြလေ့ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့တော့ ဒီအခြေအနေတွေက နိုင်ငံရေး၊ စီးပွားရေး ပြဿနာမျိုးစုံနဲ့ ချိတ်ဆက်နေတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ၊ မညီမျှမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ နီယိုလစ်ဘရယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကပ်ပါလာတတ်တဲ့ အရင်းရှင်တွေဆီမှာ ဓနဥစ္စာ စုစည်းမှုတွေစတဲ့ အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်တဲ့ ပြဿနာမျိုးစုံနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေတာဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဘယ်လို ဥပဒေကြမ်းကမှ ဒီလိုနိုင်ငံအဆင့် ပြဿနာကြီးတွေကိုတော့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ဥပဒေနဲ့လည်း တားမြစ်ထားတာ မဟုတ်တဲ့အတွက် ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်တာမျိုး မလုပ်ဆောင်ရင်လည်း လုပ်ငန်းဆောင်ရွက်လို့ ရပါတယ်။ ဥပဒေအဖြစ် ပြဋ္ဌာန်းဆောင်ရွက်မယ်ဆိုရင်လည်း ဥပဒေကနေတဆင့် ဆင်းရဲသားတွေကို အသားပေးတဲ့၊ စီးပွားရေး အခွင့်အလမ်းတွေကို ချဲ့ထွင်ပေးတဲ့၊ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး ဂေဟနစ်ကို မထိခိုက်အောင် အာမခံချက်ပေးနိုင်တဲ့ ဥပဒေတစ်ခုဖြစ်လာမယ့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ဥပဒေကြမ်းအနေနဲ့ စာချုပ်စာတမ်းညှိနှိုင်းမှုတွေမှာ ဝယ်သူ၊ ပိုချမ်းသာတဲ့ တောင်သူနဲ့ စိုက်ပျိုးရေးလုပ်ငန်းစုတွေအတွက်သက်သက် အလေးသာတဲ့ အခြေအနေမဟုတ်အောင် အာမခံပြီး တောင်သူတွေအတွက် ဝင်ငွေပိုတိုးစေမယ်ဆိုရင် အထူးသဖြင့် လယ်ယာအနည်းငယ်ကို စိုက်ပျိုးတဲ့ လယ်သမားတွေရဲ့ အကြွေးနွံနစ်မှု ဆိုးကျိုးကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် ပွဲစား၊ ကြားလူတွေရဲ့ လွှမ်းမိုးနိုင်မယ့် အခြေအနေကို စီမံခန့်ခွဲနိုင်ရင် ရေရှည်အတွက် ကောင်းမွန်တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေကို အားပေးပြီး၊ ဂေဟစနစ် မပျက်စီးရေးကို တွန်းအားပေးနိုင်ရင် တော့ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးရဲ့ ကောင်းကျိုးတွေကို ပိုမို အားကောင်းစေနိုင်မှာ ဖြစ်ပါတယ်။
စာချုပ်စာတမ်းညှိနှိုင်းမှု
စာချုပ်တစ်ခု ပြင်ဆင်တဲ့ လုပ်ငန်းစဉ်ဟာ တောင်သူနဲ့ ဝယ်လက်အကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ စာချုပ်ပြင်ဆင်တဲ့ လုပ်ငန်းမှာ အရေးကြီးတဲ့ အဆင့်သုံးဆင့် ပါဝင်နိုင်ပါတယ်။ ညှိနှိုင်းခြင်းနဲ့ သတင်းအချက်အလက် မျှဝေခြင်း ဝယ်သူမှ ကမ်းလှမ်းခြင်းနဲ့ တောင်သူမှ လက်ခံခြင်း
စာချုပ်ရေးဆွဲပြင်ဆင်ခြင်း
ယေဘုယျသုံးကြလေ့ရှိတဲ့ အကောင်းဆုံးနည်းလမ်းကတော့ စာချုပ်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို မျှမျှတတ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စိတ်သဘောထားမှန်နဲ့ ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ စတင်ပြင်ဆင်တဲ့အချိန်ကတည်းက တောင်သူတွေ ပါဝင်ဆွေးနွေးနိုင်သင့်ပါတယ်။ ဒါမှ စာချုပ်ထဲက သတ်မှတ်ချက်၊ စည်းကမ်းချက်တွေကို အကုန်သိနိုင်မှာ ဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွားနဲ့ အခွင့်အလမ်းတွေ ပါမပါ သိနိုင်မှာ ဖြစ်ပါတယ်။ (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ၂၀၁၇)
ဒါ့ကြောင့် အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးဥပဒေကြမ်းတစ်ခုမှာ အောက်ပါပြဌာန်းချက်တွေ ပါဝင်ဖို့ စဉ်းစားသင့်ပါတယ်။ တောင်သူတွေအနေနဲ့ သူတို့အတွက် ရွေးချယ်စရာတွေ အားလုံးကို အပြည့်အဝ နားလည်စေဖို့ လိုပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာမလုပ်ရင် အခြားလုပ်လို့ရနိုင်တာတွေကိုပါ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ စာချုပ်ညှိနှိုင်းဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ (စာနဲ့ရေးထားရုံတင်မက အခြားနည်းလမ်းများဖြင့်ပါ) ရရှိစေရေး ပြဌာန်းထားခြင်း။ တောင်သူလယ်သမားဆိုင်ရာ အသင်းအဖွဲ့တွေကတစ်ဆင့်ပဲဖြစ်ဖြစ် တောင်သူတွေအတွက် စာချုပ်စာတမ်းဆိုင်ရာ ဘက်မလိုက်တဲ့ အကြံဉာဏ်တွေကို အခမဲ့ ရယူနိုင်စေဖို့ ပြဌာန်းထားခြင်း။ (ဒီလိုပြဌာန်းခြင်းအားဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ အကျိုးတူပူးပေါင်းစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နဲ့ UNIDROIT/FAO/IFAD တို့ ပူးပေါင်းထုတ်ဝေတဲ့ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေလမ်းညွှန် တို့ကိုပါ လိုက်နာပြီးသား ဖြစ်စေပါတယ်။
အကြွေးနွံနစ်ခြင်း
လယ်ယာအနည်းငယ်ကို စိုက်ပျိုးပြီး အရင်းနှီးနည်းတဲ့ တောင်သူတွေဟာ အကျိုးတူပူးပေါင်းလယ်ယာစနစ်ကြောင့် အကြွေးနွံနစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီတွေအနေနဲ့ အရင်းအနှီးနောက်ခံ မတောင့်တင်းတဲ့ လယ်သမားတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ အချို့သော ဆိုးကျိုးသက်ရောက်မှုတွေကို မျှဝေခံယူဖို့ ပြဌာန်းချက်တွေ စာချုပ်ထဲမှာ ထည့်သွင်းထားနိုင်ပါတယ်။ သွင်းအားစုအတွက် အကြွေးကို တစ်လုံးတည်းမဆပ်ခိုင်းပဲ အဆင့်လိုက် ဆပ်ခိုင်းတာတွေ၊ နောက်တစ်နှစ် ရိတ်သိမ်းချိန်မှ အကြွေးဆပ်စေတာတွေ ဆောင်ရွက်နိုင်ပါတယ်။ တစ်ချို့စာချုပ်တွေမှာတော့ စိုက်ပျိုးရေးအာမခံကို စိတ်ချရတဲ့ အာမခံကုမ္ပဏီမှာ ထားစေပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်တော့ ကုမ္ပဏီက တောင်သူကို အာမခံဝယ်ယူတဲ့အခါ သက်သက်သာသာနဲ့ ဝယ်နိုင်အောင် ကူညီပေးတာမျိုး ဆောင်ရွက်နိုင်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ်ဟာ အရင်းအနှီးနည်းတဲ့ တောင်သူတွေ အကြွေးနွံနစ်မယ့် အခြေအနေကို ကာကွယ်ဖို့အတွက် အောက်ပါပြဌာန်းချက်တွေ ထည့်သွင်းဖို့ အာရုံစိုက်သင့်ပါတယ်။ လုပ်ကွက်ငယ် လယ်ယာစိုက်ပျိုးသူ တောင်သူတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေမှာ ဆိုးကျိုးသက်ရောက်မှု ခွဲဝေရေး ပြဌာန်းချက်တွေ ပါဝင်ဖို့ လိုအပ်တာ တောင်သူတွေအနေနဲ့ သတင်းအချက်အလက် အလုံအလောက် ရရှိပြီး၊ လွတ်လပ်တဲ့ ဘဏ္ဍာရေး အကြံဉာဏ်ရယူနိုင်ဖို့ ပြဌာန်းပေးတာ လုပ်ကွက်ငယ် တောင်သူတွေအနေနဲ့ ချေးငွေကို ကုမ္ပဏီ ဒါမှမဟုတ် ပွဲစားဆီက ရယူခြင်းမျိုးသာမက လယ်သမားအသင်းအဖွဲ့တွေနဲ့ အသေးစားချေးငွေလုပ်ငန်းတွေဆီကနေ ရယူနိုင်စေရေးကိုလည်း စဉ်းစားသင့်ပါတယ်။ ဘယ်ကပဲ အကြွေးယူယူ ခက်ခဲမှာဖြစ်ပေမယ့် ဒီအစုအဖွဲ့တွေကတော့ လုပ်ကွက်ငယ် တောင်သူတွေအကြောင်း ပိုမိုနားလည်နိုင်ပြီး၊ ပွဲစား သို့မဟုတ် ကုမ္ပဏီတွေထက် ပိုပြီးကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။
ကြားလူ/ပွဲစားကို စီမံခန့်ခွဲခြင်း
ကုမ္ပဏီကြီးတွေဟာ အသေးစား လုပ်ကွက်ငယ်တောင်သူတွေအများကြီးကို တိုက်ရိုက် မထိတွေ့ မကိုင်တွယ်နိုင်တဲ့အတွက် ကြားလူတွေ၊ ပွဲစားတွေ ပိုမို ပေါ်လာတတ်ပါတယ်။ သူတို့ရဲ့ ကြားခံအကျိုးအမြတ် ရလိုမှုကြောင့် တောင်သူတွေရဲ့ အခြေအနေတွေ ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။
ပထဝီအခြေအနေ၊ ဒေသခံအချင်းချင်း ဆက်နွယ်ပတ်သက်မှုပုံစံတွေက ကြားခံဆောင်ရွက်မှုပုံစံတွေကို လွှမ်းမိုးမှုရှိနိုင်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးဥပဒေတစ်ခုမှာဆိုရင်တော့ ဒီလိုအချက်တွေကို စဉ်းစားသင့်ပါတယ်။ ပွဲစားတွေကို ဘယ်လိုဥပဒေနဲ့ ထိန်းချုပ်မလဲ။ သူတို့အတွက် လုပ်ငန်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ချက်တွေကို ဘယ်လိုသတ်မှတ်မလဲ။ ဥပဒေထဲမှာ ဒီအချက်အလက်တွေ ထည့်သွင်းပြဌာန်းပြီး၊ ဥပဒေနဲ့အညီမဆောင်ရွက်ရင် အရေးယူပြီး နစ်နာသူကို ပြန်ကုစားပေးရမယ့်ပုံစံကို ဥပဒေကြမ်းမှာ ထည့်သွင်းသင့်ပါတယ်။
ဂေဟစနစ်ကို မထိခိုက်စေရေး
မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးဆိုင်ရာ စိန်ခေါ်ချက်တွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးကြတိုင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ နောက်ကွယ်ကို ရောက်သွားလေ့ရှိပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးက လယ်ယာစိုက်ပျိုးရေးဆောင်ရွက်နေတဲ့ ရပ်ရွာဒေသတွေရဲ့ ပတ်ဝန်းကျင် ဆိုးကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- သီးနှံအမျိုးအစားတစ်ခုတည်းကို စိုက်ပျိုးရာကနေ မြေဆီလွှာကို အာဟာရမလုံလောက်မှု ဖြစ်စေပြီး၊ ဘေးထွက်ဆိုးကျိုးများတဲ့ ဓာတ်မြေဩဇာတွေကြောင့် ပိုဆိုးစေနိုင်ပါသေးတယ်
- စိုက်ပျိုးရေးကို ပမာဏများများနဲ့ ပြင်းပြင်းထန်ထန်ပြုလုပ်တာကြောင့် မြေဆီလွှာကို ထိခိုက်စေနိုင်ပါတယ်
- မြေလိုအပ်ချက်ကြောင့် သစ်တောတွေကို ရှင်းလင်းတာ၊ “မြေရိုင်း”တွေကို ရှင်းလင်းတာတွေ လုပ်လာနိုင်တဲ့အတွက် ဂေဟစနစ်ကို သူတို့ရဲ့ အကျိုးပြုမှုတွေ ဆုံးရှုံးနိုင်ပါတယ် (လေသန့်၊ ရေသန့်၊ ဝတ်ဆံကူးပိုးကောင်လေးတွေရဲ့ နေထိုင်မှု စသည်)
- မျိုးရင်းမဟုတ်တဲ့ မျိုးစိတ်တွေက ရှိရင်းစွဲပိုးတွေ၊ ရောဂါတွေကို ခံနိုင်ရည်မရှိတတ်တဲ့အတွက် ပိုးသတ်ဆေးတွေ ပိုသုံးဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်
- (နိုင်ငံခြားကုမ္ပဏီက မူပိုင်ခွင့်ရှိကောင်းရှိနေနိုင်တဲ့) အထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို စိုက်ပျိုးဖို့ ကြိုးစားရာကနေ သီးနှံအမျိုးစုံလင်မှုကို လျော့ကျေစေပြီး၊ နောက်ပိုင်းမျိုးရင်း ပိုင်ဆိုင်မှုကို ထိခိုက်ပြီး၊ မျိုးစိတ် အမျိုးစုံလင်မှုကိုလည်း ထိခိုက်နိုင်ပါတယ်
ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချဖို့အတွက် အကျိုးတူပူးပေါင်းလယ်ယာစနစ်ဥပဒေတစ်ရပ်မှာ အောက်ပါအချက်တွေ ပါဝင်သင့်ပါတယ်။
- မြေဆီလွှာရဲ့ သန်မာအားကောင်းမှုကို ထိန်းသိမ်းပြီး အော်ဂဲနစ်သီးနှံတွေ ထုတ်လုပ်မှုကို အားပေးဖို့အတွက် လိုအပ်သလောက်သာ ထွန်ယက်တဲ့ နည်းလမ်း (minimum tillage) အစရှိတဲ့ မြေဆီလွှာ ပြန်လည်ဖြည့်တင်းပေးတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို အသုံးပြုဖို့ လိုအပ်ချက်တွေ ထည့်သွင်းသင့်ပါတယ်။ တောင်သူနဲ့ ကုမ္ပဏီတွေကို လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဒီနည်းစနစ်တွေ ပံ့ပိုးပေးတာမျိုး စဉ်းစားနိုင်ပါတယ်
- စာချုပ်တွေကို ညှိနှိုင်းတဲ့နေရာမှာ ဒေသခံတွေနဲ့ တောင်သူလယ်သမားအစုအဖွဲ့တွေ ထည့်သွင်းပြီး စိုက်ပျိုးနည်းရဲ့ ဒေသအပေါ် သက်ရောက်မှုကို ဖော်ထုတ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုကို ဖြေလျှော့နိုင်မယ့် နည်းလမ်းကို ရှာဖွေစေသင့်ပါတယ်။ (သတ်မှတ်ဧရိယာ၊ ကြားခံဇုန် ထားတာ ဒါမှမဟုတ် အစဉ်အလာ စိုက်ပျိုးရေးနည်းလမ်းတွေကို ထိန်းသိမ်းပေးတာဟာ ရေရှည် မြေယာစီမံခန့်ခွဲမှုအတွက် အကျိုးရှိပြီး ဂေဟမျိုးစိတ်စုံလင်မှုကို ထိန်းသိမ်းနိုင်စေမှာ ဖြစ်ပါတယ်။
ကိုးကား
APSID (2018) Contract Farming Pros & Cons. https://www.apsid.org/2018/06/16/contract-farming-pros-and-cons/
AgriProFocus/Holtland (2017) Contract farming in Ethiopia: Concept and practice. https://images.agri-profocus.nl/upload/Contract_Farming_in_Ethiopia_-_Concept_and_Practice1495022084.pdf
FAO (2017) Contract farming and the law: What do farmers need to know? http://www.fao.org/3/a-i7581e.pdf
Woods (2015) CP maize contract farming in Shan State, Myanmar: A regional case of a place-based corporate agro-feed system. https://www.tni.org/en/publication/cp-maize-contract-farming-in-shan-state-myanmar-a-regional-case-of-a-place-based
World Bank (2014) An Analytical Toolkit For Support to Contract Farming. http://documents.worldbank.org/curated/en/575871468204575206/pdf/881810REVISED00y020140WB0Internal02.pdf