Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2019
“အိမ်ခြံမြေဝန်ဆောင်မှုကို စနစ်ကျစေရန်”၊ “အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်” နဲ့ “ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးနှင့် ပုဂ္ဂလိကများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်” ရည်ရွယ်တယ်လို့ ဥပဒေကြမ်းထဲမှာ ဆိုထားပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကြီးကြပ်ရေးဗဟိုကော်မတီကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအစိုးရဌာနနဲ့ စည်ပင်သာယာရေးကော်မတီတွေက ပုဂ္ဂိုလ်တွေအပါအဝင် အိမ်ခြံမြေဝန်ဆောင်မှုအသင်းကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာမူဝါဒချမှတ်ခြင်း၊ သင်တန်းများနဲ့သင်တန်းဆိုင်ရာများ၊ လိုင်စင်နှင့်လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ဝန်ဆောင် မှုအသင်းများကို ကြီးကြပ်ခြင်း၊ ပြည်တွင်းပြည်ပအခြားအဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ ဖြစ်တယ်။ ဒါ့အပြင် ဗဟိုကော်မတီဟာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးကော်မတီတွေကို တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီး သို့မဟုတ် နေပြည်တော်ကော်စီဝင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးဌာနမှူး၊ ပြည်တွင်းအခွန်ဦးစီးဌာန အခွန်ဦးစီးဌာနမှူး၊ စည်ပင်သာယာရေးကော်မတီများက ဌာနမှူးတွေ ညွှန်ကြားရေးမှူးတွေအပြင် အိမ်ခြံမြေဝန်ဆောင်မှုအသင်းကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းပြီး ဖွဲ့စည်းပေးရ မှာဖြစ်တယ်။ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးကော်မတီတွေဟာ မူဝါဒကိုအကောင်အထည်ဖော်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း၊ ယာယီလိုင်စင်နဲ့ လိုင်စင်များ စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်းထုတ်ပေးခြင်း၊ ဝန်ဆောင်မှုအချက်အလက်နဲ့ အခက်အခဲတွေကို ဗဟိုကော်မတီသို့ တင်ပြစေခြင်း၊ ဝန်ဆောင်မှုပေးသူအား တိုင်ကြားလာပါက စိစစ်ဆုံးဖြတ်ခြင်းနဲ့ အရေးယူဆောင်ရွက်ခြင်းများ စတဲ့ လိုင်စင်ဆိုင်ရာကိစ္စရပ်တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးသူတွေဟာ ယာယီလိုင်စင်/လိုင်စင်ကိုင်ဆောင်ထားရမှာဖြစ်ပြီး နိုင်ငံခြားသားနဲ့ ဖက်စပ်လုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့် ရှိရမှာဖြစ်ပါတယ်။ ဥပဒေစတင်အာဏာတည်ချိန်မှ စတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူဟာ တစ်နှစ်အတွင်း လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင်လျှောက်ထားခြင်းတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး ယာယီလိုင်စင်ရဲ့ သက်တမ်းက သုံးနှစ်ဖြစ်ပါတယ်။ ယာယီလိုင်စင်ရရှိသူဟာ သင်တန်းတက်ပြီး လိုင်စင်လျှောက်ထားခြင်းတွေ လုပ်နိုင်တယ်။ ယာယီလိုင်စင်လျှောက်ထားခွင့် တစ်နှစ်ကုန်ဆုံးပြီးနောက်မှ ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်လိုသူများဟာ မှတ်ပုံတင်စာရင်းသွင်း၊ သင်တန်းတက်ပြီးနောက် လိုင်စင်လျှောက်ထားနိုင်ပါတယ်။ ယာယီလိုင်စင်/ လိုင်စင်မရှိဘဲ ဝန်ဆောင်မှုလုပ်ဆောင်မယ်ဆိုရင် ထောင်ဒဏ် ၆လဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၃၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
ဗဟိုကော်မတီဟာ အစိုးရထောက်ပံ့ငွေ၊ အလှူငွေ၊ မှတ်ပုံတင်ကြေး၊ လိုင်စင်ကြေး၊ အခြားရငွေတွေနဲ့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာရန်ပုံငွေကို တည်ထောင်နိုင်ပြီး သင့်လျော်သောပုဂ္ဂိုလ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ဘဏ္ဍာငွေများကို ထိန်းသိမ်းခြင်းနဲ့သုံးစွဲခြင်းတို့ကို လုပ်ဆောင်စေနိုင်ပါတယ်။ ဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနဲ့သုံးစွဲရမှာဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။