Posted in ဥပဒေရေးရာ သုတေသန on Jan 25, 2019
အခြေခံပညာရေးရဲ့ ရည်မှန်းချက်အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာရေးကို ပြီးဆုံးသည်ထိတက်မြောက်ရန်၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးအတွက် အခြေခံကောင်းများရရှိစေရန်၊ အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိစေရန်နှင့်လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေးအခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တက်သည့် ကမ္ဘာ့နိုင်ငံသားများ ဖြစ်လာစေရန်”ဟု ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
အခြေခံပညာရေးဆိုင်ရာ အခြေခံမူများတွေကို သတ်မှတ်ဖော်ပြထားရာမှာလည်း “နိုင်ငံသားတိုင်း အခြေခံပညာသင်ယူတက်မြောက်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခြင်းမရှိနိုင်ခဲ့သူများအား ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး တစ်ခုခုတွင် အခြေခံပညာသင်ယူခွင့်ရရှိရေး၊ သင်ရိုးညွှန်တမ်းစံများနှင့်အညီ အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာပညာရေး အပြန်အလှန်ကူးပြောင်းသင်ယူနိုင်ရန် တန်းညှိပညာရေးအစီအစဉ် အကောင်အထည်ဖော်ရေးစသည့်အချက်များအပြင် ဗဟိုချုပ်ကိုင်မှုစနစ်လျော့ချသည့် အခြေခံပညာရေးစနစ်ကျင့်သုံးရေးနှင့်မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး” စသည်ဖြင့် ဖော်ပြထားတာကို တွေ့ရပါတယ်။
ပညာရေးဝန်ကြီးဌာနဟာ အခြေခံပညာရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံပညာရေးကောင်စီကို ပညာရေးဝန်ကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်တွေ၊ ပညာရှင်တွေ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေအပြင် သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကောင်စီအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်းနဲ့ အဆင့်လျော့ချခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ မူဝါဒနဲ့အညီ ကြီးကြပ်ခြင်း၊ ကျောင်း အရည်အသွေးစံ သတ်မှတ်ချက်ကို အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီနဲ့ ညှိနှိုင်းသတ်မှတ်ပေးခြင်းအပြင် ဆရာတွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို ဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ သတ်မှတ်ပေးခြင်းစတာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းအရ အခြေခံပညာရေးကောင်စီနဲ့ အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီတို့ ပူးပေါင်းပြီး အခြေခံပညာအရည်အသွေးအာမခံမှုစနစ်တစ်ရပ်ကို ထူထောင်ရန်လည်း တာဝန်ရှိလာမှာဖြစ်ပါတယ်။
ဥပဒေကြမ်းအရ ပညာရေးဝန်ကြီးဌာနဟာ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့်ကျောင်းသုံးစာအုပ်ကော်မတီကို ပညာရေးသုတေသန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ရဲ့ ညွှန်ကြားရေးမှူးတွေ၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနတွေက ကိုယ်စားလှယ်တွေ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာကိုယ်စားလှယ်တွေ၊ သင်ရိုးညွှန်းတမ်း ပညာရှင်တွေနဲ့ တိုင်းရင်းသားဘာသာကျွမ်းကျင်ပညာရှင်တွေ ကို ထည့်သွင်းပြီး ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဒီကော်မတီကနေ ဘာသာရပ်အလိုက် သို့မဟုတ် ဘာသာရပ်အုပ်စုအလိုက်အဖွဲ့ငယ်တွေ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းအဖွဲ့ငယ်တွေကို ပညာရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းနိုင်ပါတယ်။
အခြေခံပညာရေးကောင်စီဟာ အခြေခံပညာကျောင်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုကို ညှိနှိုင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း စီမံခန့်ခွဲမှုကို ဗဟိုချုပ်ကိုင်မှုလျော့ချပြီး အဆင့်အလိုက် တာဝန်ယူဆောင်ရွက်စေဖို့အတွက် စီမံခန့်ခွဲမှု တဆင့်ချင်းစီအလိုက်လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နဲ့မြို့နယ်တွေမှာ လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး၊ စီစဉ်ဆောင်ရွက်ရေး၊ ပေါင်းစပ်ရေးနဲ့ ကြီးကြပ်ရေးတို့အတွက် ပညာရေးကော်မတီများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဖွဲ့စည်းရသည်။ ကျောင်းအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များပေးရန်၊ ပံ့ပိုးဆောင်ရွက်ရန်နဲ့ လေ့လာကြီးကြပ်နိုင်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျောင်းစီမံခန့်ခွဲမှုကော်မတီတွေကို ဆရာ၊ မိဘနှင့်ရပ်ရွာလူထုပါဝင်စေပြီး ဖွဲ့စည်းနိုင်ပါတယ်။ ပညာရာရေးဝန်ကြီးဌာနဟာ ပညာရေးကော်မတီနဲ့ ကျောင်းစီမံခန့်ခွဲမှု ကော်မတီတွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ပြဌာန်းပေးရမှာ ဖြစ်ပါတယ်။ အခြေခံပညာရေးကဏ္ဍမှာရှိတဲ့ စီမံခန့်ခွဲသူအားလုံးသည် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုကို တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူ့အကျိုး ရှေးရှုမှုစသော အခြေခံမူများဖြင့် ဆောင်ရွက်ရမယ်လို့လည်း ဥပဒေကြမ်းမှာ ဖော်ပြပါရှိပါတယ်။