Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019

အစိုးရဌာနနဲ့အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေကို သတ်မှတ်ချိန်အတွင်း လွဲပြောင်းရယူနိုင်ဖို့၊ အခြားအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အများပြည်သူလက်ထဲမှာရှိတဲ့ အမျိုးသားရေးတန်ဖိုးရှိ မှတ်တမ်းနဲ့ ရှားပါးအမွေအနှစ်အထောက်အထားတွေကို ရှာဖွေစုဆောင်းဖို့ နဲ့ စနစ်တကျ ထိန်းသိမ်းထားရှိပြီး နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းမှာ ဆိုထားပါတယ်။

ဥက္ကဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ငါးဦးကနေ ၁၅ ဦးထိ ပါဝင်တဲ့ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းများကြီးကြပ်ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရကနေ ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်စေပြီး၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ် ဆောင်ရွက်စေကာ လုပ်ငန်း သဘောသဘာဝ ဆက်စပ်တဲ့ အစိုးရဌာန၊အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊အခြားနိုင်ငံသားပညာရှင်တွေ၊ သင့်လျော်တဲ့ နိုင်ငံသားတွေ နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက မှတ်တမ်းနဲ့မော်ကွန်းတွေကို စီမံခန့်ခွဲခြင်းနဲ့ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒချမှတ်ဖို့၊ နိုင်ငံတော်အတွက် လိုအပ်လို့ လွှဲပြောင်းရယူသင့်တဲ့ ဒါမှမဟုတ် ဝယ်ယူသင့်တဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေကို အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဦးစီးဌာနက တင်ပြလာရင် လမ်းညွှန်မှုပေးဖို့ ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွေကို ညွှန်ကြားရေးမှူးချုပ်အား တာဝန်ပေးဖို့ နဲ့ အများပြည်သူ ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက လုံခြုံမှုသက်တမ်းရှိတဲ့ မှတ်တမ်းနဲ့မော်ကွန်းတွေကို လေ့လာခွင့်တောင်းဆိုလာပါက ဦးစီးဌာနကို လမ်းညွှန်မှုပေးဖို့ ဖြစ်ပါတယ်။

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့တာဝန်တွေက အစိုးရဌာန၊အစိုးရအဖွှဲ့အစည်းတစ်ခုခုတွေက မှတ်တမ်းတွေကို သတ်မှတ်ချိန်အတွင်း လွှဲပြောင်းရယူနိုင်ဖို့၊ အခြားအဖွဲ့အစည်းနဲ့အများပြည်သူဆီက နိုင်ငံတော်အကျိုးရှိစေမယ့် မှတ်တမ်းတွေကို ညှိနှိုင်းပြီး လွှဲပြောင်းရယူနိုင်ဖို့၊အစိုးရဌာနတွေရဲ့မှတ်တမ်းထိန်းသိမ်းခြင်းနည်းစနစ်တွေကို ကူညီထောက်ပံ့ပေးဖို့၊ မှတ်တမ်းနဲ့မော်ကွန်းစီမံခန့်ခွဲခြင်းဆိုင်ရာ စံသတ်မှတ်ချက်ချဖို့၊ မှတ်တမ်းနဲ့မော်ကွန်း ထိန်းသိမ်းထားရှိခြင်းကို ကြီးကြပ်ကွပ်ကဲဖို့၊ ဦးစီးဌာနမှာထားရှိတဲ့ မှတ်တမ်းတွေကနေ မော်ကွန်းဖြစ်လာနိုင်တာတွေကို ကြီးကြပ်ရေးအဖွဲ့ဆီ တင်ပြအတည်ပြုချက်ရယူဖို့နဲ့ သက်ဆိုင်ရာအစိုးရဌာနတွေက မူရင်းမှတ်တမ်းတွေ ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းခံလာပါက ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ ကြိုတင်ခွင့်ပြုချက်ရယူဆောင်ရွက်ဖို့စသည် တို့ ဖြစ်ပါတယ်။ ညွှန်ကြား ရေးမှူးချုပ်ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့အဖွဲ့အစည်းတစ်ခုခုဆီကနေ နိုင်ငံ့အမွေအနှစ်ရှားပါးအထောက်အထားတွေကို ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ ဝယ်ယူရယူနိုင်ပြီး၊ မှတ်တမ်းနဲ့မော်ကွန်းဖတ်ရှုခွင့်၊ ကူးယူခွင့်အတွက် အခကြေးငွေကိုလည်း သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် လုံခြုံမှုအဆင့်သတ်မှတ်ထားခြင်း မရှိတဲ့ မှတ်တမ်း၊မော်ကွန်းတွေကို လေ့လာကြည့်ရှုခွင့်ပြုနိုင်ခြင်းနဲ့ လုံခြုံမှုအဆင့်ရှိတာတွေကိုလည်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ကြိုတင်ခွင့်ပြုချက်ဖြင့် ဖတ်ရှုခွင့်ပြုနိုင်ခြင်းတို့ လည်းပါဝင်ပါ တယ်။

မှတ်တမ်းတွေလွှဲပြောင်းခြင်း

ကြီးကြပ်ရေးအဖွဲ့ကနေပြီး အစိုးရဌာန၊ အဖွဲ့အစည်းတွေက မှတ်တမ်းတွေ မော်ကွန်းတိုက်ဦးစီးဌာနကို လွှဲပြောင်းပေးနိုင်ဖို့ အစိုးရအဖွဲ့ဆီ တင်ပြရမှာဖြစ်ပြီး၊ အဆိုပါမှတ်တမ်းတွေကို ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လွှဲပြောင်းရယူရပါမယ်။ အစိုးရဌာန၊ အဖွဲ့အစည်းတွေဟာလည်း ၁၀နှစ် သက်တမ်းရှိ ထိန်းသိမ်းဖို့ လိုအပ်မယ့်မှတ်တမ်းတွေ၊ ၁၀နှစ်မပြည့် သေးသော်လည်း လွှဲပြောင်းပေးချင်တဲ့မှတ်တမ်းတွေ၊ အသုံးပြုခြင်းမရှိတော့တဲ့ အီလက်ထရောနစ်မှတ်တမ်းတွေ၊ ချုပ်ဆိုထားတဲ့စာချုပ်စာတမ်း၊ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးပြီး တစ်လအတွင်း ပေးပို့ဖို့ နဲ့ နိုင်ငံတော်အဆင့်အခမ်းအ နား၊ နိုင်ငံတော်ပိုင်သတင်းဌာနမှနေ့စဉ်ရုပ်သံမှတ်တမ်း၊ စာအုပ်စာတမ်း၊ ပြန်တမ်း၊ သတင်းစာ စတာတွေကို သတ်မှတ်ချက်နဲ့အညီ လွှဲပြောင်းပေးရပါမယ်။ မလွှဲပြောင်းခင်မှာ အဆိုပါမှတ်တမ်းတွေရဲ့ လုံခြုံမှုအဆင့်ကို သတ်မှတ်ပေးပို့ရပါမယ်။

လုံခြုံမှုအဆင့်နဲ့သက်တမ်း သတ်မှတ်ခြင်း

မော်ကွန်းတွေရဲ့လုံခြုံမှုအဆင့်သက်တမ်းတွေဟာ ထိပ်တန်းလျှို့ဝှက်အဆင့်မော်ကွန်းဖြစ်ရင် နှစ်ပေါင်း ၃၀၊ လျှို့ဝှက်အဆင့်မော်ကွန်းဖြစ်ရင် ၂၅နှစ်၊ အတွင်းရေးအဆင့်မော်ကွန်းဖြစ်ရင် နှစ်ပေါင်း ၂၀၊ နဲ့ ကန့်သတ် အဆင့်မော်ကွန်းဖြစ်ရင် ၅ နှစ် ဖြစ်ပါတယ်။

မှတ်တမ်းနဲ့မော်ကွန်းတွေ ကြည့်ရှု့ခွင့်နဲ့ အသုံးပြုခြင်း

အမျိုးသားမှတ်တမ်းနဲ့မော်ကွန်းဦးစီးဌာနဟာ မှတ်တမ်းနဲ့မော်ကွန်းတွေရဲ့ လုံခြုံမှုသက်တမ်းကုန်ဆုံးပေမယ်လို့ လိုအပ်ရင် ဖတ်ရှု့ကိုးကားမှုကို ခွင့်မပြုဘဲ ထားနိုင်ပါတယ်။ ဌာနဆိုင်ရာသုတေသီတွေအနေနဲ့ လုံခြုံမှုအဆင့်ရှိ မှတ်တမ်းနဲ့မော်ကွန်းတွေ အသုံးပြုလိုပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းအကြီးအကဲရဲ့ ထောက်ခံစာပါရှိရမှာဖြစ်ပြီး၊ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထား ချက်နဲ့အညီ ခွင့်ပြုနိုင်ပါတယ်။ ဘယ်သူမဆို မှတ်တမ်းနဲ့မော်ကွန်းတွေကို ပုံနှိပ်ထုတ်ဝေလိုရင် ဒါမှမဟုတ် မိတ္တူကူးယူလိုရင် ညွှန်ကြားရေးမှူးချုပ်ရဲ့သဘောတူညီချက်ရယူပြီး သတ်မှတ်ထားတဲ့ အခကြေး ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ဒါအပြင် ပုံနှိပ်ထုတ်ဝေခြင်းအတွက် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာပါမယ်ဆိုတဲ့ ကတိခံ ဝန်ချက်ပါရှိရပါမယ်။

တားမြစ်ချက်နဲ့ပြစ်မှု၊ပြစ်ဒဏ်

တရားဝင်ခွင့်ပြုချက်မရရှိဘဲ လုံခြုံမှုအဆင့်ရှိ မှတ်တမ်းနဲ့မော်ကွန်းတွေကို ကြည့်ရှုခြင်း သို့မဟုတ် မိတ္တူကူးခြင်း နဲ့ မှတ်တမ်းနဲ့ မော်ကွန်းတွေကို ခွင့်ပြုချက်မရှိဘဲ ဦးစီးဌာနရဲ့ပြင်ပကို ယူဆောင်ခြင်း ပြုလုပ်ပါက သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပို တဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ မော်ကွန်း ဒါမှမဟုတ် မော်ကွန်းဖြစ်လာနိုင်တဲ့ မှတ်တမ်းတွေကို ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရွှေ့ပြောင်းခြင်း လုပ်ဆောင်ပါက သုံးနှစ်ထက်မပို တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါ့ အပြင် တရားဝင်ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းနဲ့မော်ကွန်းတွေ ပြည်ပကို ထုတ်ယူခဲ့မယ်ဆိုရင် ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒီဥပဒေအရ ထုတ်ပြန် တဲ့ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ခဲ့ရင် ဒဏ်ငွေငါးသောင်း ချမှတ်ရမယ်လို့ ပါရှိပါတယ်။ဘယ်သူမဆို ဥပဒေပါ ပြစ်မှုကို ကျူးလွန်ဖို့အတွက် အားပေးကူညီရင် ဒါမှမဟုတ် ကျူးလွန်ဖို့ အားထုတ်ရင် ဒါမှမဟုတ် ကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်ရင် ပြဌာန်းထားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။

အစိုးရဌာန၊အဖွဲ့အစည်းတစ်ခုခုက ဝန်ထမ်းဘယ်သူမဆို မှတ်တမ်းတွေ လွှဲပြောင်းပေးအပ်နိုင်ဖို့အတွက် စိစစ်တာကို ဟန့်တားတာတွေ၊တားမြစ်ပိတ်ပင်တာတွေ၊နှောင့်ယှက်တာ နှောင့်နှေးကြန့်ကြာအောင် လုပ်တာတွေနဲ့ လွှဲပြောင်းပေးဖို့ ပျက်ကွက်တာတွေ ရှိခဲ့လို့ မော်ကွန်းတိုက်ဦးစီးဌာနက သက်ဆိုင်ရာ အစိုးရ ဌာန၊အဖွဲ့အစည်းရဲ့ တာဝန်ဖြစ်တဲ့ အကြီးအကဲကို တိုင်ကြားလာရင် ဝန်ထမ်းကို နိုင်ငံဝန်ထမ်းဥပဒေနဲ့ အရေးယူရမှာ ဖြစ်ပါတယ်။