Posted in Political Institutions on Feb 20, 2019

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်းဆိုတာ ၂၀၁၂ ခုနှစ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ဖူးပြီး ပထမအကြိမ်လွှတ်တော်မှာ ဆိုင်းငံ့ထားခြင်းခံခဲ့ရသောဥပဒေကြမ်းလည်းဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်တင်သွင်းလာတာဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ နိဒါန်းမှာလည်း ဖော်ပြထားသလို “ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၃၉၆)၊ ပုဒ်မခွဲ (ခ)ကို ကျင့်သုံး၍ တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေကြမ်းကို တင်သွင်းထားတာ ဖြစ်ပါတယ်။​

နိုင်ငံသားများအား အာဏာအပ်နှင်းခြင်း

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ နိုင်ငံသားတွေရဲ့ လိုလားချက်၊ လိုအင်ဆန္ဒတွေကို အသိအမှတ်ပြုပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးရတဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။ ဒီစနစ်မှာ နိုင်ငံသားတွေ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအာဏာတွေကို ကိုင်စွဲအသုံးပြုကြပါတယ်။ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နောက်ထပ်တစ်ကြိမ် ထပ်မံရွေးကောက်ခံရဖို့အတွက် နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာမှာ၊ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတွေရဲ့ စိတ်ဆန္ဒတွေကို အလေးထားဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ သဘောထားဆန္ဒတွေကို လျစ်လျူရှုမယ်ဆိုရင်တော့ နောက်ထပ်ကျင်းပသော ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ရုန်းကန်ရမှာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံသားတွေရဲ့ သဘောထားကို အမြဲမပြတ် လေ့လာသုံးသပ်နေကြရပါတယ်။ ဒီနည်းလမ်းဟာ နိုင်ငံသားတွေဘက်ကနေ ကိုယ်ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံများအပေါ် စောင့်ကြည့်ထိန်းကျောင်းနိုင်တဲ့ ပုံမှန် အခွင့်အာဏာတစ်ရပ်ဖြစ်သလို၊ အခြေခံကျတဲ့ နိုင်ငံရေးတာဝန်ခံမှု ပုံစံတစ်မျိုးဖြစ်ပါတယ်။

အာဏာအပ်နှင်းထားတဲ့ အချိန်ကာလတစ်ခု

များသောအားဖြင့် ရွေးကောက်တင်မြှောက်ခံတဲ့ အစိုးရနဲ့ ကိုယ်စားလှယ်တွေဟာ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ် စတဲ့ သတ်မှတ်ကာလတစ်ခုအတွင်း တာဝန်ထမ်းဆောင်ကြရပါတယ်။ ဒီမိုကရေစီစနစ်ကို ပိုမိုအားကောင်းပြီး၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှုကို ပိုအားကောင်းအောင် ကြိုးစားကြရာမှာ ရွေးကောက်ခံတွေအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ကိုယ်ကျိုးအသုံးပြုမှုတွေ၊ တာဝန်မကျေပွန်မှုတွေစတဲ့ အခြေအနေတွေမှာ နိုင်ငံသားတွေက ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဒီ့ထက်ပို ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေကို ကြံဆလာကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ကိုလည်း နည်းလမ်းတစ်ခုအဖြစ် စဉ်းစားလာကြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီနိုင်ငံရေးစနစ်ကို စပြောင်းခဲ့ပါတယ်။ ၂၀၁၁ မှာ ဥပဒေပြုလွှတ်တော်များနှင့်အတူ အစိုးရတစ်ရပ်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၅ မှာတော့ အတိုက်အခံပါတီက ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။​ အခုအချိန်အထိ နိုင်ငံရေးစနစ်အပြောင်းအလဲဟာ တည်ငြိမ်ပြီးဆုံးသွားတဲ့အနေအထားမဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့်ဥပဒေကို ပြဌာန်းဖို့ လုပ်ဆောင်ခြင်းဟာ သတိထားဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ ပုဒ်မ (၃၉၇) ဖြစ်တဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ပြဌာန်းချက်တွေအရ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းရမှာဖြစ်တာကြောင့် ဒီဥပဒေကြမ်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ “သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှရုပ်သိမ်းနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းတင်ပြရမည်”ဆိုပြီး ပြဌာန်းထားပါတယ်။ ဒီအချက်ကိုအခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းသည့်ဥပဒေကြမ်းမှာလည်း “မူလမဲဆန္ဒရှင်များ၏အနည်းဆုံး တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတိုင်ကြားနိုင်သည်”ဆိုပြီး ပါရှိပါတယ်။ ”သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များ၏တစ်ရာခိုင်နှုန်းမှ" ဆိုတဲ့ပမာဏဟာ ပြဿနာရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ယခုတင်သွင်းထားတဲ့ ဥပဒေကြမ်းနဲ့ ဆက်စပ်စဉ်းစားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်သည့်အကြောင်းတွေဖြစ်တဲ့ “နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်းနှင့် ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း” စတဲ့အချက်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေပြဌာန်းမှသာ ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေလည်း မဟုတ်ပါဘူး။ ရှိရင်းစွဲဥပဒေတွေဖြစ်တဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေ၊ အခြားဥပဒေတွေနဲ့ ထိန်းကျောင်းနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှရုပ်သိမ်းနိုင်သည့် အကြောင်းအချက်တွေထဲမှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ပါက "ဆိုတဲ့အချက်ကလည်း အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားတဲ့ ဥပဒေကြမ်းမှာ တစ်ရာခိုင်နှုန်းကတိုင်ကြားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန် ဆက်လက်ထမ်းဆောင်ရန်မသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယူဆရင်တောင်မှ သက်ဆိုင်ရာမူလမဲဆန္ဒရှင်များက ဆန္ဒမဲပေးဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။ ဆုံးဖြတ်ရာမှာလည်း “မူလမဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်က ဆန္ဒမဲလာရောက်ပေးခြင်းမရှိခြင်းကြောင့်ဖြစ်စေ၊ မူလမဲဆန္ဒပေးခွင့်ရှိသူ၏ ထက်ဝက်ကျော်က မဲလာပေးပြီး မဲလာပေးသည့်ထက်ဝက်ကျော်ကတာဝန်မှမရုပ်သိမ်းလိုကြောင်း ဆန္ဒမဲပေးခြင်းကြောင့်ဖြစ်စေ” စတဲ့အခြေအနေတွေမှာ ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းလို့ မရနိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်မှာ အဟောသိကံဖြစ်သွားမှာ ဖြစ်ပါတယ်။ အကယ်၍များ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း”ဟာ မှန်ကန်နေသည့်တိုင် သက်ဆိုင်ရာမူလမဲဆန္ဒရှင်တွေက “တာဝန်မှမရုပ်သိမ်းလိုကြောင်း" ဆန္ဒမဲပေးပြီး ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းဆိုတဲ့ကိစ္စဟာ အဟောသိကံဖြစ်သွားပါလိမ့်မယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများအတွက် အဆုံးအဖြတ်ပေးနိုင်သော တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို အာဏာအပ်နှင်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာခုံရုံးက ဖွဲ့စည်းပုံနဲ့ ညီမညီ ဆုံးဖြတ်ခဲ့ရင်တောင်မှ မဲဆန္ဒနယ်တစ်ခုက မဲပေးသူ တစ်ဝက်ကျော်ကနေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အခြေအနေမျိုးအထိ ဦးတည်နိုင်ပါတယ်။

ယခုအခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမယ်၊ ပြင်ဆင်သင့်တယ်လို့ အားလုံးက ပြောဆိုနေကြချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ပုဒ်မတွေကိုလည်း အသေအချာပြန်လည်သုံးသပ်သင့်ပါတယ်။ နိုင်ငံသားတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံတွေကိုတာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို ပြဌာန်းဖို့ ကြိုးစားတာဟာ နိုင်ငံတော်ရဲ့ အာဏာကို မူလပိုင်ရှင်များထံ အပြည့်အဝပြန်လည်ပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်ကြခြင်းဖြစ်တဲ့အတွက် ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဥပဒေကြမ်းဟာ အားနည်းချက်တွေရှိနေလို့ အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။​