Posted in ဥပဒေရေးရာ သုတေသန on Mar 16, 2020

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ လတ်တလော ရရှိတဲ့ ဘတ်ဂျက်စာရင်း အချက်အလက်တွေအရ လူမှုဖူလုံရေးအဖွဲ့ (SSB အဖွဲ့) မှာ များပြားလှတဲ့ ဘက်ဂျက်ပိုငွေတွေ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ အဲဒီအဖွဲ့ဟာ မှတ်ပုံတင်ထားတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေဆီက ငွေကြေးကောက်ခံပြီး ကျန်းမာရေးနဲ့ အခြားအကျိုးခံစားခွင့်တွေ ပြန်လည်ပေးအပ်ခြင်း ပြုလုပ်ပေးနေတဲ့ အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း SSB အဖွဲ့ဟာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကို သုံးစွဲနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ SSB အဖွဲ့ကနေ လက်တလော ပေးနေတဲ့ ဝန်ဆောင်မှုတွေဟာ အရည်အသွေး ညံ့ဖျင်းပြီး တိုးတက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း အများစုက ရှုမြင်ခဲ့ကြပါတယ်။(Frontier 2008) လက်ရှိမှာတော့ ဒီကိစ္စဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အကြောင်းကတော့ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ လုပ်သားတွေကို နစ်နာကြေး မပေးနိုင်ဘူးလို့ ဆိုနေတာကြောင့် ဖြစ်ပါတယ်။ ကုန်အမှာတွေ နဲ့ ကုန်ကြမ်းတွေ ပြတ်လပ်လာတာကြောင့် အလုပ်သမားများစွာဟာ အိမ်ပြန်ပို့ခံပြီး၊ အကျိုးဆက်အနေနဲ့ ဝင်ငွေဆုံးရှုံးမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံရတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှု မရှိတော့တာ ဖြစ်ပါတယ်။

လူမှုဖူလုံရေး ဆိုတာဘာလဲ

လူမှုဖူလုံရေးဆိုင်ရာ ဥပဒေတွေနဲ့ အစီအစဉ်တွေဟာ နိုင်ငံတစ်ခုနဲ့ တစ်ခု များစွာ ခြားနားကြပါတယ်။ လူမှုဖူလုံရေး ဆိုတဲ့ အသုံးနှုန်းဟာ အောက်က အချက်တွေကို ရည်ညွှန်းပါတယ်။

  • လူမှုအာမခံစနစ် (social insurance scheme)။ ။ နိုင်ငံသူနိုင်ငံသားတွေက ရန်ပုံငွေတစ်ခုထဲကို ငွေကြေးထည့်ဝင်ထားပြီး ပင်စင် ဒါမှမဟုတ် ခံစားခွင့်တွေ ပြန်လည်ရယူတဲ့ စနစ် ဖြစ်ပါတယ်။
  • အားလုံးကို လွှမ်းခြုံနိုင်တဲ့ လူမှုဖူလုံရေး (universal social security) ။ ။ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝင်ငွေဆုံးရှုံးရမှုအတွက် နစ်နာကြေး၊ လူမှုဖူလုံရေး ထောက်ပံ့မှု ဒါမှမဟုတ် ပင်စင် စတဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့တဲ့ စနစ် ဖြစ်ပြီး နိုင်ငံသားတိုင်း ခံစားခွင့် ရှိပါတယ်။
  • အစိုးရ ပေးတဲ့ ဝန်ဆောင်မှု ။ ။ ကျန်းမာရေးစောင့်ရှောက်မှု ဒါမှမဟုတ် လူမှုထောက်ပံ့မှု ကို ပေးပါတယ်။(Wikipedia 2019)

လူမှုဖူလုံရေးအတွက် စံနှုန်းတွေက အောက်ကအတိုင်း ဖြစ်ပါတယ်။

  • ကျန်းမာရေးစောင့်ရှောက်မှု
  • ခံစားခွင့်တွေ (ဥပမာ မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးခြင်း၊ ကိုယ်ဝန်ဆောင်ထားခြင်း ဒါမှမဟုတ် ရောဂါတစ်ခုခု/မသန်စွမ်းဖြစ်ခြင်း စတာတွေကြောင့် ဝင်ငွေဆုံးရှုံးရတာတွေ ကြုံကြိုက်လာတဲ့အခါ)
  • သက်ပြည့်ပင်စင် (superannuation)

မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးစနစ်က ဘယ်လို ပုံစံရှိသလဲ

လူမှုဖူလုံရေးလို့ဆိုရာမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ခံစားခွင့် နဲ့ ပင်စင် ဆိုပြီး အပိုင်း သုံးပိုင်း ရှိပြီး မြန်မာနိုင်ငံမှာတော့ အောက်ကအတိုင်း တွေ့ရှိရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု

မြန်မာနိုင်ငံမှာ အလွန် ရောထွေးနေပြီး ခြားနားမှုများစွာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခု ရှိနေပါတယ်။ အဲဒါတွေကတော့

  • ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထောက်ပံ့ပေးထားတဲ့ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု စနစ်
  • လူမှုဖူလုံရေးစာရင်းဝင်ထားတဲ့ ပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ လူမှုဖူလုံရေးအဖွဲ့ စနစ် (SSB စနစ်)
  • အချို့ဝန်ကြီးဌာနတွေမှာ ရှိတဲ့ အစိုးရဝန်ထမ်းတွေကို ထောက်ပံ့တဲ့ အထူးကျန်းမာရေး စောင့်ရှောက်မှု (ဥပမာ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန အစရှိသဖြင့်)
  • နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းက ကျန်းမာရေးအာမခံမှတဆင့် အထောက်အပံ့ပေးထားတဲ့ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု (Myanma Insurance 2019) ဒါမှမဟုတ် တခြား ပုဂ္ဂလိကအာမခံဝန်ဆောင်မှုတွေ
  • စက်ရုံတွေ နဲ့ လုပ်ငန်းခွင်ကြီးတွေမှာ ရှိတဲ့ အလုပ်ရှင်က ထောက်ပံ့တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ(Occupational Safety and Health Laws 2019)
  • ပရဟိတအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ ဘုန်းကြီးကျောင်းတွေက ထောက်ပံ့ပေးတဲ့ အကျိုးမြတ်မယူတဲ့ စောင့်ရှောက်မှု(MIMU 2019)

အကျိုးခံစားခွင့်တွေနဲ့ ထောက်ပံ့ကြေး

ဝန်ထမ်းတွေအတွက် ဆေးဝါးကုသခွင့်နဲ့ မီးဖွားခွင့်လို ရပိုင်ခွင့်နဲ့ ဆက်စပ်တဲ့ ဥပဒေတွေ ရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဥပဒေအရ ဝန်ထမ်းတိုင်းဟာ ဆေးဝါးကုသဖို့အတွက် လစာအပြည့်နဲ့ ရက်ပေါင်း ၃၀ ခွင့်ယူနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ဝန်ထမ်းတွေဟာ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနဲ့ အကျုံးဝင်သည် ဖြစ်စေ မဝင်သည် ဖြစ်စေ ကလေးမမွေးဖွားမီ ရက်သတ္တပတ် ခြောက်ပတ် နဲ့ မွေးဖွားပြီး ရက်သတ္တပတ် ရှစ်ပတ် ကို လစာဖြတ်တောက်ခြင်း မခံရဘဲ ခွင့်ရယူနိုင်ပါတယ်။ မသန်စွမ်းသူ၊ အလုပ်လက်မဲ့နဲ့ အသက်ရှင်ကျန်ရစ်သူတို့ရဲ့ ခံစားခွင့်တွေကိုတော့ အဆိုပါ လူမှုဖူလုံရေးဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားပြီး ခံစားခွင့်တွေ ရရှိဖို့ဆိုရင် SSB စနစ်ထဲကို ထည့်ဝင်ထားသူတွေ ဖြစ်ရပါမယ်။

ပင်စင်များ

လက်ရှိ မြန်မာနိုင်ငံမှာ အသက်အရွယ်ကြီးမြင့်သူတွေအတွက် ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ နိုင်ငံတော်က ပေးအပ်တဲ့ သက်ကြီးရွယ်အိုထောက်ပံ့ငွေ ရှိပြီး အဆိုပါ ထောက်ပံ့ငွေဟာ အသက် ၈၅ နှစ် အထက် သက်ကြီးရွယ်အိုတွေကို ထောက်ပံ့တာဖြစ်ပြီး တစ်လ ကျပ် ၁၀,ဝ၀ဝ ‌ထောက်ပံ့ပါတယ်။ အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို ထောက်ပံ့ပေးတဲ့ နိုင်ငံတော်ပင်စင်စနစ်တွေလည်း ရှိပါတယ်။ လူမှုဖူလုံရေးဥပဒေ အရဆိုရင် SSB စနစ်ထဲကို ထည့်ဝင်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ပင်စင် ထောက်ပံ့ဖို့ ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ စတင်နိုင်ခြင်း မရှိသေးပါ။

လူမှုဖူလုံရေးအဖွဲ့ ဆိုတာ ဘာလဲ

SSB အဖွဲ့က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ တည်ထောင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေကို စီမံခန့်ခွဲရပါတယ်။ အဲဒီရန်ပုံငွေဟာ ဝန်ထမ်းတွေ၊ အလုပ်ရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ တည်ထောင်ထားတဲ့ လူမှုဖူလုံရေး စနစ်တစ်ခုဖြစ်ပါတယ်။ အလုပ်ရှင်ဖြစ်သူက ဝန်ထမ်းလစာရဲ့ နှစ်ရာခိုင်နှုန်းကို ထိန်းသိမ်းထားပြီး အဲဒီဝန်ထမ်းလစာရဲ့ သုံးရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို အလုပ်ရှင်က စိုက်ထုတ်ပြီး လူမှုဖူလုံရေးရန်ပုံငွေထဲ ထည့်ဝင်ရတာ ဖြစ်ပါတယ်။ ဒီစနစ်က သတ်မှတ်ထားတဲ့ လုပ်ငန်းအရွယ်အစားရှိတဲ့ အစိုးရ နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ရှိတဲ့ သူတိုင်း မဖြစ်မနေ ထည့်ဝင်ရမှာ ဖြစ်ပေမယ့် အခြား အလုပ်ရှင်တွေ ဒါမှမဟုတ် ကိုယ်ပိုင်အလုပ်လုပ်သူတွေကတော့ မဖြစ်မနေ ထည့်ဝင်ဖို့ မလိုပါဘူး။

ဒီလို ထည့်ဝင်ထားတဲ့အတွက် SSB စနစ်ထဲမှာ မှတ်ပုံတင်ထားသူတွေဟာ (ကိုဗစ်-၁၉ ကို အကြောင်းပြုပြီး မမျှော်လင့်ဘဲ စက်ရုံပိတ်သိမ်းခံရခြင်းကြောင့်ကဲ့သို့သော) အလုပ်လုပ်နိုင်စွမ်း မရှိတော့တာအတွက် ထောက်ပံ့ကြေး နဲ့ သက်ပြည့်ပင်စင် (superannuation) တွေလို အကျိုးခံစားခွင့်တွေ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်ပါတယ်။ ဒီစနစ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ လက်အောက်က အစိုးရဌာနတစ်ခုဖြစ်တဲ့ SSB အဖွဲ့ က ကြီးကြပ်တာ ဖြစ်ပါတယ်။

SSB အဖွဲ့ဟာ အဆိုပါ စနစ်အောက်က ဝန်ဆောင်မှုတွေကို ပေးဖို့ တာဝန်ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတဝန်းမှာ ဆေးရုံ လေးခုနဲ့ (အလုပ်သမားဆေးခန်းလို့ ခေါ်တဲ့) ဆေးခန်း ၉၆ ခုကို တာဝန်ယူ စီမံပါတယ်။ မကြာသေးခင်က အဖွဲ့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ရန်ကုန်က Care Well Medical လို ပုဂ္ဂလိကကုမ္ပဏီ အချို့နဲ့ သဘောတူ စာချုပ်တွေ ချုပ်ဆိုခြင်းကို စတင်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။(Frontier 2018)

SSB စနစ်ဟာ ကောင်းမွန်ပုံ ပေါ်ပါတယ်၊ ဒါဆို ဘာကြောင့် ပြန်သုံးသပ်ဖို့လိုနေရသေးတာလဲ

SSB အဖွဲ့ဟာ ရန်ပုံငွေ ကောက်ခံရရှိတဲ့ ပမာဏထက် အများကြီး လျော့နည်း သုံးစွဲတယ်ဆိုတာကို တော်တော်များများ သိပြီးကြပါပြီ။ အာနန္ဒာအဖွဲ့ရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်အရ ၂၀၁၇/၁၈ ခုနှစ်မှာ SSB အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကထက် ကိုးဆကျော် ငွေကောက်ခံနိုင်ခဲ့ပြီး သုံးစွဲတဲ့ နေရာမှာတော့ ငါးဆ လောက်သာ ပိုသုံးခဲ့တာကို တွေ့ရပါတယ်။ ဆိုလိုတာက SSB အဖွဲ့ဟာ ရန်ပုံငွေ အများအပြားကို စုဆောင်းမိနေတာဖြစ်ပြီး ဒီအချက်ကို သုံးသပ်လေ့လာဖို့ လိုပါတယ်။ SSB အဖွဲ့ဟာ နှစ်စဉ် ကျပ်ငွေ ၃ ဘီလီယံ ခန့် ကောက်ခံရရှိနေပေမယ့် သုံးစွဲမှုကတော့ များစွာ နည်းပါးလှပါတယ်။ ဒါ့ကြောင့် သူ့ကို ထောက်ပံ့ကြေးပေးမှု နည်းပါးခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းခြင်းတို့အတွက် ဝေဖန်နေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရတဲ့ အလုပ်သမားတွေကို အစိုးရကနေ မထောက်ပံ့နိုင်တာကို ကြည့်ရင် ဒီငွေပိုလျှံနေမှုကို ဆန်းစစ်ဖို့ လိုလာပါတယ်။ ထိခိုက်ခဲ့ရတဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ငွေအင်အားဟာ လုံလောက်တာထက် ပိုနေတယ်ဆိုရင် ဒီငွေတွေကို ထောက်ပံ့ဖို့ ဘာကြောင့် မသုံးရသလဲ ဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။ လူမှုဖူလုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်ကနေ တွက်ကြည့်ရင် ဆိုခဲ့ပါ စနစ်ကို အကောင်အထည်ဖော်ဖို့ အချိန် များစွာ ရရှိခဲ့ပါတယ်။

SSB အဖွဲ့မှာ ဒီလို ငွေကြေး အများအပြား စုဆောင်းမိနေတာကို ရှင်းပြပေးကောင်းပေးနိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

  • SSB အဖွဲ့ဟာ ဝန်ဆောင်မှု အသစ်တွေ ပေးအပ်နိုင်ဖို့အတွက် သြဇာအာဏာ မရှိပါဘူး။ ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဈေးကွက်သဘောအရ ယှဉ်ပြိုင်နိုင်တဲ့ လစာ ပေးနိုင်ခြင်း မရှိပါဘူး။
  • SSB အဖွဲ့ဟာ လူမှုဖူလုံရေး အစီအစဉ်မှာ ပါဝင်တဲ့ သက်ကြီးပင်စင် ထောက်ပံ့ခြင်းလို အချို့ အချက်တွေကို စတင် ကျင့်သုံးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ငွေတွေကို အမြောက်အများ သုံးစွဲနိုင်မှု မရှိသေးတာ ဖြစ်ပါတယ်။
  • SSB အဖွဲ့ဟာ ရှေးကျနေပြီဖြစ်တဲ့ စာရွက်အခြေပြု မှတ်တမ်းမှတ်ရာတွေကနေ စနစ် အဆင့်မြှင့်တင်ဖို့နဲ့ လုပ်ငန်းစဉ် ပိုကောင်းစေဖို့ နည်းပညာသစ်တွေနဲ့ ဆောင်ရွက်နေဆဲပဲ ရှိနေပါသေးတယ်။(Frontier 2017)

အကြောင်းရင်း ဘယ်လိုပဲ ရှိရှိ၊ ဒီမိုကရေစီ အစိုးရတစ်ရပ်ဟာ ကတိပြုထားတဲ့ ဝန်ဆောင်မှုတစ်ခု ကျရှုံးနေတယ်ဆိုရင်တော့ တာဝန်ခံရမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရတစ်ရပ်ဟာ ပြည်သူတွေ ရှာဖွေထားတဲ့ ချွေးနည်းစာတွေနဲ့ ဝင်ငွေခွန် အပြင် မဖြစ်မနေ ထည့်ဝင်ရတဲ့ ဒီလို လူမှုရေး အာမခံစနစ်အတွက် အောင်မြင်အောင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးဥပဒေကို ထောက်ကူဖို့ လုပ်ဆောင်ရာမှာ အောက်ပါ မူဝါဒ ဆုံးဖြတ်ချက်တွေကို တွေ့နိုင်ပါတယ်။

  • (အစိုးရရဲ့ ပင်မဝင်ငွေများထဲမှ မဟုတ်ဘဲ) ဝန်ထမ်းတွေနဲ့ အလုပ်ရှင်တွေထံက ထပ်ဆောင်းထည့်ဝင်ငွေတွေ နဲ့ လူမှုဖူလုံရေး စနစ်တစ်ခုကို ထူထောင်ခြင်း
  • SSB အဖွဲ့ကို ရန်ပုံငွေကောက်ခံစေခြင်းနဲ့ စနစ်ကို ကြီးကြပ်ကွပ်ကဲစေခြင်း အပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးတဲ့ အေဂျင်စီတစ်ခု အနေနဲ့ပါ ထူထောင်ထားခြင်း
  • (ပုဂ္ဂလိက ဒါမှမဟုတ် အစိုးရဌာနဆိုင်ရာ လုပ်ငန်းကြီးတွေလို) အချို့ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို ပေးဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု နဲ့ လူမှုစောင့်ရှောက်ရေးတွေအတွက် နောက်ထပ် အလွှာတစ်ခု အဖြစ် လည်ပတ်ခြင်း

အခြားနိုင်ငံများမှာ လူမှုဖူလုံရေး အစီအစဉ်ကို ဘယ်လို လည်ပတ်ကြသလဲ

SSB စနစ်ကို လေ့လာအကဲဖြတ်ဖို့ နဲ့ အလုပ်သမားတွေ လိုအပ်တဲ့ ဝန်ဆောင်မှု မပေးနိုင်တာကို နားလည်သဘောပေါက်ဖို့ ရည်ရွယ်ချက်နဲ့ ဗြိတိန်၊ အမေရိကန် နဲ့ ဘရာဇီးလ်နိုင်ငံတို့ရဲ့ လူမှုဖူလုံရေးစနစ်တွေကို အကြမ်းဖျင်း လေ့လာကြပါမယ်။

ဗြိတိန်နိုင်ငံ

ဗြိတိန်ဟာ လူမှုဖူလုံရေး နိုင်ငံတော် (welfare state) ဆိုတဲ့ သဘောတရားကို ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်တွေမှာ အစိုးရဟာ နိုင်ငံသားတိုင်း မဖြစ်မနေ ထည့်ဝင်ရမယ့် အာမခံစနစ်တစ်ခုကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီအာမခံစနစ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်လက်မဲ့နဲ့ အငြိမ်းစား အကျိုးခံစားခွင့်တွေ ပါဝင်ပါတယ်။

အမျိုးသားအာမခံထည့်ဝင်ငွေတွေ (National Insurance Contributions, NICs) ကို အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေက ထည့်ဝင်ရပြီး ဘဏ္ဍာရေးဝန်ကြီးဌာန (တနည်း ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာန) လက်အောက်က အခွန်နဲ့ အကောက်ခွန် ဌာနက ကောက်ခံပါတယ်။ ထည့်ဝင်မှုတွေထဲက တချို့ကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (National Health Service, NHS) ကို လွှဲပြောင်းပေးပြီးတော့ ကျန်ရှိတဲ့ ထည့်ဝင်ငွေတွေကတော့ အမျိုးသားအာမခံရန်ပုံငွေ (National Insurance Fund, NIF) ထဲကို သွားပါတယ်။ အဲဒီအာမခံရန်ပုံငွေကို နိုင်ငံတော် ပင်စင်ပေးဖို့ နဲ့ အလုပ်လက်မဲ့၊ မသန်စွမ်းသူတွေကို ထောက်ပံ့ပေးဖို့အတွက် သုံးပါတယ်။ ပိုလျှံနေသေးရင်တော့ နိုင်ငံရဲ့ ကြွေးမြီတွေ လျှော့ချရာမှာ အသုံးပြုဖို့ အစိုးရချေးငွေတွေကို စီမံကိုင်တွယ်ရတဲ့ အထူးငွေတိုက်ဌာနကို လွှဲပြောင်းပေးပါတယ်။

မြန်မာနိုင်ငံရဲ့ SSB နဲ့ နှိုင်းယှဉ်တဲ့အခါမှာ တွေ့ရှိရတဲ့ ဗြိတိန်စနစ်ရဲ့ အဓိက အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • ဗြိတိန်ဟာ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု သဘောတရားကို လက်ခံ ကျင့်သုံးပါတယ်။ NIF ထဲကို ထည့်ဝင်တာဖြစ်ဖြစ် မထည့်ဝင်တာဖြစ်ဖြစ် ‘ဝန်ဆောင်မှု ရယူချိန်မှာအခမဲ့’ ဖြစ်ပါတယ်။ NIF ဟာ SSB အဖွဲ့လို ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ဆောင်မှုကို ကိုယ်တိုင် ပေးတာမျိုး မလုပ်ပါဘူး။ အဲဒီအစား NHS ကိုသာ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်နဲ့ ငွေကြေးထောက်ပံ့မှု ပြုလုပ်ပါတယ်။
  • အကျိုးခံစားခွင့် ရရှိဖို့ကလည်း လူတစ်ဦးက လက်ရှိ ဒါမှမဟုတ် အရင်က အမျိုးသားအာမခံစနစ်ထဲကို ငွေကြေးထည့်ဝင်ခဲ့ခြင်း ရှိမရှိနဲ့ ချိတ်ဆက်ထားတာမျိုး မဟုတ်ဘဲ လူတိုင်း ခံစားနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အလုပ်မလုပ်နိုင်တော့ကြောင်း ဒါမှမဟုတ် အလုပ်ရရှိဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ကျေနပ်လောက်အောင် သက်သေပြဖို့တော့ လိုအပ်ပါတယ်။
  • နိုင်ငံတော် ပင်စင်ကတော့ လူတစ်ဦးရဲ့ NICs မှတ်တမ်းပေါ် မူတည်ပါတယ်။ အဲဒီပင်စင်ကို ခံစားနိုင်ဖို့အတွက်ဆိုရင် NICs ထဲကို ဆယ်နှစ် ထည့်ဝင်ဖို့ လိုအပ်ပါတယ်။
  • ဝင်ငွေခွန် ကောက်ခံခြင်းနဲ့ သီးခြား ကင်းလွတ်စွာ စီမံခန့်ခွဲနေပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ အဆိုပါ NICs ထဲ ထည့်ဝင်ခြင်းကို ဗြိတိန်နိုင်ငံသားတွေက 'နောက်ထပ် အခွန်တစ်ခု' အဖြစ် ရှုမြင်လာကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ချိတ်ဆက်ထားတာကလည်း တဖြည်းဖြည်း အားနည်းလာပါတယ်။ NHS ဟာ သူ့ရဲ့ ရန်ပုံငွေအများစုကို အထွေထွေ အခွန်အကောက်တွေက ရရှိနေတာ ဖြစ်ပါတယ်။
  • NIF ရဲ့ ဘတ်ဂျက်ပိုငွေတွေကို မြန်မာနိုင်ငံရဲ့ SSB အဖွဲ့လို ဘဏ်မှာ အပ်နှံထားတာမျိုး မလုပ်ဘဲ ငွေတိုက်ဌာနကို ပြန်လည်ပေးအပ်ပြီး နိုင်ငံ့ဘဏ္ဍာကို ကူထိန်းပေးရပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ အလားတူ လွှဲပြောင်းပေးမှုမျိုး ရှိရင် ကျန်းမာရေးဝန်ကြီးဌာနဟာ အဆိုပါ များပြားလှတဲ့ ငွေတွေကို ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးမှု၊ ရပ်ကွက်ဆေးခန်း ဒါမှမဟုတ် သူနာပြုတွေရဲ့ ဝန်ဆောင်မှုကဏ္ဍတွေအတွက် ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲရာမှာ တစ်ဦးချင်း အနေအထားအရဖြစ်စေ(World Bank 2016)၊ GDP အချိုးအစားအရဖြစ်စေ(World Bank 2016) ကမ္ဘာ့ ဈေးအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိတဲ့ အမေရိကန်နိုင်ငံကို လေ့လာဖို့ သင့်ပါတယ်။

အမေရိကန်နိုင်ငံဟာ အခြားချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေလို အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မရှိဘဲ ရှုပ်ထွေးရောထွေးနေတဲ့ စနစ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

  • အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုတွေနဲ့ အချို့ မသန်စွမ်းသူတွေကို ထောက်ပံ့ပေးတဲ့ Medicare ခေါ် ပြည်သူ့ကျန်းမာရေးအာမခံစနစ်
  • အစိုးရဝန်ထမ်းတွေအတွက် သီးသန့်ရည်ရွယ်တဲ့ ပြည်သူ့ကျန်းမာရေးအာမခံစနစ်
  • Medicaid လို့ သိကြတဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်
  • ပုဂ္ဂလိကကျန်းမာရေးအာမခံစနစ်

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရရန်ပုံငွေကို အလုပ်ရှင်တွေဆီက ကောက်ခံရရှိတဲ့ လစာခွန် (payroll tax) တွေကနေ ရရှိပါတယ်။ အသက် ၆၅ နှစ်အောက် ဒါမှမဟုတ် Medicaid နဲ့ အကျုံးမဝင်သူတွေဟာ သူတို့ရဲ့ အလုပ်ရှင်တွေဆီကဖြစ်စေ ကိုယ်တိုင်ဝယ်ယူခြင်းဖြင့်ဖြစ်စေ ပုဂ္ဂလိကကျန်းမာရေးအာမခံကို ရယူရပါတယ်။ အဲ့လိုမှမဟုတ်ရင် ကျန်းမာရေးစောင့်‌ရှောက်မှု ရယူဖို့ လိုအပ်လာချိန်မှာ ကိုယ်ပိုင်ပိုက်ဆံကို သုံးစွဲရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအာမခံကို ဘယ်လိုပဲ ယူယူ ကျန်းမာရေးဝန်ဆောင်မှု ရယူရာမှာ ‘ငွေကြေးထပ်မံစိုက်ထုတ်ရမှု’ သိသိသာသာကို အမြဲလိုလို ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဖြစ်တဲ့အပြင် အခြား ချမ်းသာတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းဆောင်ရည်ကလည်း အညံ့ဖျင်းဆုံးတွေထဲက တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။(The Atlantic 2014)

အမေရိကန်နိုင်ငံမှာ လူမှုဖူလုံရေးကိုလည်း လစာခွန်တွေဆီက ရယူတာ ဖြစ်ပြီး များသောအားဖြင့် သက်ကြီးပင်စင်၊ အသက်ရှင်ကျန်ရစ်သူပင်စင် နဲ့ အချို့ မသန်စွမ်းသူတွေကို အကျိုးခံစားခွင့်တွေ ပေးအပ်ပါတယ်။ လူမှုဖူလုံရေးအက်ဥပဒေအရ တည်ထောင်ထားတဲ့ ရန်ပုံငွေ (trust fund) ဟာ ပင်စင်နဲ့ အခြားခံစားခွင့်တွေကို ပေးဖို့ ဖြစ်ပါတယ်။ ဝင်ငွေအနိမ့်ဆုံးနဲ့ ရပ်တည်နေသူတွေအတွက် အကာအကွယ်တွေ ထားရှိပေးပေမယ့် လူတစ်ဦးချင်းစီကနေ ရယူနိုင်တဲ့ အကျိုးခံစားခွင့် အတိုင်းအတာဟာ သူတို့ရဲ့ စနစ်ထဲကို ထည့်ဝင်ခဲ့တဲ့ ပမာဏအပေါ် မူတည်ပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေအတွက်တော့ trust fund အပြင် ဗဟိုအစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရတို့က ထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေး အစီအစဉ်တွေလည်း ရှိပြီး ပညာရေး၊ အိုးအိမ် နဲ့ အစားအစာ ရရှိစေဖို့ အကူအညီပေးပါတယ်။

မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပါက အမေရိကန်စနစ်ရဲ့ ထူးခြားချက်များက -

  • အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မရှိတဲ့အတွက်ကြောင့် အမေရိကန်ပြည်သူအများအပြားဟာ ကျန်းမာရေးအာမခံ မရှိကြပါဘူး။ အဲဒီလို ကျန်းမာရေးအာမခံ မရှိတဲ့အတွက် ခန့်မှန်းခြေအားဖြင့် တစ်နှစ်ကို လူပေါင်း ၄၅,၀ဝ၀ ခန့် သေဆုံးနေရတယ်လို့ သိရှိရပါတယ်။(The Harvard Gazette 2009)
  • အမေရိကန်စနစ်က ဈေးအကြီးဆုံးဖြစ်သလို အခြားချမ်းသာတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက စွမ်းဆောင်ရည် အညံ့ဆုံးလည်း ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာက အဆင်းရဲဆုံး လူတွေအတွက် သင့်တော်တဲ့ လုံခြုံမှုကွန်ရက် မရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ရယူတဲ့အခါမှာ ငွေကြေးထပ်မံစိုက်ထုတ်ရမှု မြင့်မားခြင်း၊ ဆေးကုသမှုနဲ့ ဆေးဝါး ကုန်ကျစရိတ် မြင့်မားတာကို ခွင့်ပြုတဲ့ စျေးကွက်အခြေပြုစနစ်ရဲ့ အမြတ်ရှေးရှုခြင်း စတာတွေကြောင့် ဖြစ်တယ်လို့ လူအများအပြားက ယူဆကြပါတယ်။
  • စနစ်ဟာ လွန်စွာရှုပ်ထွေးတာကြောင့် လူအများအပြားဟာ အစိုးရနဲ့ ပုဂ္ဂလိကထံက အာမခံအစီအစဉ်အမျိုးမျိုးအတွက် ငွေကြေး ပေးဆောင်နေရပါတယ်။
  • ဗြိတိန်နိုင်ငံရဲ့ စနစ်လိုပဲ နိုင်ငံပိုင် trust fund တွေက ထွက်ပေါ်လာတဲ့ မလိုအပ်တော့တဲ့ ပိုလျှံငွေတွေကို နိုင်ငံ့ဘဏ္ဍာထဲကို ပြန်လည် ရင်းနှီးမြှုပ်နှံပါတယ်။

ဘရာဇီးလ်နိုင်ငံ

ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အစိုးရက ထောက်ပံ့မှု ပေးတဲ့ အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိပြီး နိုင်ငံတဝန်းရှိ ပြည်သူအားလုံးကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ရှိနေပေမယ့်လည်း နေရာဒေသ အတော်များများမှာ အရည်အသွေး ညံ့ဖျင်းတာကြောင့် ငွေကြေးတတ်နိုင်သူတွေအတွက် ပုဂ္ဂလိက ကျန်းမာရေးအာမခံစနစ်ဟာ ဘရာဇီးလ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ နိုင်ငံရဲ့ စနစ်အနေနဲ့ အဓိက စိန်ခေါ်မှု နှစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။

ပထမတစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှုကို အလွန်အမင်း လျှော့ချထားတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ အားလုံးကို လွှမ်းခြုံနိုင်တဲ့၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ ဝန်ဆောင်မှုကို ပေးဖို့ ရည်ရွယ်ထားပေမယ့်လည်း ဝန်ဆောင်မှု အရည်အသွေးတွေ များစွာ ကွာခြားသွားမှုဘက်ကို ဦးတည်စေခဲ့ပါတယ်။ ဝေးလံတဲ့ ဒေသတွေနဲ့ ဆင်းရဲတဲ့ ဒေသတွေမှာ နေထိုင်သူတွေက ဒီအချက်ကြောင့် များစွာ ခံစားခဲ့ရပါတယ်။

ဒုတိယအနေနဲ့ စနစ်ဟာ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ စီးပွားရေးနှေးကွေးမှု နဲ့ အစိုးရ ကြွေးမြီတွေကို ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် ချမှတ်ခဲ့ရတဲ့ ချွေတာရေး မူဝါဒတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် ရန်ပုံငွေဟာ များစွာ ကျဆင်းခဲ့ရပါတယ်။

ဘရာဇီးလ်နိုင်ငံရဲ့ လူမှုဖူလုံရေး အစီအစဉ်တွေထဲက အထူးခြားဆုံးတစ်ခုက ဘိုဆာ ဖမ်မလီယာ (Bolsa Familia) စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းဟာ ဆေးဝါးကုသတဲ့ ဒါမှမဟုတ် ကျောင်းတက်နေတဲ့ ကလေးငယ်တွေရဲ့ ဆင်းရဲတဲ့ မိသားစုတွေကို တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ လူမှုရေး အကာအကွယ်ပေးအစီအစဉ်တွေ၊ နိုင်ငံတော် ပင်စင်တွေ၊ ကျေးလက်ပင်စင် ခေါ် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ခဲ့တဲ့ အသက် ၆၀ ပြည့် လယ်သမားတွေကို ပေးတဲ့ ပင်စင်နဲ့ အခြား ဆင်းရဲသား မိသားစုတွေအတွက် စမ်းသပ်ဆဲ ပင်စင် အစီအစဉ်တွေလည်း ရှိပါတယ်။

ရယူနိုင်တဲ့ သင်ခန်းစာတွေက အောက်ကအတိုင်း ဖြစ်ပါတယ်။

  • ဘရာဇီးလ်နိုင်ငံက ညွှန်ပြနေတာမှာ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ကို အထွေထွေ အခွန်အကောက်တွေနဲ့ ထောက်ကူထားရာကနေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပြီး၊ အထူးသဖြင့်တော့ ဒီလို စနစ်မျိုးဟာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း ကျရောက်တဲ့ အချိန်အခါမျိုးမှာ ထိခိုက်လွယ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီလို ထိခိုက်လွယ်မှုဟာ လူမှုစီးပွားမညီမျှမှု မြင့်မားတာ နဲ့ စစ်အာဏာရှင်စနစ်က အသွင်ပြောင်းမှု ဆယ်စုနှစ်များစွာ ကြာတာ စတဲ့ အချက်တွေကြောင့် ပိုပြီး ဆိုးရွားလာပါတယ်။
  • အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် သဘောတရားဟာ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဖယ်ဒရယ် စနစ်မှာ ထိန်းသိမ်းရ အလွန်ခက်ခဲပါတယ်။ ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ ဒါမှမဟုတ် ဖယ်ဒရယ် စနစ်တစ်ခုမှာ အဓိက အန္တရာယ်က ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲအချော်တွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်တာကြောင့် အဆင်းရဲဆုံး ဒေသတွေ (ဆိုလိုတာက နိုင်ငံရေးဖြစ်စဉ်မှာ ကိုယ်စားပြုမှု အနည်းဆုံး ရရှိထားတဲ့ ဒေသတွေ) က ပြည်သူတွေဟာ သင့်တော်မှု မရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားရမှာ ဖြစ်ပါတယ်။
  • Bolsa Familia စီမံကိန်းလိုပဲ နိုင်ငံတော်က ထောက်ပံ့တဲ့ လူမှုဖူလုံရေးကို လိုအပ်ချက်ပေါ် အခြေခံပြီး ပေးအပ်နိုင်ပါတယ်။ ဥပမာ ရန်ပုံငွေ ထည့်ဝင်ခဲ့ခြင်း ရှိမရှိကို ကြည့်မယ့်အစား အလုပ်က အနားယူရမယ့် အရွယ်ရောက်နေတဲ့ ဆင်းရဲတဲ့ ပြည်သူတွေ ဒါမှမဟုတ် ကျေးလက်နေပြည်သူတွေကို အကူအညီ ပေးတာလိုမျိုး ဖြစ်ပါတယ်။

အထက်ပါ ဥပမာတွေထဲကနေ ဘယ်လို ကောက်ချက်တွေ ချနိုင်သလဲ

၁။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ - ၂၀၂၁ အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Plan, NHP) (Myanmar National Health Plan 2016) ဟာ ၂၀၃၀ ခုနှစ်မှာ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုကို ရောက်ရှိဖို့ ဦးစားပေးထားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ရည်မှန်းချက်ကို ရရှိဖို့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန တို့ဟာ တူညီတဲ့ နားလည်မှုတွေ ရရှိထားခြင်း ရှိမရှိ မသေချာပါဘူး။ SSB အဖွဲ့ဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထောက်ပံ့ပေးထားတဲ့ ပြည်သူ့ဆေးရုံတွေ၊ ကျန်းမာရေးစင်တာတွေနဲ့ သီးခြားကင်းလွတ်တဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကို ထူထောင်ထားပါတယ်။ ဒီလို ဝန်ကြီးဌာနနှစ်ခုရဲ့ အလုပ်ချင်းထပ်နေတာကို ဖယ်ရှားနိုင်မယ်ဆိုရင် ကုန်ကျစရိတ်တွေ သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ SSB အဖွဲ့အနေနဲ့ ကောက်ခံရရှိထားတဲ့ ရန်ပုံငွေထဲက တချို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်ရုံနဲ့ လူမှုဖူလုံရေးကတ်ပြား ရရှိထားသူတွေဟာ ကျန်းမာရေးဝန်ဆောင်မှုကို အခမဲ့ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် သဘောတရားကို ကျင့်သုံးနိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကြီးတွေရဲ့ ဝန်ထမ်းတွေကို အထူး အခွင့်အရေးပေး ကုသခြင်း မဟုတ်တော့ဘဲ NHP စီမံကိန်းရဲ့ ဆင်းရဲသား လူတန်းစားတွေကို ဦးစားပေးလိုတဲ့ ရည်ရွယ်ချက်ကိုလည်း ကူညီပေးရာ ရောက်ပါလိမ့်မယ်။

၂။ အဲဒီလိုပဲ SSB အဖွဲ့အောက်က အလုပ်လက်မဲ့/မသန်းစွမ်းမှု ထောက်ပံ့ကြေး နဲ့ အငြိမ်းစားပင်စင် တွေဟာ လူမှုဖူလုံရေး၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရဲ့ ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်နေခြင်း ရှိမနေတာကိုလည်း တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အသစ် ပြန်လည်ရေးဆွဲထားတာကို ခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးသလို မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀) မှာလည်း SSB အဖွဲ့ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။ SSB အစီအစဉ်ဟာ အခြား အစိုးရမူဝါဒတွေနဲ့ ချိတ်ဆက်မှု ရှိမနေဘဲ သီးခြား ကင်းလွတ်နေတာကြောင့် တာဝန်ခံရမှု အပိုင်းလည်း ပျောက်နေပါတယ်။ နောက်ပြီး အစိုးရရဲ့ လခစား ဝန်ထမ်းတွေနဲ့ စည်းမျဉ်း‌ဘောင်အတွင်းရှိ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေဟာ အကျိုးခံစားခွင့်တွေ ရှိနေပြီးတော့ စည်းမျဉ်းဘောင်ပြင်ပ ဒါမှမဟုတ် အသေးစား လုပ်ငန်းတွေက လုပ်သားတွေအတွက်တော့ အဆိုပါ ခံစားခွင့်တွေ ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် SSB ဟာ ဆင်းရဲသားတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ် တစ်ခုမဟုတ်ဘဲ အဆိုပါအစီအစဉ်ကိုတောင် ဆန့်ကျင်နေသလိုတောင် ဖြစ်နေပါတယ်။

၃။ လုပ်ငန်းတာဝန်ထပ်နေတာကို လျော့ချဖို့နဲ့ အားလုံးကို လွှမ်းခြုံနိုင်ပြီး ဆင်းရဲသားတွေကို အကျိုးပြုတဲ့ စနစ်တစ်ခု ဖန်တီးဖို့အတွက် ရေရှည် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မယ်ဆိုရင် SSB အဖွဲ့ကို ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။ လူမှုဖူလုံရေး ထည့်ဝင်ငွေ ကောက်ခံရမယ့် တာဝန်ကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီးဌာနကို လွှဲအပ်လိုက်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ လူမှုဖူလုံရေး၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့ကို ပေးအပ်ကာ ကျန်းမာရေးနဲ့ လူမှုရေးဖူလုံမှု လုပ်ငန်းတွေကို သီးခြားစီ လုပ်ဆောင်ကြဖို့ တာဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။

၄။ SSB အဖွဲ့ရဲ့ ကောက်ခံရရှိတဲ့ ငွေတွေထဲက ပိုလျှံငွေတွေကို မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံပြီး အတိုးရယူနေတဲ့ နည်းလမ်းဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို ထိရောက်စွာ သုံးစွဲခြင်းလို့ မခေါ်နိုင်ပါဘူး။ ဒါဟာ SSB အဖွဲ့အနေနဲ့ သူ့ရဲ့ ဝန်ဆောင်မှု တိုးတက်စေဖို့အတွက် ပိုလျှံငွေကို ထပ်မံရင်းနှီးမြှုပ်နှံဖို့ မက်လုံးလဲ ဖြစ်မလာ‌စေပါဘူး။ နောက်ပြီး ကိုရိုနာဗိုင်းရပ်စ်လို အရေးပေါ်အခြေအနေမှာ ထိခိုက်နစ်နာတဲ့ သူတွေအတွက် ရန်ပုံငွေကို လွှဲပြောင်းသုံးစွဲရာမှာလည်း မက်လုံး ဖြစ်လာစေမှာ မဟုတ်ပါဘူး။ ဗြိတိန် နဲ့ အမေရိကန် နိုင်ငံတို့ရဲ့ ပုံစံလို ဘတ်ဂျက်ပိုငွေတွေကို ပြည်ထောင်စု အစိုးရထံ ပြန်ပေးပြီး လိုအပ်နေတဲ့ နေရာတွေမှာ ပြန်လည် အသုံးချတာဟာ ပိုအကျိုးရှိပါမယ်။

၅။ SSB အဖွဲ့နဲ့ ဆက်စပ်တဲ့ ဘတ်ဂျက် ဒါမှမဟုတ် ဘဏ်အကောင့်တွေဟာ ပွင့်လင်းမြင်သာမှု ရှိသင့်ပြီး ပြည်သူလူထုကို ကြည့်ရှုခွင့် မပေးဘူးဆိုရင် သံသယ ထားသင့်ပါတယ်။ ဘာလို့ အချက်အလက်တွေကို အများပြည်သူကို ချမပြရတာလဲ။ ပြည်သူ့ဘဏ္ဍာဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေဟာ ပြည်သူပိုင် ဖြစ်ပါတယ်။(Frontier 2018)

၆။ နောက်ထပ်ပြုပြင်ပြောင်းလဲသင့်တာက မြန်မာနိုင်ငံမှာ ရှိတဲ့ ကျန်းမာရေး နဲ့ လူမှုဖူလုံရေးစနစ်တွေရဲ့ ရှုပ်ထွေးမှုတွေကို ဖြေထုတ်ဖို့ ဖြစ်တယ်။ နိုင်ငံရဲ့ အခြားကဏ္ဍတွေလိုပဲ ကျန်းမာရေးစောင့်ရှောက်မှုဟာ မတူညီတဲ့ အယူအဆတွေ၊ ကွဲပြားတဲ့ ချည်းကပ်ပုံတွေကို ကိုင်စွဲထားတဲ့ ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေ ပါဝင်တဲ့ နယ်ပယ်တစ်ခု ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့ နမူနာဟာ ဒီလို ရှုပ်ထွေးလှတဲ့ စနစ်က ဘယ်လောက် ကုန်ကျစရိတ် ကြီးမားစေတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေပြီး၊ အထူးသဖြင့် ကောင်းမွန်စွာ ထိန်းကျောင်းခြင်းမခံရတဲ့ ပုဂ္ဂလိကကဏ္ဍတွေပါ ထပ်ဆောင်း ပါဝင်နေတာကို ဆင်ခြင်ကြည့်နိုင်ပါတယ်။

၇။ အစိုးရဟာ အချက်အလက်တွေကို ကောင်းကောင်း အသုံးချသင့်ပါတယ်။ ဒါမှလည်း အမှန်တကယ် လိုအပ်နေသူတွေကို ဦးတည်တဲ့ ကျန်းမာရေး နဲ့ လူမှုဖူလုံရေး ဆက်စပ် အစီအစဉ်တွေအတွက် ရန်ပုံငွေ ခွဲတမ်း ချပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖက်ဒရယ်စနစ်တစ်ရပ်မှာဆိုရင် ဆင်းရဲတဲ့ ဒေသတွေကို သတ်မှတ်အနေအထားတစ်ခုဆီ ရောက်ရှိဖို့ ဘဏ္ဍာငွေ ခွဲဝေရာမှာ အထူးဂရုဓမ္မ ရှိရပါမယ်။ မူဝါဒဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အချက်အလက်၊ အစီရင်ခံစာတွေ နဲ့ အခြားသတင်းအချက်အလက်တွေ ပွင့်လင်းမှု ရှိတာက ဘဏ္ဍာငွေဖြန့်ဝေရာမှာ ညီမျှမှု ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


References

Frontier (2017) https://frontiermyanmar.net/en/workers-welcome-changes-to-social-security-system

Frontier (2018) https://frontiermyanmar.net/en/cashed-up-social-security-board-seeks-autonomy

Myanmar National Health Plan (2016), summary, Burmese and English versions http://themimu.info/node/56816

Myanmar Information Management Unit (MIMU), through its latest ‘3W’ reporting from development agencies working in Myanmar, showed that 79 of the 225 agencies (INGO, NGOs, donors etc) who reported their activities, were working in the health sector in February 2019.(Note the actual number is likely to be far higher, as the MIMU data is based on self-reporting and huge number of organisations working in Myanmar do not report.)

Myanma Insurance http://www.mminsurance.gov.mm/

The Atlantic (2014) U.S. Healthcare: Most Expensive and Worst Performing https://www.theatlantic.com/health/archive/2014/06/us-healthcare-most-expensive-and-worst-performing/372828/

The Harvard Gazette (2009) New study finds 45,000 deaths annually linked to lack of health coverage https://news.harvard.edu/gazette/story/2009/09/new-study-finds-45000-deaths-annually-linked-to-lack-of-health-coverage/

Social Security (Wikipedia) https://en.wikipedia.org/wiki/Social_security

World Bank, Current health expenditure per capita, PPP (current international $) 2016, https://data.worldbank.org/indicator/SH.XPD.CHEX.PP.CD?locations=US

World Bank, Current health expenditure per capita, PPP (current international $) 2016, https://data.worldbank.org/indicator/SH.XPD.CHEX.PP.CD?locations=US