Posted in ဥပဒေရေးရာ သုတေသန on Sep 03, 2019

ဥပဒေမူကြမ်းက ကြက်ခြေနီ၊ လခြမ်းနီနဲ့ ခရစ္စတယ်နီ အမှတ်အသား နဲ့ အမည်နာမတွေကို သုံးစွဲရာမှာ လေးစားမှုရှိစေဖို့ နဲ့ မှန်ကန်စွာသုံးတတ်စေဖို့၊ အလွဲသုံးစားမပြုလုပ်စေဖို့နဲ့ သုံးစွဲရာမှာလည်း အပြည်ပြည် ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွှတ်စေဖို့ ရည်ရွယ်ထားပါတယ်။

ကြက်ခြေနီအမှတ်အသား

ဟင်နရီဒူးနန့်ရဲ့ ဆိုဖာရီနိုသတိရဖွယ် စာအုပ်ထွက်ရှိပြီး နောက်နှစ် ၁၈၆၃ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဖြစ်လာမယ့် အဖွဲ့ဝင် ၅ ဦးဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ပါတယ်။ ၁၈၆၄ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံက အစိုးရကိုယ်စားလှယ်တွေကို ဂျီနီဗာကွန်ဗန်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုး လာစေဖို့ သိမ်းသွင်းနိုင်ခဲ့ပြီး ဒဏ်ရာရစစ်သည်တွေကို ရန်သူမိတ်ဆွေ မခွဲခြားပဲ စောင့်ရှောက်မှုပေးဖို့နဲ့ အဖြူရောင်နောက်ခံ အနီရောင်ကြက်ခြေခတ်ကို ဘက်မလိုက်တဲ့ ကြားနေအမှတ် အသားအဖြစ် အသုံးပြုဖို့ သတ်မှတ်ခဲ့ကြပါတယ်။

ပထမကမ္ဘာစစ်ပြီး ၁၉၂၉ ခုနှစ်က ကျင်းပခဲ့တဲ့ သံတမန်ညီလာခံမှာ တူရကီ၊ ပါရှား နဲ့ အီဂျစ်နိုင်ငံ ကိုယ်စားလှယ်တွေက လခြမ်းနီ၊ ခြင်္သေ့နဲ့ နေဝန်းနီ အမှတ်အသားတွေကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုခဲ့ကြလို့ ညီလာခံကနေ ခွင့်ပြုပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ အီရန်နိုင်ငံဟာ ခြင်္သေ့နဲ့နေဝန်းနီ အမှတ်အသား အသုံးပြုခွင့်ကို စွန့်လွှတ်လိုက်ပြီး လခြမ်းနီကိုသာသုံးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကြားနေအမှတ်အသား နှစ်ခုသာ ကျန်ရှိခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံက အနီရောင်ခရစ္စတယ် အမှတ်အသားကို အသုံးပြုခွင့်ပြုပေးဖို့ တောင်းဆိုတင်ပြလာတာကြောင့် ၂၀ဝ၅ ခုနှစ်မှာ ကျင်းပတဲ့ သံတမန်ညီလာခံက အဆိုပါတံဆိပ်ကို ၁၉၄၉ ခုနှစ်၊ ဂျီနီဗာအများသဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲတတိယစာချုပ်အဖြစ် လက်ခံခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၅၁ နိုင်ငံရဲ့ အမျိုးသားကြက်ခြေနီအသင်းတွေက ကြက်ခြေနီအမှတ်အသားကို အသုံးပြုနေကြပြီး ၃၂ နိုင်ငံကတော့ လခြမ်းနီအမှတ်အသားကို အသုံးပြုနေကြပါတယ်။

မြန်မာနိုင်ငံနဲ့ ကြက်ခြေနီအမှတ်အသား

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ ၁၉၂၀ ပြည့်နှစ်ကတည်းက သန္ဓေတည်ခဲ့ပြီး အဲဒီအချိန်က အိန္ဒိယရဲ့ ပြည်နယ်တစ်ခုသာဖြစ်တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယကြက်ခြေနီအသင်းရဲ့ အသင်းခွဲတစ်ခု ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်မှာတော့ သီးခြား ရပ်တည် နိုင်ခဲ့တဲ့အသင်း ဖြစ်လာခဲ့ပြီး ၁၉၃၉ ခုနှစ်မှာ အပြည်ပြည်ဆိုင် ရာကြက်ခြေနီကော်မတီ (ICRC) က အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ အသင်းဝင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ့ကြက်ခြေနီ အသင်း (MRCS) ရဲ့ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ မြို့နယ်အသင်းခွဲ ၃၃၀ သင်း၊ အမျိုးသားအဆင့်ဝန်ထမ်း ၆၃၀ ယောက်၊ တက်ကြွတဲ့လုပ်အားပေးအင်အား ၈၂၀၉ ယောက် နဲ့ လူငယ်အသင်းဝင် ၅၅၂ ယောက် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို လက်ရှိအချိန်အထိ နှစ်ကြိမ် ပြဋ္ဌာန်းခဲ့ဖူးပြီး တည်ဆဲဥပဒေကတော့ ၂၀၁၅ က အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ဖြစ်ပါတယ်။ ၂၀၁၈ မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ထပ်မံအတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

ကြက်ခြေနီအမှတ်အသားအသုံးပြုခွင့်နဲ့ပတ်သက်ရင် ၁၉၃၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ THE GENEVA CONVENTION IMPLEMENTATION ACT ရှိပြီး ခုဥပဒေကြမ်းကတော့ အဆိုပါအက်ဥပဒေကို အစားထိုးနိုင်ဖို့ တင်သွင်းလာတာ ဖြစ်ပါတယ်။

ဥပဒေကြမ်းတင်သွင်းခြင်းနောက်ကွယ်က

ဒီဥပဒေမူကြမ်းဟာဆိုရင် ၁၉၃၆ အက်ဥပဒေကို ခေတ်နဲ့အညီ ပြုပြင်ဖို့အတွက်လားလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းတင်သွင်းရခြင်းရဲ့ နောက်ကွယ်မှာ ရှိနေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ရှာဖွေ ကြည့်သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ဂျီနီဗာကွန်ဗန်းရှင်းကို ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာဆိုရင် အစိုးရအနေနဲ့ စာချုပ်ပါသတ်မှတ်ချက်တွေဖြစ်တဲ့ စစ်ပွဲမှာ မပါဝင်တဲ့ သူတွေ (အရပ်သား၊ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်၊ ကူညီရေး လုပ်သား) နဲ့ စစ်ဆက်မတိုက်နိုင်တော့တဲ့ (ဒဏ်ရာရ၊ နာမကျန်း၊ သင်္ဘောပျက်၊ စစ်သုံ့ပန်း) ပုဂ္ဂိုလ်တွေကို ကာကွယ်ပေးဖို့၊ လိုက်နာဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ တာဝန်ရှိမှုကို လိုက်နာဖို့အတွက် ဥပဒေကြမ်း တင်သွင်းပြီး ပြဋ္ဌာန်းနိုင်ဖို့လို့လည်း ယူဆစရာ ရှိပါတယ်။ ဒါပေမယ့် စာချုပ် တစ်ခုလုံးကို ဥပဒေအဖြစ် ရေးဆွဲနိုင်ဖို့ မကြိုးစားဘဲ ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ တစ်ခု တည်းအတွက်သာ ရေးဆွဲတာကြောင့်လည်း စဉ်းစားစရာ ထပ်ဖြစ်နေပြန် ပါတယ်။

ဥပဒေကြမ်းဟာ လွှတ်တော်ထဲကို ဆွေးနွေးဖို့ မရောက်သေးပေမယ့်လည်း ဒီဥပဒေကြမ်းတင်သွင်းတဲ့ အချိန်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေအတွင်း လူနာတင်ယာဉ် နှစ်စီး အပစ်ခတ်ခံရပြီး လူသေဆုံးမှုနဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအကြောင်းရင်းကြောင့်လားဆိုရင်တော့လည်း အလားတူဖြစ်ရပ်တွေ ရှိခဲ့ဖူးတဲ့အတွက် ဖြစ်နိုင်ချေတော့ နည်းပါတယ်။

ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ခေတ်နဲ့အညီ ပြစ်မှုပြစ်ဒဏ်တွေ သတ်မှတ်ထားတဲ့ ဒီဥပဒေကြမ်းဟာဆိုရင် ကြက်ခြေနီအမှတ်အသားတွေကို အလွယ်တကူသုံးနေတဲ့ ဖြစ်စဉ်တွေကို လျော့ကျသွားစေနိုင်မယ့် ပြဋ္ဌာန်းချက်တွေ ပါရှိနေပါတယ်။

ဥပဒေကြမ်းအားနည်းချက်

ဂျီနီဗာကွန်ဗန်းရှင်းကို ပြည်တွင်းဥပဒေအနေနဲ့ ပြဋ္ဌာန်းတဲ့အခါမှာ ကျင့်သုံးသင့်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ ဥပမာဆိုရင် ကြက်ခြေနီအမှတ်အသားအသုံးပြုတာကို စောင့်ကြည့်ဖို့နဲ့ ကြီးကြပ်ဖို့အတွက် တာဝန်ရှိသူကို တိတိကျကျ သတ်မှတ်ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်လိုအပ်မယ့် အသုံးပြုမှုတွေအတွက် ကိုလည်း သတ်မှတ်ပေးရမယ်ဆိုတာမျိုးလည်း ရှိပါတယ်။

လက်ရှိဥပဒေကြမ်းကို ကြည့်ရင်တော့ အကာအကွယ်ပေးတဲ့ အမှတ်အသား နဲ့ ဖော်ညွှန်းပြသတဲ့ အမှတ်အသား စတဲ့ အသုံးပြုမှု နှစ်မျိုးဖြစ်ပြီး ဒုတိယဖြစ်တဲ့ ဖော်ညွှန်းအမှတ်အသားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ခွင့်ပြုချက်ပေးနိုင်မှာဖြစ်ပါတယ်။ အကာအကွယ်ပေးအမှတ်အသားကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးနိုင်ပါတယ်။

ဒါပေမယ့် အကာအကွယ်ပေးအမှတ်အသား အသုံးပြုရာမှာ တပ်မတော်က ဖွဲ့စည်းတဲ့ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ ကို ကူညီဖို့ ဆိုရင် အရပ်ဖက်က ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ကို ရယူရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒဏ်ရာရသူတွေ၊ နာမကျန်းသူတွေကို ကူညီရာမှာ လည်း ကျန်းမာရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ပေးရမယ်လို့ ဆိုထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီး ဖြစ်ပွားနေတဲ့အတွက် စစ်အတွင်း ပိတ်မိခံစားနေရတဲ့ ဒေသခံတွေ၊ နေရပ်စွန့်ခွာပြည်သူတွေ၊ ဌာနေတိုင်းရင်းသားတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေက နှောင့်နှေးကြန့်ကြာမှုတွေ ရှိမနေသင့်ပါဘူး။ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေရင် မလိုလားအပ်တဲ့ လူမှုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တာကို သတိချပ်သင့် ပါတယ်။ ဒါကြောင့် အကာအကွယ်ပေးရေး အမှတ်အသား အသုံးပြုခြင်းမျိုးကို မြန်မြန်ဆန်ဆန် ဖြစ်လာစေဖို့ အတွက် ကျန်းမာရေးဝန်ကြီးဌာနကဖြစ်ဖြစ် ဒါမှမဟုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဖြစ်ဖြစ် တစ်ခုတည်း ကသာ အမှတ်အသားအသုံးပြုခွင့် ထုတ်ပေးသင့်ပါတယ်။

ဒါကြောင့်မို့ ဒီအချက်ကို ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိအောင် ပြန်လည်သုံးသပ်သင့် ပါကြောင်း တင်ပြလိုက်ရပါတယ်။

စာကိုး

ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်း

(၇၅) နှစ်မြောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်း ၁၉၃၉-၂၀၁၄

Myanmar Red Cross Society: 2017 Annual Report

ICRC – The Domestic Implementation of International Humanitarian Law: A Manual

https://www.icrc.org/en/doc/resources/documents/misc/emblem-history.htm

https://www.redcross.org.mm/my_MM/who-we-are/our-history/