Posted in ဥပဒေရေးရာ သုတေသန on Aug 20, 2019

ဥပဒေကြမ်းကို ကြက်ခြေနီအမှတ်အသား၊ လခြမ်းနီအမှတ်အသားနဲ့ ခရစ္စတယ်နီ အမှတ်အသား စတာတွေရဲ့ အမည်နာမတွေကို သုံးစွဲရာမှာ လေးစားမှုရှိစေဖို့၊ မှန်ကန်စွာသုံးတတ်စေဖို့၊ အလွဲသုံးစား မပြုလုပ်စေဖို့နဲ့ အပြည်ပြည်ဆိုင်ရာစည်းမျဉ်းတွေနဲ့ ညီညွှတ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ကြက်ခြေနီအမှတ်အသားတွေကို ဥပဒေနဲ့ အညီ သုံးစွဲစေဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ အဖွဲ့က အမှတ်အသားစတာတွေရဲ့ အမည်သုံးစွဲတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုဖြစ်ရင် ဖြေရှင်းပေးဖို့၊ ပြည်သူတွေကို အသိပညာပေးရေးမှာ ဦးဆောင်လမ်းညွှန်ဖို့၊ ဥပဒေအကောင်အထည်ဖော် ကျင့်သုံးမှုကို သုံးသပ်ဖို့နဲ့ ထိရောက်မှုရှိစေဖို့ နည်းလမ်းချမှတ်ခြင်းတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ငန်းကော်မတီတွေလည်း ဖွဲ့စည်းနိုင်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားချိန်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်မတော် ဆေးဝန်ထမ်းအဖွဲ့၊ ဆေးဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ဘက်အဖွဲ့၊ ဆေးဘက်ဆိုင်ရာလူ၊ အဆောက်အအုံနဲ့ ယာဉ်တွေက ကြက်ခြေနီအမှတ်အသားတွေကို အကာအကွယ်အမှတ်အသားအနေနဲ့ အရွယ်အစား ကြီးမားစွာ တပ်ဆင် အသုံးပြုရပါမယ်။ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဟာ ငြိမ်းချမ်းတဲ့အချိန်နဲ့ ပဋိပက္ခဖြစ်ချိန်တွေမှာ ကြက်ခြေနီအမှတ်အသားကို အကာအကွယ်ပေးရေး အမှတ်အသားအဖြစ် အသုံးပြုရင် သိသာထင်ရှားစွာ အသုံးပြုရပါမယ်။ ဆေးဘက်ဆိုင်ရာအဖွဲ့ကို အကူအညီပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုရင် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့၊ အဆောက်အအုံနဲ့ ယာဉ်တွေမှာ ကြက်ခြေနီအမှတ်အသားကို အကာအကွယ်အမှတ်အသားအနေနဲ့ ထင်ရှားစွာ အသုံးပြုရပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားချိန်တွေမှာ ဒဏ်ရာရသူတွေ၊ နာမကျန်းဖြစ်သူတွေနဲ့ ပင်လယ်ပြင်မှာ ဒုက္ခရောက်သူတွေကို ကူညီဖို့အတွက် အရပ်ဘက်က ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့၊ ဆေးရုံ၊ အဆောက်အအုံနဲ့ ယာဉ်တွေကို ကြက်ခြေနီအမှတ်အသားကို အကာအကွယ် အမှတ်အသားအဖြစ် အသုံးပြု ခွင့် ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုခွင့်ရသူတွေဟာ ကြက်ခြေနီ အမှတ်အသားပါ လက်ပတ်ကို ပတ်ထားရမှာဖြစ်ပြီး သက်သေခံကတ်ပြားကိုလည်း တပါတည်း ဆောင်ထားရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ ပဋိပက္ခဖြစ်ပွားချိန်မှာ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ကို အကူအညီပေးဖို့အတွက် မိမိအသင်းရဲ့ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့နဲ့ ယာဉ်တွေကို ကြက်ခြေနီအမှတ်အသားကို အကာကွယ်အမှတ်အသားအနေနဲ့ အသုံးပြုခွင့်ပေးရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့အချိန်တွေမှာ အမှတ်အသားကို ကြက်ခြေနီလှုပ်ရှားမှုနဲ့ ဆက်စပ်ကြောင်းဖော်ပြနိုင်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နမိတ်အတွင်း လာရောက်ပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုလုပ်ငန်းတွေ လုပ်ဆောင်တဲ့ အခြားနိုင်ငံက အမျိုးသားကြက်ခြေနီအသင်းတွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ သဘောတူညီမှုနဲ့ ကြက်ခြေနီအမှတ်အသားကို ဖော်ညွှန်းအမှတ်အသားအနေနဲ့ အသုံးပြုနိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အခြားနိုင်ငံက လာရောက်တဲ့ အမျိုးသားလခြမ်းနီ ဒါမှမဟုတ် ခရစ္စတယ်နီအသင်းတွေဟာ လခြမ်းနီ ဒါမှမဟုတ် ခရစ္စတယ်နီ အမှတ်အသားတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ သဘောတူညီမှုနဲ့ ဖော်ညွှန်းအမှတ်အသားအဖြစ် အသုံးပြုနိုင်ပါတယ်။

ဥပဒေကြမ်းမှာ တားမြစ်ချက်တွေလည်း ပါရှိပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ အများဆုံး ထောင်ဒဏ်နှစ် နှစ်ဆယ်ထိ သတ်မှတ်ထားတာမျိုး တွေ့ရပြီး ကြက်ခြေနီအမှတ်အသား၊ လခြမ်းနီအမှတ်အသားနဲ့ ခရစ္စတယ်နီ အမှတ်အသားတွေနဲ့ အမည်တွေကို တုပသုံးစွဲပြီးဖြစ်စေ၊ ဘယ်သာသာနဲ့မဆို ဘာသာပြန်သုံးစွဲရင်ဖြစ်စေ အသုံးပြုသူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဈေးကွက်ကနေ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်အတွင်းမှာ ပြန်လည်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်က ဖော်ပြထားပါတယ်။