Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Apr 10, 2019
သက်ဆိုင်ရာလွှတ်တော်အသီးသီးမှာ ပြည်သူများရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်တွေကို မဲဆန္ဒရှင်ပြည်သူတွေ သိရှိနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး ကတိကဝက်တွေကို အကောင်အထည်ဖော်မှုအခြေအနေ၊ လွှတ်တော်တွင်းမေးမြန်းတင်သွင်းတဲ့ အဆို၊မေးခွန်းတွေဟာ မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်ရှိပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိ/မရှိ၊ လိုအပ်ချက်ဖြစ်/မဖြစ် စိစစ်မှတ်တမ်းတင်နိုင်ဖို့အတွက် ပြည်သူ့အခြေပြုအရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေက လေ့လာစောင့်ကြည့်ပြီး အသီးသီးသော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေဟာတာဝန်ယူ၊ တာဝန်ခံမှု ဘယ်လောက်ရှိသလဲဆိုတာ ပြည်သူအများ သိရှိနိုင်ဖို့ကြိုးစား ဆောင်ရွက်လေ့ရှိကြပါတယ်။
ပဲခူးတိုင်းဒေသကြီးအခြေစိုက် သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့(Pace on Peaceful Pluralism) ဟာ ၂၀၁၈ အောက်တိုဘာမှာ လွှတ်တော်သက်တမ်းတစ်ဝက် လုပ်ငန်းဆောင်ရွက်ချက်များကို ခြုံငုံလေ့လာကာ "လမ်းခုလတ်မှလည်ပြန်ကြည့်ခြင်း" အရေအတွက်ပြ သုတေသနအစီရင်ခံစာ ကိုထုတ်ပြန်ခဲ့ပြီး ပဲခူးတိုင်း ၁၀ မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်များတွေ့ဆုံတဲ့ လွှတ်တော်ဆိုင်ရာဆောင်ရွက်မှုဆွေးနွေးပွဲများ ၁၁ ကြိမ်ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၉ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ နောက်ဆုံးကောက်ခံရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းသုံးနှစ်တာကာလ ဆောင်ရွက်ချက်တွေးကို မဲဆန္ဒရှင်ပြည်သူ အလွယ်တကူအကဲဖြတ်လေ့လာနိုင်စေဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် သုံးနှစ်ဆောင်ရွက်ချက်မှတ်တမ်း(MP Performance Scorecard) ရေးသားပြုစုလျက်ရှိပါတယ်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်ဆောင်ရွက်ချက်မှတ်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း ရဲ့ လွှတ်တော်သုံးနှစ်တာဆောင်ရွက်ချက်တွေအနက် အောက်ပါအချက်အလက်တွေကိုထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။
- လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်ရေးအချက်အလက်
- ရွေးကောက်ပွဲ တွင်ခိုင်လုံမဲရရှိမှုအခြေအနေ
- လက်ရှိလွှတ်တော်တာဝန်များ
- လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေ (ပုံမှန်အစည်းအဝေး/ အရေးပေါ်-အထူးအည်းအဝေး)
- ကော်မတီအစီရင်ခံစာတင်သွင်းမှုအခြေအနေ
- အဆိုတင်သွင်းမှု ၊ အဆိုဝင်ရောက်ဆွေးနွေးမှု
- မေးခွန်းမေးမြန်းမှုအခြေအနေ
- မေးခွန်းများအပေါ်ကတိတဝက်ဖြစ်မှုအခြေအနေ
- မေးခွန်းများ၏ဝန်ကြီးဌာနအလိုက်မေးမြန်းမှု
- မေးခွန်းများကဏ္ဍအလိုက်မေးမြန်းမှု(အရည်အသွေးပြနည်း)
- လွှတ်တော်၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ကိုယ်စားလှယ်ဆောင်ရွှက်ချက်များ ဖော်ပြမှု အခြေအနေများ
ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များရဲ့ သုံးနှစ်တာကာလ ဆောင်ရွှက်မှုမှတ်တမ်း မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ချိနိုင်ရေးကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီတစ်ခါထုတ်ဝေမယ့် မှတ်တမ်းစာစောင်မှာ ကိုယ်စားလှယ်တစ်ဦးချင်း ကြယ်ပွင့်ပြ/ကြယ်ပွင့်မပြ မေးခွန်းများ မေးမြန်းသည့်အရေအတွက်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍ ၊ အုပ်ချုပ်ရေး/တရားစီရင်ရေးမဏ္ဍိုလ်များအပေါ်စိစစ်ထိန်းကြောင်းခြင်းကဏ္ဍ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကဏ္ဍ၊ အမျိုးသမီး/ကလေးသူငယ်နှင့်မသန်စွမ်းအရေးကိစ္စများကို အခုလို ခွဲခြားလေ့လာထားပါတယ်။
မှတ်တမ်းစာစောင်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီရဲ့ အဆို၊ မေးခွန်း (ကြယ်ပွင့်ပြ/မပြ) တွေရဲ့ အရေအတွက်ကိုလည်း ထည့်သွင်းဖော်ပြမှာ ဖြစ်ပါတယ်။ တစ်ဦးချင်း လွှတ်တော်တွင်း ဆောင်ရွက်ချက် အချက်အလက်အချို့ကို နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်။(မှတ်ချက်။ အုတ်တွင်း-၁ မဲဆန္ဒနယ်က ဦးမြင့်ဦးကွယ်လွန်ပြီးနောက် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးကျော်ဇေယျ အနိုင်ရပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်)
ခရိုင်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဝန်ကြီးဌာနအလိုက် မေးခွန်းအဆိုအရေအတွက်ကိုကြည့်ပြီး သက်ဆိုင်ရာ ခရိုင်တစ်စီရဲ့ လိုအပ်ချက်တွေကို လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေက ထင်ဟပ်နေသလားဆိုတာ လေ့လာနိုင်ပါတယ်။
ဒီမှတ်တမ်းနဲ့ အချက်အလက်တွေ လွယ်ကူကျယ်ပြန့်စွာ ရရှိနိုင်ခြင်းက လွှတ်တော်ကို မဲဆန္ဒရှင်တွေ ပိုမိုနားလည်လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပိုမိုထိတွေ့ဆက်ဆံဖို့၊ မေးခွန်းထုတ်လာနိုင်ဖို့အပြင် လွှတ်တော်အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို တာဝန်ခံမှု အားကောင်းလာဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ ရေးသားသည်။
သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့(Pace on Peaceful Pluralism) သည် ပဲခူးတိုင်းဒေသကြီး အခြေပြုအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆောင်ရွက်ချက်များကို စောင့်ကြည့်လေ့လာမှုများပြုလုပ်လျက်ရှိပါသည်။