Posted in ဥပဒေရေးရာ သုတေသန on Jan 27, 2020

ဒီကိစ္စက ဘာကြောင့် လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်နေရတာပါလဲ

ပြည်ထောင်စုလွှတ်တော်ကို အသေးစားငွေရေးကြေးရေး ဥပဒေကြမ်း တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာတိုင်းမ် သတင်းစာက အသေးစိတ် ဖော်ပြခဲ့ပါတယ်။ ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာပေါ် ဖော်ပြခဲ့ပြီး အာနန္ဒာကလည်း ဥပဒေကြမ်းအနှစ်ချုပ်ဥပဒေကြမ်းမိတ်ဆက် နဲ့ ဥပဒေကြမ်းဆန်းစစ်မှု တွေကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။

သတင်းမီဒီယာ အချို့ကလည်း ဥပဒေကြမ်းအသစ်အကြောင်းကို ရေးသားတင်ပြလာကြပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ အထူးသဖြင့် Myanmar Now သတင်းစာက ကိန်းဂဏန်းအချက်အလက်တွေနဲ့ ရေးသားတင်ပြထားတဲ့ "ငွေမျောငွေနဲ့လိုက်ကြ၊ အသေးစားချေးငွေလုပ်ငန်း ပြည်သူကို တကယ်အကျိုးပြုရဲ့လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတင်ပြထားတာ ရှိပါတယ်။

အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဆိုတာ ဘာလဲ

ခေါင်းစဉ်က ညွှန်ပြနေသလို အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆိုတာ အသေးစား ချေးငွေတွေ ပေးအပ်ခြင်းကို ဆိုလိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ အသေးစားချေးငွေလုပ်ငန်းဟာ အားကောင်းတဲ့ ချိတ်ဆက်မှု ရှိနေပါတယ်။ ရာသီပေါ် အခြေခံတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ သဘာဝ နဲ့ လယ်သမားတွေ ချေးငွေ ရရှိဖို့ဟာလည်း အရေးကြီးပြီး အသေးစား ငွေရေးကြေးရေးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်လျက် ရှိပါတယ်။ လယ်သမားတွေဟာ ရရှိလာတဲ့ ချေးငွေတွေကို အောက်ပါ ကိစ္စရပ်တွေမှာ အသုံးပြုနိုင်ပါတယ်။

  • ရာသီအလိုက် သွင်းအားစုတွေ (ဥပမာ မျိုးစေ့များ၊ ဓါတ်မြေသြဇာများ အစရှိသဖြင့်)
  • ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေ (ဥပမာ လယ်မြေ အသစ် ၊ စက်ပစ္စည်း အသစ် ဝယ်ယူခြင်း အစရှိသဖြင့်)
  • ပုံမှန် စားသုံးမှုတွေ (အစားအစာ၊ အဝတ်အစား၊ အိမ်ငှားရမ်းခ အစရှိသဖြင့်) - အထူးသဖြင့် စိုက်ပျိုးရာသီမရောက်ခင် ခက်ခဲတဲ့အချိန်တွေမှာ)
  • မျှော်မှန်းမရတဲ့ သုံးစွဲမှုတွေ (ဆေးဝါး၊ ဈာပန အခမ်းအနား စသဖြင့်)
  • အခြား ပေးဆပ်ရန် ကျန်ရှိနေသော ချေးငွေတွေ

လယ်သမားတွေအပြင် အသေးစား စီးပွားရေးလုပ်ငန်းတွေဟာလည်း လုပ်ငန်းလည်ပတ်ဖို့အတွက် အရင်းအနှီး တစ်ခုအနေဖြင့်ဖြစ်စေ၊ လုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက်ဖြစ်စေ အသေးစားချေးငွေတွေကနေ အကျိုးရှိလေ့ ရှိပါတယ်။ အချို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတွေဟာ ပုံမှန်အားဖြင့်ဆိုရင် ချေးငွေ အလွယ်တကူ မရရှိနိုင်တဲ့ စီးပွားရေးအရ အဖယ်ခံထားရတဲ့ အုပ်စုတွေဖြစ်တဲ့ ဥပမာ အမျိုးသမီးအုပ်စုတွေကို ချေးငွေတွေ ထောက်ပံ့ပေးလျက် ရှိပါတယ်။ အဲဒီချေးငွေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခြင်းနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲ ပို့ဆောင်ခြင်းတွေ ပြုလုပ်နိုင်ပါတယ် (ဂရာမင်းဘဏ်မော်ဒယ် နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်ကို လေးထောင့်ကွက်ထဲထည့်ပြီး အောက်မှာ ဖော်ပြထားပါတယ်) ။

အစဉ်အလာအားဖြင့် စီးပွားရေးဘဏ်တွေဟာ ကျေးလက်နေ ဆင်းရဲသားပြည်သူတွေ ဒါမှမဟုတ် အသေးစားလယ်သမားတွေကို ငွေချေးခြင်း မပြုလုပ်ကြပါဘူး။ လယ်သမားတွေကို သူတို့ရဲ့ နည်းပါးပြီး စိတ်မချရတဲ့ ဝင်ငွေတွေကြောင့် စိတ်မချရတဲ့ ငွေချေးငှားသူတွေအဖြစ် ရှုမြင်ကြပါတယ်။ ကျေးလက်ဒေသတွေဟာ လူနေ ကျဲပါးပြီး အခြေခံ အဆောက်အဦးတွေလည်း နည်းပါးခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ကုန်ကျစရိတ်မြင့်မားခြင်း နဲ့ ဘေးအန္တရာယ် မြင့်မားခြင်း စတဲ့အချက်တွေကြောင့် ဝန်ဆောင်မှုပေးဖို့ တွန့်ဆုတ်ကြပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ ငွေချေးယူတဲ့ ပမာဏ သေးငယ်တာ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ချိတ်ဆက်နေတာကြောင့် ဝင်ငွေလည်း ကြိုတင်တိတိကျကျ ခန့်မှန်းမရနိုင်တာ နဲ့ အပေါင်ပစ္စည်း ပေးနိုင်ခြင်းလည်း မရှိကြတာတွေလည်း ရှိနေပါသေးတယ် (Stockbridge & Dorward, 2017 ) ။

အသေးစား ငွေချေးလုပ်ငန်း လုပ်ကိုင်နေသူတွေ-

  • အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အသေးစားငွေကြေးဝန်ဆောင်မှု - ဒီဝန်ဆောင်မှုတွေကို ဒေသတွင်း၊ ပြည်တွင်းနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လုပ်ကိုင်ကြပြီး သူတို့က အစိုးရတွေ နဲ့ ပုဂ္ဂလိကတွေဆီက ရရှိတဲ့ အလှူငွေတွေနဲ့ များသောအားဖြင့် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်၊။
  • ချေးငွေသမဂ္ဂတွေနဲ့သမဝါယမတွေ - အဆိုပါအဖွဲ့တွေဟာ ဥပဒေအရ အခွန်ကင်းလွတ်ခွင့် ရရှိကြလေ့ရှိပြီး ရရှိလာသော အမြတ်ငွေတွေကို ဘယ်လိုနေရာတွေမှာ သုံးစွဲရမယ် ဘာတွေ လုပ်ရမယ်ဆိုတာမျိုးတွေ တာဝန် ရှိကြပါတယ်။
  • အသေးစား ကိုယ်ထူကိုယ်ထ အုပ်စုငယ်တွေ - ချေးငွေရယူသူတွေဟာ သူတို့ကိုယ်တိုင်ဖြစ်စေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီကအကူအညီတွေနဲ့ဖြစ်စေ ထူထောင်ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ချေးငွေလုပ်ငန်း လုပ်ကိုင်ရာမှာ တင်းတင်းကြပ်ကြပ် ရှိလေ့ရှိထ မရှိကြပါဘူး။
  • အသေးစား ငွေချေးဘဏ်တွေ - ဆင်းရဲတဲ့ ပြည်သူတွေကြားမှာ ဝင်ငွေတိုးတက်လာခြင်းနဲ့ မိုဘိုင်းဖုန်းနည်းပညာ တိုးတက်လာမှုတွေကြောင့် သမားရိုးကျဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုကျယ်ပြန့်တဲ့ ဖောက်သည် အသစ်တွေဆီ ရောက်ရှိစေဖို့ ဘဏ်တွေက ဈေးကွက်တိုးချဲ့လာခဲ့ပါတယ်။ ဈေးကွက်တိုးချဲ့ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကြောင့် ဘဏ်လုပ်ငန်းလောကမှာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းဟာ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးနေပါတယ်။

၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေမှာ နိုင်ငံတကာ အသိုင်းအဝန်းဟာ ထောက်ပံ့ကြေးပေးတဲ့ အသေးစား ငွေချေးလုပ်ငန်း (subsidised microfinance) ကိုသာ အာရုံစိုက်ခဲ့ပေမယ့်လည်း (ဆိုလိုသည်မှာ အလှူရှင်တွေက အသေးစား ငွေချေးလုပ်ငန်းရဲ့ အတိုးနှုန်း သက်သာစေဖို့ ငွေကြေး ထောက်ပံ့ခြင်း ဖြစ်ခဲ့ပေမယ့်လည်း) လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကစပြီး ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းကြီးဟာ ဆင်းရဲတဲ့ လူတန်းစားတွေကို အာရုံစိုက်ရာကနေ လူတိုင်းအတွက် ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေခြင်းကို ပိုမို အာရုံစိုက်လာကြပါတယ် (World Bank, 2008) ။ အကြောင်းကတော့ ဒီလို ထောက်ပံ့ငွေပေးခြင်းဟာ ချေးထားတဲ့ငွေတွေကို ပြန်ပေးဆပ်ရမယ်ဆိုတဲ့ ငွေချေးယူခြင်း အလေ့အထကို ပျက်စီးစေတာကြောင့် ဖြစ်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ဘဏ္ဍာရေးစနစ် တည်ဆောက်ဖို့ အာရုံစိုက်ခြင်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မရရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အခြေအနေကို မြှင့်တင်ပေးခြင်းဟာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆလာကြပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အသိုင်းအဝန်းတွေရဲ့ အာရုံစိုက်မှုက အခြား ဘဏ္ဍာရေးအဖွဲ့အစည်းတွေဖြစ်တဲ့ စာတိုက်လုပ်ငန်းမှာ ငွေစုဆောင်းခြင်း၊ စားသုံးသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ချေးငွေအဖွဲ့အစည်းတွေနဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ဘဏ်လုပ်ငန်းစနစ်တွေကို ထောက်ပံ့မှုတွေ ပေးဖို့ ဖြစ်လာကြပါတယ်။ ဒီလို ကျယ်ပြန့်စွာ လုပ်ဆောင်မှလည်း ပိုမို ထိရောက်တဲ့ ဘဏ္ဍာရေးစနစ်တစ်ရပ် ဖြစ်လာမှာ ဖြစ်ပြီး လူအားလုံးအတွက် လက်လှမ်းမီလာမှာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။


ဂရာမင်းဘဏ် မော်ဒယ်

အသေးစား ငွေချေးလုပ်ငန်း သဘောတရားက ဂရာမင်းဘဏ်နဲ့ ဂရာမင်းဘဏ်ကို ထူထောင်သူ ပါမောက္ခ မိုဟာမက် ယူနွတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆင်းရဲတဲ့ အမျိုးသမီးတွေကို အသေးစား ချေးငွေ ရရှိစေဖို့ ကြိုးပမ်းခဲ့တာကြောင့် လူသိများ ထင်ရှားလာခဲ့ပါတယ်။ ဂရာမင်းဘဏ် ဆောင်ရွက်ချက်ရဲ့ သက်သေပြနေတဲ့ အချက်က မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေ ရှိမယ်ဆိုရင် ဆင်းရဲတဲ့ ပြည်သူတွေဟာ တာဝန်ယူမှုရှိစွာ ငွေချေးနိုင်ပြီး သူတို့ကနေ ငွေပြန်လည်ပေးဆပ်နိုင်တာကိုလည်း ယုံကြည်စိတ်ချနိုင်တဲ့ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဆင်းရဲသားပြည်သူများစွာကို ငွေချေးပေးနိုင်ခဲ့တာကြောင့် များစွာ အောင်မြင်မှု ရရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ အပြိုင်အဆိုင် ထွက်ပေါ်လာတဲ့ အသေးစားငွေချေးလုပ်ငန်းတွေဟာလည်း ဂရာမင်းဘဏ်ရဲ့ နမူနာကို များစွာ ရယူထားတာကို တွေ့ရပါတယ်။ ဂရာမင်းဘဏ်ရဲ့ အဓိက ထူးခြားချက်တွေဟာ အောက်ပါအတိုင်း တွေ့မြင်နိုင်ပါတယ်။

* ချေးငွေ ရယူဖို့အတွက်  အပေါင်ပစ္စည်း ပေးစရာ မလိုခြင်း
* ငွေချေးတဲ့ မြီရှင်ကို စိတ်ချသေချာမှု ပေးနိုင်စေဖို့အတွက် အကြွေးပြန်လည်ပေးဆပ်ခြင်းကို ပုံမှန်နဲ့ အကြိမ်ရေများများ ပေးဆပ်စေခြင်း
* အုပ်စုလိုက် ငွေချေးပေးခြင်း - ဒီနည်းလမ်းကို ပုံစံ အမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်ပြီး အခြေခံသဘောတရားက ချေးငွေတစ်ခုအတွက် အုပ်စုတစ်ခုလုံးကို တာဝန်ခံခိုင်းစေခြင်းနဲ့ အကြွေး ပြန်လည် ပေးဆပ်မှုများကို ပိုမိုစိတ်ချ သေချာစေပါတယ်။
* အတိုးနှုန်းက အကြွေးရယူသူတွေ ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် သင့်တော်တဲ့  အတိုးနှုန်းထားဖြစ်ဖို့လိုအပ်သလို မြင့်မားတဲ့ ကုန်ကျစရိတ်တွေကို ကာမိစေနိုင်တဲ့ နှုန်းထားတစ်ခုလည်းဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ အရေးကြီးအချက်ဖြစ်တဲ့ ဘဏ္ဍာရေးအရ ရေရှည်တည်တံ့နိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အရင်းအနှီး တိုးပွားလာပြီး နောက်ထပ် ငွေချေးလိုသူတွေကိုလည်း ထပ်မံ ချေးနိုင်မှာ ဖြစ်ပါတယ်။
* အမျိုးသမီးတွေကို အဓိက ဦးစားပေးပြီး ငွေချေးပေးပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးတွေဟာ ငွေကြေးလိုအပ်ချက် အများဆုံး ဖြစ်သလို ငွေပြန်လည် ပေးဆပ်ချိန်ရောက်တဲ့အခါမှာလည်း ပိုပြီး စိတ်ချ အားကိုးရပါတယ်။
* မိုက်ခရိုအဆင့် အသေးစားလုပ်ငန်းတွေကို ချေးနိုင်ဖို့ ပိုပြီး အလေးထားပါတယ်။ အသေးစား လက်လီ  ရောင်းဝယ်ရေး၊ မုန့်လုပ်ခြင်း ဒါမှမဟုတ် အိမ်တွင်း အစားအသောက် လုပ်ငန်းလို အသေးစား လုပ်ငန်းတွေကို ပိုပြီး ဦးစားပေးပါတယ်။ 

အထက်စာရင်းမှာ ပါရှိတဲ့ လက္ခဏာရပ်တွေဟာ အကျိုးအမြတ်ကို အဓိက မထားဘဲ လူမှုရေး ရည်မှန်းချက်တွေ ရရှိရေးကိုသာ အဓိကထား အာရုံစိုက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အခြား အလားတူ အဖွဲ့အစည်းတွေက စီမံခန့်ခွဲတဲ့ အသေးစား ငွေချေးလုပ်ငန်း ပုံစံပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ လက်ရှိခေတ် အချိန်မှာ အလျင်အမြန် ကြီးထွားလာနေတဲ့ ပုံစံဖြစ်တဲ့ စီးပွားရေး အကျိုးအမြတ်ကို အဓိကထားတဲ့ အသေးစား ငွေချေးဘဏ်တွေနဲ့ ကွဲပြားခြားနားပါတယ်။ 

စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးတဲ့ ချဉ်းကပ်ပုံ နည်းလမ်းတွေက ဆင်းရဲသား လူတန်းစားတွေကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ဂရာမင်းပုံစံကို ထောက်ခံသူတွေက ယူဆကြပါတယ်။  အချက်အလက်တွေက သက်သေပြနေတဲ့ အချက်ကတော့  အကျိုးအမြတ် ဦးစားပေး အသေးစားငွေချေးဘဏ်တွေရဲ့ ဖောက်သည်တွေဟာ ဆင်းရဲသူ နည်းပါးပြီး အမျိုးသမီး အချိုးအစားလည်း သေးငယ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်  ဆင်းရဲတဲ့ လူတန်းစားထဲမှ အဆင်းရဲဆုံးအစိတ်အပိုင်းဟာ စီးပွားရေး ဦးစားပေး အသေးစား ငွေချေးလုပ်ငန်းဆီက  ရေရှည်မှာ သွယ်ဝိုက်ပြီး အကျိုးခံစားခွင့် ရကောင်းရနိုင်ပေမယ့် တိုက်ရိုက် အကျိုးအမြတ် ရရှိနိုင်ချေ နည်းပါးလှပါတယ် (Stockbridge & Dorward, 2017) ။

အကျိုးစီးပွားများက ဘာတွေလဲ၊ ဘယ်သူတွေက အကျိုးခံစားခွင့် ရရှိနိုင်မှာလဲ

မက်ခရိုစီးပွားရေးအဆင့်ကို ပြောမယ်ဆိုရင် စီးပွားရေး ရေရှည်တိုးတက်ခဲ့တဲ့ နိုင်ငံအများအပြားမှာ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ လယ်သမားတွေ အလွယ်တကူ ချေးငွေ ရရှိမှု တိုးတက်လာခြင်းဟာ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့အားလုံးဟာ အဲဒီနည်းလမ်းနဲ့ သူတို့ရဲ့ စစ်ပြီးခေတ် နဲ့ ကိုလိုနီခေတ်လွန် ကာလတွေမှာ ရေရှည်မြင့်မားတဲ့ စီးပွားရေး တိုးတက်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ် (Studwell, 2013)။

အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်သာဓကတွေကို ကြည့်ရင် မြေယာပြုပြင်ပြောင်းလဲမှုဆိုတဲ့ မြေယာတွေကို အသေးစားလယ်သမားတွေ ဖြန့်ဝေပေးခြင်းဖြင့် အလုပ်အကိုင် စိတ်ချလုံခြုံမှုကို ပေးအပ်ခဲ့တာရဲ့ နောက်မှာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုက လိုက်ပါလာလေ့ ရှိပါတယ်။ လုပ်အား အများအပြားကို သုံးစွဲရတဲ့ လယ်လုပ်ငန်းကတဆင့် ထုတ်လုပ်နိုင်စွမ်းအား မြင့်တက်လာပြီး အလုပ်အကိုင်တွေကို ဖန်တီးပေးပါတယ်။ အဲဒီကတဆင့် ဝင်ငွေတိုးတက်လာပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်သစ်တွေကို သုံးစွဲဖို့အတွက် ပြည်တွင်းသုံးစွဲသူဈေးကွက်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။ ယေဘူယျ ပြောရရင် ချေးငွေဈေးကွက်တစ်ခုကို တိုးတက်အောင် ဆောင်ရွက်ခြင်းဟာ ဘယ်လိုနိုင်ငံအတွက်မဆို ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။

တိတိကျကျပြောရရင် ကျေးလက်နေ ဆင်းရဲသားပြည်သူတွေဟာ အသေးစား ငွေချေးလုပ်ငန်းရဲ့ အဓိက အကျိုးခံစားခွင့်ရှိသူတွေ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဆင်းရဲတဲ့လယ်သမား အများစုဟာ အာမခံတွေ ထားရှိဖို့ မတတ်နိုင်ကြတဲ့အတွက် ခက်ခဲတဲ့ နှစ်တွေကို ကျော်ဖြတ်နိုင်ဖို့ ချေးငွေ ရရှိခြင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးလှပါတယ်(ခက်ခဲတဲ့နှစ်တွေမှာ လယ်သမားတွေဟာ အကြွေးအတွက် ပြန်လည် ငွေပေးချေရာမှာ အခက်အခဲ ဖြစ်စေနိုင်ပါသော်လည်း) ။

ကျေးလက်နေ ဆင်းရဲတဲ့ ပြည်သူတွေဟာ ကြုံရာကျပမ်း အလုပ် ဒါမှမဟုတ် လယ်ယာအလုပ်ကို မှီခိုနေရတာကြောင့် သူတို့ရဲ့ ဝင်ငွေဟာ မသေချာ မရေရာပါဘူး။ ဘဏ္ဍာရေးဝန်ဆောင်မှုတွေက ဆင်းရဲတဲ့ ပြည်သူတွေ သူတို့ရဲ့ ပုံမှန်သုံးစွဲဖို့ လိုအပ်ချက်တွေ ဝယ်ယူနိုင်ဖို့အတွက် ဝင်ငွေ စီးဆင်းမှု ပုံမှန်စေဖို့ ကူညီပေးရမှာ ဖြစ်ပါတယ် (ဆိုလိုတာက သုံးစွဲမှု ချောမွေ့စွာ ဖြစ်ပေါ်စေဖို့) (Stockbridge & Dorward, 2017) ။

ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေက ဘာတွေလဲ

အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်တဲ့အခါမှာ ဘဏ္ဍာရေး ရပိုင်ခွင့်တွေကို တိုးချဲ့ခြင်းနဲ့ မြေယာပြုပြင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မရှိဘဲ ကျေးလက်နေ ဆင်းရဲတဲ့ ပြည်သူတွေထံက လယ်ယာတွေကို သိမ်းပိုက်ကာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကြီးမားတဲ့ လယ်ယာစိုက်ခင်းအဖြစ် ဖန်တီးပြီး စက်မှုလယ်ယာသို့ ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တာတွေကို (အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဘရာဇီးလ်နိုင်ငံတို့မှာ) တွေ့နိုင်ပါတယ်။ အဲဒီနိုင်ငံတွေဟာ အချိန်တိုအတွင်း စီးပွားရေး တိုးတက်မှုကို ရရှိခဲ့ပေမယ့်လည်း ရေရှည်မှာ စီးပွားရေး မညီမျှမှုကြောင့် စီးပွားရေး တိုးတက်မှုကို နှေးကွေးစေခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေး မတည်မငြိမ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ ရတဲ့ အခါတွေမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံဆိုရင် ၂၀ဝ၈ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက်ကြောင့် နိုင်ငံတွင်း စီးပွားရေး ပြိုကျမှု ဖြစ်ပေါ်ခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာတော့ ဆီအုန်းနဲ့ အခြားငွေရလွယ်တဲ့ သီးနှံတွေ အမြောက်အများ စိုက်ပျိုးခဲ့တာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင် များစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ် (Studwell, 2013)။

ချေးငွေ အလွယ်တကူ ရရှိဖို့ ဆောင်ရွက်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အဓိက ပြဿနာ တစ်ခုကတော့ ပြည်သူတွေကို အကြွေးတွေ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ အသိပညာ၊ လမ်းညွှန်မှုနဲ့ အကြံဉာဏ်တွေ ထောက်ပံ့ပေးမှုမရှိပါက အကြွေးနွံထဲ နစ်သွားနိုင်ချေ ရှိတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးမိခြင်း ဖြစ်ပါတယ်။ ဈေးကွက်တွေကို တရားဝင်ဖြစ်စေဖို့ ဖော်ထုတ်ခြင်းက အချို့ ပြဿနာတွေကို အတိုင်းအတာ တစ်ခုအထိ ကုစားနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ကလည်း ချေးငွေ တစ်ခုထဲပေါ်မှာ အာရုံစိုက်ခြင်းဟာလည်း ပြဿနာ တစ်ခု ဖြစ်ပါတယ်။ အခြား ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကလည်း အရေးကြီးပါတယ်။ ဥပမာ ငွေစုနိုင်တဲ့ နည်းလမ်းတွေကလည်း ဆင်းရဲတဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရပ်တည်လျက် ရှိပါတယ်။ ဝင်ငွေ မြင့်မားစွာ ရရှိတဲ့ နှစ်ကာလတွေမှာ အလွန်အကျွံ သုံးစွဲခြင်းကို လျော့ချနိုင်ပြီး စုဆောင်းငွေ ရှိထားပါက ချေးငွေ လိုအပ်ချက်ကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ကျေးလက်နေ လူအများစုဟာ မြို့ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ ဆွေမျိုးတွေဆီက ငွေလွှဲခြင်းအပေါ် ရပ်တည်နေကြရပါတယ်။ ဒီတော့ ငွေလွှဲတဲ့ နေရာမှာ ငွေပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းတွေကို လျော့ချနိုင်ဖို့ နဲ့ ငွေသားအနေဖြင့် ကိုင်ဆောင်ပို့ဆောင်ပေးရခြင်းတွေကို လျော့ချနိုင်ဖို့အတွက် လုံခြုံဘေးကင်းစွာ ငွေလွှဲနိုင်တဲ့ ယန္တရားရှိမယ်ဆိုရင် ကျေးလက်နေ ပြည်သူတွေအတွက် များစွာ အထောက်အကူ ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံလို နိုင်ငံတစ်ခုမှာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို တိုးချဲ့တဲ့အခါ ဖြစ်နိုင်ချေရှိတဲ့ အကြီးမားဆုံး ပြဿနာ တစ်ခုက မြေယာပြုပြင်ပြောင်းလဲရေး ကင်းမဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ ချေးငွေ တစ်ခု ရရှိဖို့အတွက် ငွေချေးလိုတဲ့သူဟာ အာမခံပစ္စည်း တစ်ခုခုကို ပေးဖို့ လိုအပ်ပါတယ်။ အာမခံပစ္စည်းဆိုတာ ချေးငွေ ပြန်လည် ပေးဆပ်ရာမှာ စိတ်ချသေချာမှု ရရှိစေရန် အတွက် ငွေချေးပေးသူက ရယူထားတဲ့ ပိုင်ဆိုင်မှု တစ်ခုခုကို ဆိုလိုပါတယ်။ ငွေချေးသူက ပြန်မဆပ်နိုင်ဘဲ ကြွေးဆုံးတဲ့ အခါမှာ အဲဒီပိုင်ဆိုင်မှုကို ကြွေးရှင်က ရယူသိမ်းပိုက်နိုင်ပါတယ်။ အာမခံပစ္စည်းကြောင့် ငွေချေးပေးသူရဲ့ဆုံးရှုံးနိုင်ခြေကို ကာကွယ်ပေးရာ ရောက်ပါတယ်။

မြေယာပိုင်ဆိုင်မှု အခွင့်အရေး ပေးထားတဲ့ နိုင်ငံတွေမှာ မြေယာကို အာမခံပစ္စည်းအဖြစ် အသုံးပြုလို့ ရနိုင်ပါတယ်။ အာမခံ ပစ္စည်း အနေနဲ့ အသုံးဝင်မဝင်ဆိုတဲ့ အချက်မှာလည်း မြေယာပိုင်ဆိုင်မှု တည်ရှိခြင်းနဲ့ ချေးငွေ ပြန်မဆပ်နိုင်တဲ့ အခါမျိုးမှာ အဲဒီမြေကို တရားဝင်လွှဲပြောင်းနိုင်ခွင့် ရှိမရှိ ဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပါတယ်။ ကျေးလက်နေ ဆင်းရဲသားပြည်သူတွေမှာ အာမခံပစ္စည်းအဖြစ်ပေးစရာ ပိုင်ဆိုင်မှု မရှိကြပါ။ ကမ္ဘာ့ နေရာ အနှံ့အပြားမှာလည်း မြေယာပိုင်ဆိုင်မှုကို တိတိကျကျ ရှင်းလင်း ဖွင့်ဆိုထားခြင်း မရှိတဲ့ အတွက် စိတ်ချ လုံခြုံမှုရှိတဲ့ ချေးငွေ ရယူနိုင်ခြင်းကို ဥပဒေကြောင်းအရ ဆောင်ရွက်ရန် အခက်အခဲ ဖြစ်နေပါသေးတယ်။ မြေယာ ပိုင်ဆိုင်မှုကို ခိုင်မာအားကောင်းစေဖို့ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို တိုးချဲ့မယ် ဆိုပါက အကြွေးဆုံးပြီး လယ်ယာမြေ အများအပြား ဆုံးရှုံးနိုင်တဲ့ ပြဿနာ ရှိနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာ မြေယာ အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ ကောင်းမွန်တဲ့ ဈေးကွက် တစ်ခု ကင်းမဲ့ခြင်းက ငွေချေးဖို့အတွက် သင့်တော်တဲ့ အာမခံပစ္စည်း ရရှိနိုင်ခြင်းကို ကန့်သတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဆိုလိုတာက ငွေချေးသူဟာ မြင့်မားတဲ့ အတိုးနှုန်းကို တောင်းခံဖို့ လိုအပ်လာပါတယ်။ အတိုးနှုန်း မြင့်တဲ့အတွက် ပြန်မဆပ်နိုင်တဲ့ နှုန်းလည်း မြင့်မားလာပါတယ်။ ကြွေးဆုံးနိုင်ချေ မြင့်မားခြင်းက ငွေချေးသူအတွက် နစ်နာမှု ဖြစ်ပြီး သူက ပိုမြင့်မားတဲ့ အတိုးနှုန်းကို တောင်းခံဖို့ လိုအပ်လာပါတယ်။ ဒီလိုနဲ့ အခြေအနေက အတိုးနှုန်း မြှင့်တင်လိုက်၊ ကြွေးဆုံးနိုင်ချေ မြင့်မားလာလိုက်နဲ့ အဆိုးသံသရာလည်ပြီး ပိုဆိုးဝါးလာနိုင်ပါတယ်။

မူဝါဒ ချမှတ်သူများအတွက် အကြံပြုချက်များ

  • ပါဝင်ပတ်သက်သူအားလုံးရဲ့ အသံတွေကို နားထောင်ပေးပါ။ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးထောက်ပံ့သူတွေသာမက အခြား ပါဝင်ပတ်သက်သူတွေ အထူးသဖြင့် လယ်သမားတွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ အသံကို ပိုမို နားထောင်ပေးပါ ။ အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ဘဏ်လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားဘက်က ရေးဆွဲထားမယ်ဆိုပါက နိုင်ငံအကျိုးစီးပွားနဲ့ ချေးငွေ လိုအပ်နေတဲ့ အသေးစား လယ်သမားတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုရာ ရောက်ပါလိမ့်မယ်။ မကြာမီ တင်လာတော့မယ့် အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက အသေးစိတ်လေ့လာထားပြီးဖြစ်ပေမယ့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူးရေး နဲ့ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွေက လေ့လာထားခြင်း ရှိမရှိ မသိသေးပါ (Anada, 2019)။ အဲဒီလို ဥပဒေအသစ်တွေနဲ့ အခြားသက်ဆိုင်တဲ့ မူဝါဒတွေကို စဉ်းစားရာမှာ လွှတ်တော်အနေနဲ့ အကြွေးသိမ်းပိုက်လိုသော သူတွေ၊ မြေယာသိမ်းဆည်းလိုတဲ့ သူတွေရဲ့ ဒဏ်ကို အများဆုံး ခံစားရနိုင်တဲ့ လူအဖွဲ့အစည်းရဲ့ ကိုယ်စားပြုသူတွေအဖြစ်နဲ့ သေသေချာချာ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။
  • အားလုံးပါဝင်နိုင်တဲ့ မြေယာမူဝါဒ တစ်ခုမှတဆင့် မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ကျေးလက်ဒေသ စီးပွားရေးအတွက် မြေယာနဲ့ ချေးငွေတို့ဟာ ခွဲခြားလို့ မရအောင် ချိတ်ဆက်နေပြီး မြေယာက ချေးငွေအတွက် အာမခံပစ္စည်းတစ်ခု ဖြစ်သလို ချေးငွေတွေကြောင့် ရာသီအလိုက် စိုက်ပျိုးထွန်ယက်နိုင်ပြီး မြေယာကို ပိုမိုတန်ဖိုးတက်စေပါတယ်။ မြေယာပြုပြင်ပြောင်းလဲမှု မရှိဘဲ ချေးငွေ ရယူနိုင်မှုကိုသာ တိုးမြှင့်လိုက်မယ်ဆိုပါက စီးပွားရေး လုပ်ငန်းရှင်တွေလက်ထဲမှာသာ အကျိုးအမြတ်တွေ စုပြုံရောက်ရှိသွားနိုင်ပြီး လယ်သမားတွေလက်ထဲက မြေယာတွေ ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
  • ချေးငွေအတွက် အာမခံပစ္စည်းအဖြစ် မြေယာပိုင်ဆိုင်မှုကို မပြသနိုင်ရင် အခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်သင့်ပါတယ်။ အချို့ နိုင်ငံတွေမှာ လူကြိုက်များလာတဲ့ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်း တစ်ခုက ဂိုဒေါင်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အာမခံထားခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ လယ်သမားတွေက သူတို့ရဲ့ ဂိုဒေါင်ထဲမှာရှိတဲ့ သီးနှံတွေကို အာမခံပစ္စည်းအဖြစ် ထားရှိတာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းရဲ့ ရည်ရွယ်ချက်က သီးနှံပေါ်ချိန်မှာ (အဲဒီအချိန်မှာလည်း သီးနှံဈေးနှုန်းတွေက အနိမ့်ဆုံး ဖြစ်နေတတ်ပါတယ်) ရှိပြီး ကြွေးမြီတွေကို ပေးဆပ်နိုင်ဖို့ ဒါမှမဟုတ် အခြား ဘဏ္ဍာရေးအရ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လယ်သမားတွေဟာ သူတို့ရဲ့ သီးနှံတွေ အားလုံးကို မဖြစ်နေ ရောင်းချရတဲ့ အခြေအနေမျိုးကနေ ရှောင်လွှဲနိုင်စေဖို့ အတွက် ဖြစ်ပါတယ် (Strockbridge & Dorward, 2017) ။