Posted in ဥပဒေရေးရာ သုတေသန on Aug 29, 2019

ရေနံသယံဇာတနဲ့ ပတ်သက်ပြီး ပြည်တွင်းဖူလုံမှုရှိဖို့နဲ့ ပြည်ပတင်ပို့ရောင်းချဖို့၊ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်လာစေဖို့နဲ့ ရေနံလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားကုမ္ပဏီတွေ ပိုပြီး ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ဖို့ ဥပဒေကြမ်းကို ရည်ရွယ်ပါတယ်။

ဥပဒေမူဘောင်

လွတ်လပ်ရေးရပြီးချိန်မှာ မြန်မာ့ရေနံလုပ်ငန်းကို အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအကြား ဖက်စပ်လုပ်ကိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်ဆန်းပိုင်းမှာတော့ အစိုးရက ပြည်သူပိုင်ပြုလုပ်ပြီး ကိုယ်တိုင်လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာ့ရေနံလုပ်ငန်းကို ဥပဒေကြောင်းအရ ထိန်းကျောင်းမှုနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ ဥပဒေမူဘောင် လက်ရှိအချိန်ထိ မရှိခဲ့သေးပါဘူး။ ၁၉၈၉ ခုနှစ်မှာ ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ “နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များဥပဒေ” အရ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချခြင်းနဲ့ လုပ်ငန်းထွက် ပစ္စည်း ထုတ်လုပ်ခြင်းတွေကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအဖြစ် သတ်မှတ်ပြီး အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မို့လည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) တို့ဟာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်မှာ လက်ရှိအချိန်အထိ ရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရေနံ အရန်သိုလှောင်မှု စည်ပေါင်း ၁၃၈ သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၈ ထရီလီယံထိ ရှိတယ်လို့ တွင်းထွက်သယံဇာတများ ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ အစိုးရတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုကို စောင့်ကြည့်ပေးနေတဲ့ EITI (Extractive Industries Transparency Initiative) အဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာ့ရေနံလုပ်ငန်း

EITI (Extractive Industries Transparency Initiative) အဖွဲ့ရဲ့ ဖော်ပြချက် (၂၀၁၅-၁၆) အရ မြန်မာနိုင်ငံရဲ့ တွင်းထွက်သယံဇာတ (ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်မျက်) တွေရဲ့ ‌ပြည်တွင်း အသားတင်ထုတ်လုပ်မှု - GDP ထည့်ဝင်အချိုးဟာ ၆ % ရှိပြီး အစိုးရဝင်ငွေရဲ့ ၂၀ % ရှိပါတယ်။ ပို့ကုန်ကဏ္ဍမှာဆိုရင်တော့ စုစုပေါင်းရဲ့ ထက်ဝက်နီးပါးအထိ ရှိနေပါတယ်။ အဲဒီ တွင်းထွက်သယံဇာတထဲကမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ အချိုးအစားဟာ အခြားပို့ကုန် သယံဇာတကဏ္ဍတွေထက် အလွန်ကြီးမား ကြောင်း EITI အစီရင်ခံစာတွေမှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ထုတ်ပြန်ချက်တွေမှာ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အခြားကဏ္ဍစုစုပေါင်းရဲ့ ၃၉.၃၆ % ထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းအရ လက်ရှိ ဘဏ္ဍာနှစ်အတွက် ဇူလိုင်လကုန်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍတစ်ခုတည်း ဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စုစုပေါင်းရဲ့ (၂၇.၅၉%) ထိ ရှိနေပါတယ်။

စွမ်းအင်ဆိုင်ရာမူဝါဒ

အစိုးရက ၂၀၁၃ ခုနှစ်မှာ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ကာ အမျိုးသားစွမ်းအင်မူဝါဒကို ရေးဆွဲခဲ့ပါတယ်။ အဲဒီမူဝါဒဟာ နိုင်ငံတော်ရဲ့ စွမ်းအင်သုံးစွဲမှု ဖူလုံစေရေးနဲ့ ဆက်စပ်နေပါတယ်။ ရေးဆွဲထားတဲ့ မူဝါဒ (၉) ချက်ဟာ အလားအလာကောင်းတဲ့ စွမ်းအင်သယံဇာတ အရင်းအမြစ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် သက်ရောက်မှု အနည်းဆုံးနဲ့ ရှာဖွေဖော်ထုတ်ဖို့၊ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းအဖွဲ့အစည်းတွေကို ပြန်လည်သုံးသပ်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းရည်မြှင့်တင်ဖို့ ဒါမှမဟုတ် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဖို့နဲ့ စွမ်းအင်ရှာဖွေထုတ်လုပ် ရေးလုပ်ငန်းတွေကို နိုင်ငံတကာအဆင့်မီ ဖြစ်စေဖို့လို့ ဆိုထားပါတယ်။

လက်ရှိဥပဒေကြမ်းဟာ ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနဲ့ ထုတ်လုပ်ခြင်းနဲ့ ပတ်သက်လို့ ရေးဆွဲထားတာဖြစ်ပြီး ချမှတ်ထားတဲ့ စွမ်းအင်မူဝါဒနဲ့ အညီ ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။

ဥပဒေကြမ်းများ

၂၀၁၈ ခုနှစ်ကလည်း ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနဲ့ ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့ဖူးပြီး လွှတ်တော်ထဲ ဆွေးနွေးခဲ့တာကိုတော့ မတွေ့ရပါဘူး။ အခု ၂၀၁၉ ခုနှစ်မှာ တင်သွင်းတဲ့ ဥပဒေကြမ်းကတော့ ၂၀၁၈ ခုနှစ်က ဥပဒေကြမ်းကို ထပ်မံပြင်ဆင်ပြီး တင်သွင်းလာတာ ဖြစ်တယ်လို့ ယူဆနိုင်ပြီး ဥပဒေပုဒ်မတွေ လျော့နည်းသွားကာ ပိုမိုစနစ်ကျလာတာကိုလည်း တွေ့နိုင်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို အများပြည်သူသိအောင် ချပြမယ်လို့ ဥပဒေကြမ်း ထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့အတွက် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့တွေ ဝေဖန် နေတဲ့အ‌ပေါ် ဖြေရှင်းဖို့ ကောင်းမွန်တဲ့ ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေကြမ်းထဲမှာ ထောက်ပြစရာအချက်လေးတွေ ရှိပါတယ်။

ပထမအချက်ကတော့ ပြည်သူတွေရဲ့ အချက်အလက်ရပိုင်ခွင့်နဲ့ သက်ဆိုင်ပါတယ်။ ဥပဒေကြမ်းအရ စာချုပ်ပါ အချက်တွေကို ပြည်သူတွေသိအောင် ဝန်ကြီးဌာနက ထုတ်ပြရမယ်လို့ ဆိုထားပေမယ့် လုပ်ငန်းဆိုင်ရာ အချက်အလက်တွေကိုတော့ ဌာနအနေနဲ့ လျှို့ဝှက်စွာ အသုံးပြုနိုင်တယ်လို့လည်း တစ်ဖက်မှာ ထပ်ဆိုထားပါ တယ်။ ဒါဟာ ပွင့်လင်းမြင်သာအောင် ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ အစိုးရမှာ တကယ်ပဲ စိတ်ဆန္ဒရှိတာ ဟုတ်ပါရဲ့လားလို့ မေးစရာ ဖြစ်နေပါတယ်။

ဒုတိယအချက်ကတော့ ဝန်ကြီးဌာနကရေနံ လုပ်ကွက်တွေ သတ်မှတ်ရာမှာ ပြည်သူတွေရဲ့ အခွင့်အရေး ထိခိုက်နစ်နာနိုင်မှုတွေအတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမဲ့လည်း စုံစမ်းရေး အဖွဲ့ဖွဲ့ရာမှာ အဖွဲ့ဝင်တွေအနေနဲ့ ဘယ်သူတွေ ပါမယ်ဆိုတာကို အတိအကျ ဖော်ပြမထားတဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ နစ်နာချက်ကို အမှန်တကယ် အကာအကွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါ့မလားလို့ မေးစရာ ဖြစ်နေပါတယ်။

လက်ရှိဥပဒေကြမ်းဟာ ရေနံလုပ်ငန်းကို ဥပဒေမူဘောင်အတွင်း ဖြစ်စေဖို့ ပထမဆုံးကြိုးပမ်းချက်လို့ ဆိုနိုင်ပေမယ့်လည်း အားနည်းချက်တွေ ရှိနေသေးတာကြောင့် ဒီထက်ပိုကောင်းအောင် ပြုပြင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

မိုးအောင် ရေးသားသည်။

စာကိုး

NRGI- “ How and why the Myanmar government should publish petroleum and mining contracts”

https://eiti.org/myanmar

https://www.dica.gov.mm/en/topic/fdi-actual-inflow