Posted in ဥပဒေရေးရာ သုတေသန on Nov 14, 2018

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်၊တိုင်းဒေသကြီးလွှတ်တော် ၁၄ ခုထဲက ၁၂ ခု ကို ထိန်းချုပ်နိုင်ပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူ့ရဲ့အမတ် ၈၅၀ လောက်အပေါ်မှာ စည်းကမ်းတင်းတင်းကျပ်ကျပ်ထားခဲ့ပါတယ်။ မီဒီယာတွေနဲ့ ထိတွေ့ မှုကိုလည်း ကန့်သတ်ပါတယ်။ လွှတ်တော်အမတ်တစ်ဦးချင်း ပြင်ဆင်လာတဲ့ အဆိုမူကြမ်းတွေကိုလည်း ပါတီတွင်းစိစစ်ရေးနဲ့ NLD ခေါင်းဆောင်ပိုင်းဖြစ်တဲ့ လွှတ်တော်ဥက္ကဌနှစ်ယောက်က ပယ်ချတာမျိုးတွေလည်း ပုံမှန် ရှိပါတယ်။ ပုံမှန်လွှတ်တော်တက် ပါတီဝင်အမတ်တွေအနေနဲ့ NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ “အခက်တွေ့စေမယ့် မေးခွန်း”တွေ မေးပြီး စိစစ်ထိန်းကျောင်းတာကို အပြည့်အဝ အသုံးမချကြဖို့ကိုလည်း အသေအချာ ပြောထားပါတယ်။ ပိုဆိုးတာက လွှတ်တော်ကိုယ်စားလှယ်အသစ်တွေအတော်များများအနေနဲ့ သူတို့ကို ပါတီရဲ့ အကြီးပိုင်းခေါင်းဆောင်တွေက စည်းကမ်းမလိုက်နာတဲ့ ကျောင်းသားလေးတွေလို ဆူငေါက်တာခံရတယ်လို့ ခံစားနေကြရတာဖြစ်ပါတယ်။

လွှတ်တော်တွင်း အာဏာရပါတီတစ်ခုအနေနဲ့ စည်းကမ်းနှင့် စုစည်းမှုလိုအပ်တာလည်း အမှန်ပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်လေ့လာမှုပြုတဲ့ နိုင်ငံရေး သီအိုရီအများစုမှာလည်း တာဝန်ယူမှုရှိတဲ့ ပါတီအခြေပြု အစိုးရတစ်ရပ် ဖြစ်ဖို့ဆိုရင် စည်းကမ်းကျန သေဝပ်တဲ့ နိုင်ငံရေးပါတီတွေ ရှိဖို့အခြေခံလိုအပ်တယ်လို့ ဆိုကြပါတယ်။ လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။

NLDအမတ်တွေအကြား မကျေမချမ်းဖြစ်တာတွေ ပိုများလာပေမယ့် NLD ထိန်းချုပ်ထားတဲ့လွှတ်တော်တွေစတင်တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကနေ ယနေ့အထိ လွှတ်တော်အတွင်းမှာ အုပ်စုလိုက် ပါတီကို ဆန့်ကျင်တာမျိုး ရှိမလာခဲ့သေးပါ။ ဒီအချက်ကလည်း တွေးရခက်စရာဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးအတွင်း ဥပဒေကြမ်းတစ်ခု အတည်ပြုတဲ့အခါ ပါတီကိုယ်စားပြု အမတ်တွေရဲ့ အပြည့်အဝထောက်ခံမှု မရတာဆိုလို့ ဆေးခွင့်ယူခြင်း၊ မဲဆန္ဒနယ်များ သွားရောက်နေခြင်း၊ သင်တန်း ဒါမှမဟုတ် နိုင်ငံတကာအစည်းအဝေးအတွက် ပြည်ပရောက်နေလို့ လွှတ်တော်မတတ်နိုင်ခြင်းတို့ရှိသော အနေအထားတွေကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ လွှတ်တော်အမတ်က မဲမဲခလုတ် မှားနှိပ်မိသွားလို့လည်း ဖြစ်နိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကတော့ခြွင်းချက်ဖြစ်နေပုံရပါတယ်။ လွှတ်တော်ထဲမှာ အသံကျယ်တဲ့ လွှတ်တော်အမတ်တွေက NLD ပါတီကို မောင်းနှင်လည်ပတ်နေသူတွေထဲမှာ အင်အားကြီးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်နေတဲ့ ဦးဖြိုးမင်းသိန်းကို လူသိရှင်ကြား ဝေဖန်ဖို့ ဝန်မလေးတာကိုလည်း မြင်တွေ့နေရပါတယ်။ ဒါပေမယ့်လည်း အခြားအခြားသော လွှတ်တော်အစုအဖွဲ့တွေထဲမှာတော့ သိသိသာသာ ရွေးထုတ်ပြနိုင်လောက်စရာ အစုအဖွဲ့တွေ ပေါ်မလာသေးပါဘူး။ တစ်သီးပုဂ္ဂလဆွေးနွေးချက်တွေ ဒါမှမဟုတ် မီဒီယာထဲမှာ ဖော်ပြခံရတဲ့ မကျေနပ်ချက်တွေက ထင်ရှားတဲ့ ဆန့်ကျင်ကန့်ကွက်မှုအဖြစ်တော့ မရောက်ရှိလာသေးပါ။ ပြည်သူ့လွှတ်တော် လယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဌဟောင်းဖြစ်တဲ့ NLDအမတ်တစ်ဦး နှုတ်ထွက်သွားတာမျိုးသာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အစောပိုင်းကာလမှာ သူ့ရဲ့ကော်မတီဥက္ကဌနေရာကို လွှတ်တော်ဥက္ကဌက လူစားထိုးခဲ့တာဖြစ်လာပါတယ်။ သူ့အနေနဲ့ ပါတီတွင်း စည်းကမ်းတွေကို လိုက်နာဖို့ လူသိရှင်ကြား ငြင်းဆန်ပြီး ပါတီမှနှုတ်ထွက်ကာ တစ်သီးပုဂ္ဂလအမတ်အဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာပါလဲ။ အာဏာရရှိပြီးနှစ်နှစ်ကြာပြီးတဲ့အချိန်အထိ NLD ဟာ ပါတီတွင်းဝေဖန်မှုတွေမြင့်တက်လာသည့်တိုင် ပါတီဝင်အမတ်တွေကို ထိန်းကွပ်နိုင်တဲ့အနေအထားမှာ ရှိနေနိုင်ခဲ့ရသလဲ။ အာဏာရပါတီတစ်ရပ်အနေနဲ့ ပါတီစည်းကမ်းကို မလိုက်နာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြစ်ဒဏ်ပြင်းပြင်းထန်ထန် ပေးနိုင်ပါတယ်။ကမ္ဘာတစ်လွှားမှာလည်း အာဏာရပါတီတွေအနေနဲ့ ဥပဒေကြမ်းတွေကို အတည်ပြုရာမှာ၊ ကော်မတီလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကိုယ့်သဘောအတိုင်း ထုတ်ဖော်ဝေဖန်တာနဲ့ အဟန့်အတားဖြစ်စေတာတွေကို တားဆီးဖို့၊ ဆန့်ကျင်ကန့်ကွက်မှုတွေကို လျှော့ချဖို့အတွက် ပါတီဝင်အမတ်တွေရဲ့ထောက်ခံမှုကို ရရှိနေဖို့အတွက် ဗျူဟာမျိုးစုံ၊ စည်းကမ်းထိန်းသိမ်းရေးနည်းလမ်းမျိုးစုံကို သုံးလေ့ရှိပါတယ်။ NLD အနေနဲ့လည်း မကြာသေးတဲ့ ကာလတွေမှာ ဒီနည်းလမ်းအစုစုကို စိတ်ရှိလက်ရှိအသုံးပြုနေပါတယ်။

ပထမဆုံးအနေနဲ့ အာဏာရပါတီရဲ့ စည်းကမ်းထိန်းသိမ်းမှုဟာ ပါတီကနိုင်ငံရေးသမားတစ်ယောက်ရဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်တယ် ဆုံးဖြတ်ပေးနိုင်တယ်ဆိုတဲ့ အခြေအနေတွေအပေါ်မှာ မြစ်ဖျားခံပါတယ်။ပါတီခေါင်းဆောင်တွေအနေနဲ့ ပုံမှန်အားဖြင့်သူကောင်းပြုခွင့်အာဏာကို စွဲကိုင်ကျင့်သုံးတတ်ပါတယ်။ NLD ပါတီခေါင်းဆောင်တွေလည်း ထို့နည်းတူပါပဲ။ ထိုပုဂ္ဂိုလ်ကြီးတွေဟာ ဝန်ကြီး၊ လွှတ်တော်အမတ် ရာထူးတွေနဲ့ ဒေသအဆင့် သို့မဟုတ် ဗဟိုအဆင့် ပါတီရာထူးတွေကို သစ္စာခံနိုင်သူတွေ ရရှိအောင် လုပ်ပေးနိုင်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ NLD အမတ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို နိုင်ပြီးတဲ့နောက်မှာ အစိုးရရာထူးတွေ (ပြည်နယ်/တိုင်းဒေသကြီး) ဝန်ကြီးချုပ်ရာထူးတွေ ရရှိခဲ့ကြပါတယ်။ ရွေးကောက်ပွဲနိုင် အမတ်အသစ်များကလည်း ပါတီရဲ့ ဒေသအဆင့်ရုံးတွေမှာ အရေးပါတဲ့ ရာထူးတွေ ရရှိကြပါတယ်။

ဒုတိယအချက်အနေနဲ့ အာဏာရပါတီတစ်ရပ်ဟာ ပြဿနာရှာနိုင်သူတွေကို ဖယ်ရှားရှင်းလင်းပြီး ပါတီရဲ့ အမတ်တွေကြားမှာ စုစည်းမှုရအောင် ကြိုးစားတာမျိုးလည်း ရှိနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရာထူးနေရာ ဝင်ပြိုင်ဖို့ ပါတီတစ်ခုကိုဝင်ရောက်တယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် အပေးအယူ သဘောမျိုးဆန်တဲ့ ကိစ္စမျိုး ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ပြောရဆိုရခက်သည့် နိုင်ငံရေးသမားတွေကို အလွယ်တကူပဲ ရှာဖွေသိရှိနိုင်လို့ ဒီပုဂ္ဂိုလ်တွေဟာ နောင်ရွေးကောက်ပွဲတွေမှာ ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါဝင်ဖို့ ငြင်းပယ်ခံရ နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလို မဲအများဆုံးရသူအနိုင်ယူရတဲ့ ရွေးကောက်ပွဲစနစ်နဲ့ အင်အားကြီးပါတီတစ်ရပ်ရဲ့ လွှမ်းမိုးမှုကလည်း ကြီးနေတဲ့ အခြေအနေမှာ အမတ်တစ်ယောက်အနေနဲ့ စွန့်စားရတဲ့ အတိုင်းအဆ ပမာဏက ကြီးလေ့ရှိပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီတုန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းအသစ်တွေကို ရွေးချယ်ခဲ့တဲ့ အပေါ်မှာ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြည်တွင်းက ပါတီ ဝန်းရံအားပေးသူတွေ တော်တော်ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။။ (NLD သပိတ်မှောက်ခဲ့တဲ့) ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ကြုံခဲ့ရသလိုမျိုး မကျေနပ်မှုတွေ အထိုက်အလျောက်ရှိခဲ့တဲ့ အနေအထားကို ရှောင်လွှဲနိုင်ဖို့အတွက် ပါတီရဲ့ အကြီးပိုင်းခေါင်းဆောင်မှုအပိုင်းအနေနဲ့ ငယ်ရွယ်ပြီး ထိမ်းရသိမ်းရ ပြောရဆိုရလွယ်နိုင်တဲ့ နိုင်ငံရေးလူသစ်တွေကို နေရာပေးဖို့ ကြိုးစားပြီး နှစ်ရှည်လများ ပါတီမှာ ဝင်ရောက်ဆောင်ရွက်ခဲ့တဲ့ နယ်မြေခံ ပါတီဝင်တွေကို တမင် ဖယ်ချန်ထားခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် အလားတူ အခြအနေတွေကို စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေး၊ မကွေးနဲ့ မွန်ပြည်နယ်တွေမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အလားတူ တွေ့ရပါတယ်။

တတိယအချက်အနေနဲ့ ပါတီခေါင်းဆောင်တွေဟာ ပါတီသဘောထားကိုဆန့်ကျင်ဖီဆန်တဲ့ အမတ်တွေကို ဘဏ္ဍာရေးပြစ်ဒဏ်များချမှတ်တာနဲ့ သူတို့ရဲ့ ပြည်တွင်းပြည်ပလုပ်ငန်းဆောင်တာတွေအပေါ်မှာ ပါတီရဲ့ ထောက်ခံမှုမပေးတော့တဲ့ နည်းလမ်းနဲ့စည်းကမ်းကြပ်မတ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ပါတီခေါင်းဆောင်ပိုင်းဟာ အမတ်တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ ရက်သတ်မှတ်ထားပြီးဖြစ်တဲ့ နိုင်ငံခြားခရီးစဉ်များ ဖျက်သိမ်းပစ်တာ ဒါမှမဟုတ်ဒေသအဆင့်ပါတီရုံးခွဲတွေမှာ ပါတီလုပ်ငန်းဆောင်တာတွေဝင်ရောက်ဆောင်ရွက်ခြင်းကနေ ဆိုင်ငံ့ထားတွေကို အသုံးပြုပြီး အရေးယူလေ့ရှိတတ်ပါတယ်။ ဒီ့အပြင် ပါတီရဲ့အမတ်တွေအနေနဲ့ သူတို့ရဲ့ လစဉ် လစာ ကျပ်ဆယ်သိန်း ထဲကနေ ၂၅ ရာခိုင်နှုန်းကို NLD ရဲ့ ပါတီရန်ပုံငွေအတွက် လှူဒါန်းရပါတယ်။ ဒီပမာဏကလည်းအခြားပါတီတွေနဲ့ယှဉ်ရင် အများကြီး ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

(ကိုယ်ပါတီက) ဥပဒေပြုအမတ်တွေ (ပါတီနဲ့) တစ်သားတည်းရှိနေအောင် စည်းရုံးထားနိုင်ဖို့အတွက်က ဒီ့ထက်ပိုပြီး ညင်သာတဲ့ နည်းလမ်းတွေ အသုံးပြုလို့လည်း ရပါတယ်။အင်အားကြီးပါတီလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ်တွေမှာ လွှတ်တော်တွင်း သဘောထားဆန့်ကျင်ကွဲလွဲမှုဆိုတာ ပုံမှန်အားဖြင့် မရှည်ကြာတတ်ဘဲ အကြောင်းအရာကိစ္စ တစ်ရပ်ရပ်ပေါ်မှာပဲ အခြေခံတတ်ပါတယ်။ မကျေနပ်မှု မဖြစ်စေရန် အမတ်တစ်ဦးချင်းကို နားချစည်းရုံးပြီး မကျေနပ်မှုကို ချေဖျက်တာက များသောအားဖြင့် အလုပ်ဖြစ်လေ့ရှိပါတယ်။ မူဝါဒပိုင်းဆိုင်ရာအပေးအယူညှိနှိုင်းမှုတွေလည်း လုပ်လို့ရပြီး ဆန့်ကျင်ပုန်ကန်လာဖွယ်ရှိတဲ့ အမတ်တစ်ယောက်ကို သူအရေးကြီးတယ်လို့ယူဆတဲ့ ကိစ္စတစ်ရပ်ရပ်ကို လွှတ်တော်အစီအစဉ်ထဲ ထည့်သွင်းပေးပြီးတော့လည်း မကျေနပ်မှုတွေ ဖြေလျော့နိုင်ပါတယ်။ ဝေဖန်ခံရမှုတွေ ခံနေရတဲ့ အသရေဖျက်မှုဥပဒေတွေကို လွှတ်တော်မှာ ပြန်သုံးသပ်ဖို့အတွက် ၂၀၁၇ ဇူလိုင်လထဲမှာပဲ NLD က စတင်ကြိုးစားခဲ့တာက ပါတီဝင်အမတ်တွေဘက်က စိုးရိမ်မှုတွေ များလာတာကြောင့်ဆိုတဲ့ အချက်ကြောင့် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက သဘောမတူပေမယ့် လက်ခံလိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ အမတ်တော်တော်များများဟာ ဒီလိုမျိုး ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေရဲ့ ဒဏ်ကို တစ်ချိန်က ခံခဲ့ကြရတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ဖြစ်ကြပါတယ်။

ငယ်ရွယ်တဲ့ အမတ်တွေ ပထမဆုံးအကြိမ် ရွေးကောက်ခံရတဲ့ အမတ်တွေကိုလည်း တဖြည်းဖြည်းနဲ့ အစုအဖွဲ့လိုက် ဘုံစဉ်းစားမှု၊ “အဖွဲ့အစည်းရဲ့ ဘုံကောင်းရာကောင်းကျိုး” ဆိုတဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်တဲ့ အတွေးအခေါ်တွေဆီကို တဖြည်းဖြည်း လက်ခံလာပြီး၊ တစ်သီးပုဂ္ဂလ စဉ်းစားချက်တွေ ဘေးဖယ်ထုတ်နိုင်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။ NLD ဟာ ၂၀၁၅ ခုနှစ်ကတည်းကကိုယ်စားလှယ်လောင်းတွေနဲ့ အမတ်တွေအတွက် သင်တန်းတွေ၊ ရှေ့ပြေးသင်တန်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ များစွာပြုလုပ်ပေးခဲ့ပါတယ်။ သင်တန်းတွေမှာလည်း “ပြည်သူကို မျက်နှာမူ”ဖို့ သင်ခဲ့ကြပါတယ်။ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စုအဆင့် အမတ်တွေအတွက် နေရာချထားပေးတဲ့ စည်ပင်ဧည့်ရိပ်သာမှာ ခက်ခက်ခဲခဲနေရထိုင်ရတဲ့ အခြေအနေကစလို့ သူတို့ရဲ့ ဝေဖန်ချက်တွေ၊ အပြစ်တင်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ကြဖို့ ညွှန်ကြားတာ ခံကြရပါတယ်။

ရည်မှန်းချက်ကြီးမားတဲ့ အမတ်တွေအနေနဲ့ သူတို့ရဲ့ ရှေ့တက်လှမ်းရမည့် အခွင့်အရေးနဲ့ ထပ်မံ ရွေးကောက်ခံရရေးတွေကို အဟန့်အတားမဖြစ်ရလေအောင် ဒါမှမဟုတ်လည်း အခြားသောအခွင့်အရေးတွေနဲ့ အကျိုးခံစားခွင့်တွေ ပိတ်ပင်မခံရလေအောင် သတိထားနေရတဲ့အတွက် မြန်မာ့လွှတ်တော်မှာ ပါတီရဲ့ စည်းကြပ်မှုက အခုထိတော့ အလုပ်ဖြစ်နေဆဲပါပဲ။ (ဒါ့အပြင် NLD ဟာ မိမိရဲ့ နိုင်ငံရေးရည်မှန်းချက်တွေဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အင်အားကောင်း၊ ထောက်ခံမှုရှိတဲ့ တစ်ခုတည်းသော ပါတီအနေနဲ့ ရှုမြင်ထားတဲ့ နိုင်ငံရေးသမား အလောင်းလျာတွေများစွာ ပြည်တွင်းမှာ ရှိနေတာလည်း အမှန်ပဲဖြစ်ပါတယ်။) တက်ကြွလှုပ်ရှားသူကနေ အမတ်ဖြစ်လာတဲ့ သူတွေအနေနဲ့ နိုင်ငံရေးမလုပ်တတ်တာ၊ လွှတ်တော်တွင်းမှာ သဘောတူခြင်းနဲ့ ဆန့်ကျင်ခြင်းရဲ့အကြား အတိုးအဆုတ်နဲ့ နိုင်ငံရေးလုပ်ဖို့ အတွေ့အကြုံကောင်းကောင်း မရှိတာကြောင့်လည်း ပါတီစည်းကြပ်မှု အလုပ်ဖြစ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေကို ကောင်းကောင်း မကျေညက်တာရယ်၊ အာဏာရပါတီအနေနဲ့ ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို ခွင့်ပြုပေးထားခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတဲ့ အချက်ကို နည်းမလည်တာရယ်ကြောင့် အတွေ့အကြုံနည်းတဲ့ အမတ်တွေအနေနဲ့ နှုတ်ဆိတ်၍သာနေပြီး ပါတီစည်းကြပ်မှုကို မချိုးဖောက်ကြဖို့ပဲ ဦးတည်ကြပါတယ်။ စစ်အစိုးရ ကမကထပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD ဝင်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တုန်းက အပြင်းအထန် သဘောထားကွဲတဲ့ အခြအနေကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲ့တုန်းကနဲ့ မတူတော့တာက အဲ့ဒိအချိန်က သဘောထားကွဲခဲ့တာ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းဖြစ်ပြီး၊ အခုသဘောထားကွဲလွဲမှုတွေက ပါတီရဲ့ ငယ်ရွယ်တဲ့ မျိုးဆက်နဲ့ ပါတီဝင်သစ်တွေကြားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့လူ့အဖွဲ့အစည်းဟာ အစဉ်အလာအားဖြင့် ရိုသေကျိုးနွံခြင်းနဲ့ စည်းကမ်းကျနခြင်းတို့ကို အဓိကတန်ဖိုးများအဖြစ်မှတ်ယူတဲ့ ဗုဒ္ဓဓဘာသာရဲ့ လွှမ်းမိုးမှုအတွင်းမှာ ပုံဖော်တည်ဆောက်ထားတာဖြစ်ပါတယ်။ အသက်အရွယ်၊ ဝါစဉ်ကို အထူးအလေးထားပြီး ငယ်ရွယ်သူတွေရဲ့ မကျေနပ်မှုကို ပုံမှန်အားဖြင့် လက်သင့်မခံတတ်ပါ။ မြန်မာနိုင်ငံကို လက်တွေ့မှာခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပါတီရေးရာစီမံခန့်ခွဲမှုအပေါ် တစ်သီးပုဂ္ဂလအားဖြင့် ဝေဖန်လေ့ရှိတတ်တဲ့ လူငယ်ပါတီဝင်တွေဟာ လူသိရှင်ကြား ထုတ်ဖော်ဝေဖန်တာ လုပ်လေ့မရှိပါဘူး။

သို့တိုင် အာဏာရပါတီတစ်ခုအနေနဲ့ ကြုံရနိုင်တဲ့ နိုင်ငံရေးအန္တရာယ်များလည်း ရှိနေပြန်ပါတယ်။ မကျေမချမ်းဖြစ်မှု ပိုများလာပါက အမတ်တွေအနေနဲ့ တခြားနည်းလမ်းရှာတာ၊ ဘက်ပြောင်းတာ ဖြစ်လာနိုင်ချေ ပိုရှိပါတယ်။ တင်တင်စီးစီး စည်းကြပ်တာနဲ့လူသိရှင်ကြား ဆူပူကြိမ်းမောင်းတာကြောင့် ဝါရင့်ပါတီခေါင်းဆောင်ပိုင်းအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ဖြစ်အောင် တွန်းပို့မိတတ်ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဦးဝင်းထိန်ကို သူရဲ့ ပါတီတာဝန်များကနေ တရားဝင်မဟုတ်သည့်တိုင် ရုပ်သိမ်းထားတဲ့အတွက် NLD အမတ်တွေနဲ့ ပါတီဝင်တွေအတွက် သိသိသာသာ စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်က ပါတီယန္တရားကို ပဲ့ကိုင်စည်းရုံးခေါင်းဆောင်ခဲ့ပြီး အာဏာပြင်းပြင်းနဲ့ မောင်းနှင်ခဲ့တဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အသက် ၇၅နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းထိန်ဟာ လွှတ်တော်အစည်းအဝေးကျင်းပနေတဲ့ ကာလတွေမှာ နေပြည်တော် စည်ပင်ရိပ်သာမှာရှိတဲ့ သူရဲ့အခန်းကနေ အမတ်များကို ဩဇာပေးနေခဲ့တာကြောင့် သတင်းကြီးနေခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ NLD အနေနဲ့ ရွေးကောက်ပွဲကို နိုင်နေသေးသည့်တိုင် လက်ရှိအမတ်အများစုကို ဆုံးရှုံးကောင်း ဆုံးရှုံးရဖွယ်လည်း ရှိနေပါတယ်။ သက်တမ်းတစ်ကြိမ်တည်းနဲ့တင် ပွင့်ပွင့်လင်းလင်းပင် လွှတ်တော်နိုင်ငံရေးကို တော်ပါပြီဟု ပုဒ်မချချင်သူ အမတ်များလည်း ရှိနေပြီ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် NLD ကို ဝင်ရောက်ခဲ့ကြတာဟာ သူတို့မဲဆန္ဒနယ်က ပြည်သူတွေ မျှော်လင့်တဲ့ မူဝါဒတွေ ချမှတ်ဖို့အတွက်ဖြစ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို စောင့်ဆိုင်းအလုပ်လုပ်ဖို့ဆိုပြီး ဝင်ရောက်ခဲ့ကြတာမဟုတ်။ ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ အဆူအဆဲနဲ့ စည်းကြပ်ခြင်းခံဖို့မဟုတ်ပေ။

NLD အနေနဲ့ ငယ်ရွယ်ပြီး စိတ်ပိုင်းဖြတ်မှုရှိသလောက် သစ္စာခံမှုပိုင်းမှာ အားနည်းနိုင်ချေရှိတဲ့ ဥပဒေပြု အမတ်မျိုးဆက်တစ်ဆက်ကို ဖယ်ထုတ်ပြီး ရပ်တည်နိုင်မလား။ အောက်ခြေမှ အဆင့်ဆင့်တက်ပြီး ဆုံးဖြတ်တဲ့ အခြေအနေမျိုးကို မဖန်တီးပဲ၊ ပါတီစည်းကမ်းကနေ သွေဖယ်နိုင်ချေရှိသူတွေရဲ့ ဆန့်ကျင်ကွဲလွဲမှုတွေကို မဖြေရှင်းပဲ အမတ်တွေအပေါ် တင်းတင်းကျပ်ကျပ် ဆက်ထိန်းကွပ်ထားနိုင်ဦးမလား။ အခုအချိန်တော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အဲ့လိုဆက်လုပ်နိုင်သေးတယ်လို့ ထင်နေကြပါတယ်။ ရှေ့လာမယ့်ရွေးကောက်ပွဲတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဉ္စလက်ဆန်ဆန် အရှိန်အဝါတွေကို အားပြုပြီး နိုင်နိုင်သေးတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ဖြစ်ပါတယ်။ မြို့ပြနေပညာတတ် အသံကျယ်တဲ့ နိုင်ငံသားတွေနဲ့ နိုင်ငံရေးသမားတွေကတော့ NLDကို ဝေဖန်ပြစ်တင်ကောင်း ပြစ်တင်ကြပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသတွေက ကျေးလက်နေ မဲဆန္ဒရှင်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာတောင်မှ “အမေစု” ရဲ့ နိုင်ငံရေး လှုပ်ရှားမှုအတွက် မဲထည့်ကြဦးမှာလို့ ပါတီက ယုံကြည်နေပုံပါပဲ။

ရေတိုကာလအတွက်ကတော့ ပါတီခေါင်းဆောင်ပိုင်း ချမှတ်ထားတဲ့ စည်းကမ်းသတ်မှုတွေက လွတ်တော်ထဲမှာတော့ ပါတီကို ထိခိုက်စရာမရှိပဲ အကျိုးတောင်ပြုနေနိုင်ပါသေးတယ်။ ဒါပေမယ့် ရေရှည်မှာတော့ စည်းကမ်းထိန်းကွပ်မှုဒဏ်ကြောင့် ပါတီနဲ့လွှတ်တော်နိုင်ငံရေး နှစ်ခုစလုံးကို စွန့်ခွာဖို့ စဉ်းစားလာနိုင်တဲ့ စိတ်ပျက်သွားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူမျိုးဆက်တစ်ဆက် ပေါ်ပေါက်လာစေနိုင်ပါတယ်။ ပါတီဝင်အမတ် အနုတ်အသိမ်းများလွန်းရခြင်းနဲ့ အတွေ့အကြုံမရှိတဲ့ အမတ်တွေနဲ့ပဲ အမြဲတစေ လွှတ်တော်ကို လည်ပတ်နေမယ်ဆိုရင် မြန်မာတို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ NLD အတွက်လည်း ပါတီရဲ့ လုပ်ရည်ကိုင်ရည်အရှိဆုံး၊ အတွေ့အကြုံအရှိဆုံး ဥပဒေပြုအမတ်တွေကို ပိတ်ပင်ထားသလိုဖြစ်နေပါလိမ့်မယ်။ ဒီလိုသာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မြန်မာ့လွှတ်တော်ရဲ့ စုစည်းခိုင်မာအားကောင်းမှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုကျွမ်းကျင်လာမှုကိုပါ ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

Renaud Egreteauသည် နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် Caretaking Democratization: The Military and Political Change in Myanmar (Oxford University Press & Hurst, 2016) နှင့် အာရှဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် Parliamentary Development in Myanmar: An Overview of the Union Legislature, 2011-2016 အစီရင်ခံစာများကို ရေးသားခဲ့သူဖြစ်ပါသည်။

TEA CIRCLE OXFORD မှ ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဖော်ပြခဲ့သည့် Renaud Egreteau ၏ “How Myanmar’s ruling party keeps its lawmakers under control” ကို ရဲမြင့် ဘာသာပြန်ဆိုသည်။