Posted in ဥပဒေရေးရာ သုတေသန on Sep 04, 2019

ဒီဥပဒေမူကြမ်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရေးဆွဲထားတယ် ယူဆလို့ ရပါတယ်။

လက်ရှိအခြေအနေ (ဝ၂.ဝ၉.၂၀၁၉) - ၁၅.ဝ၈.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက် စာမျက်နှာမှာ တွေ့ရပြီး ပြည်သူ့လွှတ်တော်ကို စတင်တင်သွင်းလာနိုင်တဲ့ အလားအလာ ရှိပါတယ်။


• ဒီဥပဒေမူကြမ်းထဲမှာ အဓိက ပြင်ဆင်ချက်အနေနဲ့ သုံးမျိုး တွေ့နိုင်ပါတယ်။

• ပထမတစ်မျိုးဟာ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ “ဆေးပညာ” ဆိုတဲ့ စကားရပ်ထဲမှာဆိုရင် “ဝေဒနာသက်သာစေခြင်း” ဆိုတဲ့ စကားစု ထပ်တိုးလာတာကို တွေ့နိုင်ပါတယ်။ “ကန့်သတ် အထွေထွေ ဆေးကုသခွင့်လိုင်စင်” နဲ့ “ကန့်သတ် အထူးဆေးကုသခွင့်လိုင်စင်” ဆိုတဲ့ စကားရပ်တွေကိုလည်း “သီးခြား သတ်မှတ် အထွေထွေဆေးကုသခွင့်လိုင်စင်” နဲ့ “သီးခြားသတ်မှတ် အထူးဆေးကုသခွင့်လိုင်စင်” ဆိုပြီး ပြောင်းလဲထားပါတယ်။ နောက်ထပ်ကတော့ ကောင်စီဖွဲ့စည်းရာမှာ ပါဝင်တဲ့ " ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲရေးဦးစီးဌာန " စကားရပ်ကို " ကျန်းမာရေး လူ့စွမ်းအားဦးစီးဌာန" ဆိုတဲ့ စကားရပ်နဲ့ " ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများ " စကားရပ်ကို " ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီး ဌာနမှူးများ" ဆိုတဲ့ စကားရပ်တွေ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

• ဒုတိယတစ်မျိုးကတော့ နာယကအဖွဲ့ရဲ့ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံဆေးကောင်စီရဲ့ အဖွဲ့ဝင်အရေအတွက် နဲ့ ကောင်စီရဲ့ ပုံမှန်အစည်းအဝေး ကျင်းပချိန်တွေ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းအရဆိုရင် နာယကအဖွဲ့ဟာ ကောင်စီက ကျင်းပတဲ့ အစည်းအဝေးတွေမှာ တက်ရောက်၊ ဆွေးနွေး၊ အကြံပြုတာတွေကို လုပ်လာနိုင် ပါမယ်။ မြန်မာနိုင်ငံဆေးကောင်စီဝင်အရေအတွက်ကိုလည်း ၆၅ ဦးမှ ၇၅ ဦးအထိ တိုးမြှင့်လိုက်ပြီး ကောင်စီအဖွဲ့ဝင် အနေနဲ့လည်း အများယုံကြည်လေးစားရတဲ့ အငြိမ်းစားဆရာဝန်ကို ၇ ဦးမှ ၁၅ ဦးထိ ထည့်သွင်း ဖွဲ့စည်းလိုက်ပါတယ်။ ကောင်စီရဲ့ပုံမှန် အစည်းအဝေးကို သုံးလတစ်ကြိမ်မှ လေးလတစ်ကြိမ်ကို ပြောင်းလဲလိုက်ပါတယ်။

• တတိယပြင်ဆင်ချက်တစ်မျိုးကတော့ မှတ်ပုံတင်စာရင်းပယ်ဖျက်ခံရခြင်းအတွက် ပြန်လည်လျှောက်ထား နိုင်မှု ကို ထပ်တိုးထည့်သွင်းထားပါတယ်။ မူလဥပဒေအရဆိုရင် မှတ်ပုံတင်ဆရာဝန်တစ်ဦးကို မူးယစ် ဆေးဝါးသုံးစွဲမှု၊ ပြစ်မှုကျူးလွန်မှု၊ ကျင့်ဝတ်သိက္ခာပျက်ကွက်မှုတို့ကြောင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး ပြန်လည်လျှောက်ထားခွင့်အတွက် ပြဋ္ဌာန်းချက် ပါရှိမထားပါဘူး။ ဒီပြင်ဆင်ချက်ဥပဒေကြမ်းအရဆိုရင် အဆိုပါဆရာဝန်တွေဟာ ပြန်လည်ပြုပြင်ပြီးပါက ဆရာဝန်မှတ်ပုံတင် ပြန်လည်လျှောက်ထားနိုင်ပြီး ကောင်စီကလည်း စီစစ်၊ စစ်ဆေး၊ သုံးသပ်ကာ ပြန်လည်ထုတ်ပေးတာတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခြားဆက်စပ်ဥပဒေများ

၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေ

မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ နှင့် လက်မှတ်များ ဥပဒေကြမ်း ၂၀၁၉

လင့်ခ်များ

ဥပဒေကြမ်း - https://pyidaungsu.hluttaw.mm/uploads/pdf/MQZbg0_20190814.docx.pdf

Myanmar Medical Council - https://www.facebook.com/myanmarmedicalcouncil/

Myanmar Medical Association - https://www.mmacentral.org/

World Medical Association - https://www.wma.net/

ဆက်သွယ်ရန်

Moe Aung, The Ananda, moeaung@theananda.org