Posted in ဥပဒေရေးရာ သုတေသန on Oct 03, 2019
ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပတာနဲ့ ပတ်သက်ပြီး နော်အုံးလှအပါအဝင် သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်း/စု/စီ) ဥပဒေ ပုဒ်မ ၂၀ အရ ထောင်ဒဏ် (၁၅)ရက် ချမှတ်ခဲ့ပါတယ်။ စောဘဦးကြီး ကျဆုံးတဲ့ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်ကို ကရင်အာဇာနည်နေ့အဖြစ် ကျင်းပလာခဲ့တာဟာ (၆၉) နှစ် ရှိပြီ ဖြစ်ပါတယ်။ ကရင်အာဇာနည်နေ့ သတ်မှတ်မှုက ကရင်တိုင်းရင်းသားတွေ စိတ်ဆန္ဒအရ သတ်မှတ်ပိုင်ခွင့်ရှိသလို ဂုဏ်သိက္ခာရှိရှိ ကျင်းပခွင့် ရရှိသင့်ပါတယ်။
တရားစွဲခံရတဲ့ အကြောင်းရင်း
နော်အုံးလှတို့ဟာ ကရင်အာဇာနည်နေ့ကို ငြိမ်း/စု/စီ ဥပဒေနဲ့အညီ ခွင့်ပြုချက်တင် ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် "ကရင်အာဇာနည်နေ့" ဆိုတဲ့ စာသားကို အသုံးပြုခဲ့တဲ့အတွက် ငြိမ်း/စု/စီ ပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ “ကရင်အာဇာနည်နေ့” ဆိုတဲ့ စကားလုံးကို "မြို့နယ်အဆင့် အာဏာပိုင်များက အထက်ညွှန်ကြားချက်အရ" ဆိုကာ တားမြစ်ခဲ့ကြတာ ဖြစ်တယ်လို့ တရားစွဲခံရသူတွေကို မေးမြန်းပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရသူ ဦးဇော်ဋ္ဌေးက ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပတာကြောင့် တရားစွဲဆိုခြင်းမဟုတ်ဘဲ ငြိမ်း/စု/စီ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့အတွက် တရားစွဲဆိုခံရတာသာ ဖြစ်ကြောင်း မီဒီယာတွေကတစ်ဆင့် တုံ့ပြန် ပြောဆိုထားပါတယ်။
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဥပဒေ
၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၈) အဖြစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေရဲ့ အခန်း(၃) က တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်အခန်း ဖြစ်ပါတယ်။
အခန်း (၃) ပုဒ်မ (၄) အရ တိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် သတ်မှတ်ထားတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ရရှိမှာ ဖြစ်ပြီး ပုဒ်မ (၄-ဂ) မှာတော့ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရ ဆောင်ရွက်တဲ့ အခမ်းအနားတွေနဲ့ နေ့ထူးနေ့မြတ်တွေကို လွတ်လပ်စွာကျင်းပခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
ပုဒ်မ (၄-ည) မှာလည်း တိုင်းရင်းသားတွေရဲ့ သမိုင်းဖြစ်စဉ်ကို ဖော်ထုတ်ခွင့်နဲ့ အမွေအနှစ်တွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ်ခွင့် ရှိရမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဥပဒေပါ ပုဒ်မ (၂၂) က ဘယ်လိုပုဂ္ဂိလ်မျိုးမဆို ဥပဒေပါ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်း မပြုရလို့ ပြဋ္ဌာန်းထားပြီး ပိတ်ပင်တားဆီးခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။
တားမြစ်ချက်တွေက ဥပဒေရဲ့ ရည်ရွယ်ချက်ကို ထိခိုက်စေနေသလား
ဥပဒေရဲ့ ရည်ရွယ်ချက်ထဲမှာ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့ဆိုတာ ပါရှိသလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဥပဒေမှာ အတိအလင်း သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ပြဋ္ဌာန်းထားပေမယ့် တားမြစ်ချက်တွေထဲမှာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို နိုင်ငံရေးကိစ္စအလို့ငှာ အလွဲသုံးစား မပြုလုပ်ရဆိုတာနဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်းကြားထဲမှာ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း ဖြစ်ပေါ်စေဖို့ ရည်ရွယ်တဲ့ ဒါမှမဟုတ် ပေါ်ပေါက်စေတဲ့ အပြုအမှုတွေ မလုပ်ရဆိုပြီး ပါရှိပါတယ်။ ဒီ့အတွက်ကြောင့် ဥပဒေအရ ရရှိထားတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေဟာ တားမြစ်ချက်တွေကြောင့်ပဲ ပြန်လည်ပိတ်ပင်ခြင်း ခံလိုက်ရသလို ဖြစ်နေပါတယ်။
တားမြစ်ခံရတဲ့ စာသား
“ကရင်အာဇာနည်နေ့” ကို ကျင်းပလာခဲ့တာ (၆၉)နှစ် ရှိပြီဖြစ်လို့ ကရင်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်သဖွယ် ဖြစ်နေပါပြီ။ “ကရင်အာဇာနည်နေ့” ကျင်းပခြင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်နိုင်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့လည်း ဆန့်ကျင်တာမျိုး မရှိပါဘူး။ ဒီ့အတွက် "ကရင်အာဇာနည်နေ့" ဆိုတဲ့ စာသားကို ဘာကြောင့် "ခွင့်ပြုချက်" မရရှိခဲ့တာလည်းဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေသလို တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဥပဒေပါ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အခွင့်အရေးဆိုင်ရာ နောက်ဆုံးခံတပ်
နိုင်ငံသားတွေနဲ့ တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ တခြားဥပဒေတွေမှာ ရပိုင်ခွင့်နဲ့ တာဝန်တွေကို ပြဋ္ဌာန်းထားရှိပါတယ်။ ဒါပေမဲ့လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ပုဒ်မတွေက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုရင် ဥပဒေက ပေးထားတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဘယ်သူမှ ခံစားခွင့် ရနိုင်မှာ မဟုတ်ပါဘူး။
အခု နော်အုံးလှတို့အမှုကို ငြိမ်း/စု/စီ ဥပဒေပုဒ်မ (၂၀) နဲ့ စီရင်ချက်ချမှတ်ပြီးသွားပေမယ့် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတဲ့ဥပဒေတွေကို ကျော်လွန်နေသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို လုပ်ဆောင်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပဲ ဖြစ်ပါတယ်။
ခုံရုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ခွင့်တွေ ရှိပါတယ်။ ခုံရုံးဥပဒေအရ တရားရုံးမှာ စစ်ဆေးနေဆဲ အမှုတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲတယ်လို့ ယူဆရင် တရားရုံးက ပြည်ထောင်စုတရားသူကြီးချုပ်ကို တင်ပြပြီး တရားသူကြီးချုပ်ကတဆင့် ခုံရုံးကို ဆုံးဖြတ်ဖို့ တင်သွင်းခွင့် ရှိပါတယ်။ အခု အမိန့်ချခံရတဲ့အမှုနဲ့ ပတ်သက်ပြီး နော်အုံးလှတို့က ခရိုင်တရားရုံးကို ဆက်လက် အယူခံဝင်မယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ငြိမ်း/စု/စီ ဥပဒေအရ အခုလို ပြစ်ဒဏ်ချမှတ်မှုဟာ တိုင်းရင်းသားအခွင့်အရေး အကာအကွယ်ပေးရေးဆိုင်ရာဥပဒေနဲ့ရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားရပိုင်ခွင့်တွေနဲ့ပါ ဆန့်ကျင်ကွဲလွဲနေသလားဆိုတာကို ခရိုင်တရားရုံးက ပြည်ထောင်စုတရားသူကြီးမှတဆင့် ခုံရုံးကို ဆုံးဖြတ်ခိုင်းဖို့ အခွင့်အလမ်း ရှိနေပါသေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေနဲ့ တိုင်းရင်းသားဆိုင်ရာအခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေပါ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံသားတွေရဲ့ နောက်ဆုံးခံတပ်နေရာ ဖြစ်ပါတယ်။
လှမျိုးကျော်ရေးသားသည်။