Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Apr 29, 2019
လူဦးရေ ၃ သိန်းခန့် ရှိပြီး စတုရန်းကီလိုမီတာ ၁၁၀ဝ၀ ကျော် ကျယ်ဝန်းတဲ့ ကယားပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်နယ် အစိုးရက မူဝါဒ (၇) ရပ် ချမှတ်ထားပါတယ်။ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
ကယားပြည်နယ်အစိုးရက သူတို့ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့အတွက် ဘဏ္ဍာငွေတွေကို ဘယ်လိုပုံစံ ခွဲဝေသုံးစွဲသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ Citizen Budget ကို ထုတ်ပြန်ထားပါတယ်။ ဒီတော့ Citizen Budget မှာ ပါရှိတဲ့ ဘဏ္ဍာငွေ ခွဲဝေထားမှုကို မလေ့လာခင်မှာ အစိုးရက မူဝါဒတွေ ဘယ်လို ချမှတ်ထားတယ်ဆိုတာကို အရင် သိထားဖို့ လိုအပ် ပါတယ်။
ဘက်ဂျက်ရေးဆွဲတဲ့အခါ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ဘယ်လောက်အထိ နီးစပ်မှု ရှိတယ်၊ မရှိဘူးဆိုတာဟာ အရေးကြီးသလို ဘက်ဂျက်ပါ စီမံကိန်းတွေဟာ လူထုအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်၊ မရှိဘူးဆိုတာဟာ အရေးကြီးပါတယ်။
ကယားပြည်နယ် မူဝါဒ
ဒီမူဝါဒတွေကို ရည်မှန်းချက် (၅) ရပ်နဲ့ ရေးဆွဲထားတာ ဖြစ်ပြီး (က) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်း ပညာများ၊ သွင်းအားစုများ၊ ငွေရေးကြေးရေး အရင်းအနှီးများ ရရှိရေးနှင့် ဈေးကွက်စနစ် ဖော်ဆောင်နိုင်ရန် (ခ) မြို့ပြနှင့် ကျေးလက်နေ ပြည်သူတို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို အချိုးကျမျှတစွာ ခံစား ရရှိနိုင်ရေး ဆောင်ရွက်ရန် (ဂ) ပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် (ဃ) နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရန် (င) ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် တို့ ဖြစ်ပါတယ်။
ဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့အတွက် ကယားပြည်နယ်အစိုးရက လုပ်ငန်းစဉ် (၈) ရပ် ချမှတ် ထားပါတယ်။
ပြည်နယ်အစိုးရရဲ့ ၀င်ငွေရလမ်းများ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကယားပြည်နယ်မှာ ဝင်ငွေရလမ်းပေါင်း ၁၄ ခု ရှိတယ်လို့ Citizen Budget မှာ ဖော်ပြထားပြီး ဝင်ငွေစုစုပေါင်းဟာ ကျပ်သန်းပေါင်း ၆၀၂၆၆.၉၇၂ ရှိပါတယ်။ ဒီရငွေထဲမှာ လွှတ်တော်အမတ်တွေအတွက် သုံးစွဲခွင့်ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀ဝ (ကျပ်သန်း ၁၀ဝ x ၇ မြို့နယ်) ကိုလည်း ၀င်ငွေအဖြစ် ထည့်သွင်းထားပါတယ်။ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဟာ ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ဥပဒေအရ ပြဌာန်းတာဖြစ်လို့ ပြည်နယ်ရဲ့ ဘတ်ဂျက်ဥပဒေထဲ ပါဝင်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ စုစုပေါင်း တရားဝင် ဝင်ငွေကို တွက်မယ်မဆိုရင်တော့ ဒီသန်း ၇၀၀ ကို ဖယ်ပြီး တွက်ရမှာ ဖြစ်ပါတယ်။ ၀င်ငွေရလမ်းမှာ ပြည်ထောင်စုက ထောက်ပံ့ငွေဟာ ရငွေလျာထားချက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့် (ကျပ်သန်းပေါင်း ၅၄၉၃၃.၅၈၂) အထိ ပါဝင်ပါတယ်။
ဒါကြောင့် ရငွေလျာထားချက်မှာ ပြည်ထောင်စုက ထောက်ပံ့ငွေနဲ့ လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို ဖယ်လိုက်မယ်ဆိုရင် ပြည်နယ်က ရရှိတဲ့ အခွန်အခတွေနဲ့ ပြည်ထောင်စုက ပေးတဲ့ အခွန်ဝေစု စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၄၆၃၂.၉၇၂ ပဲ ရှိပါတယ်။ ဒီပမာဏဟာ ပြည်နယ်က ရှာဖွေနိုင်တဲ့ ဝင်ငွေပမာဏပဲ ဖြစ်ပါတယ်။
ထူးခြားချက် နောက်တစ်ခုကတော့ ပြည်နယ်က ကောက်ခံတဲ့ ပစ္စည်းခွန်၊ ယစ်မျိုးခွန်၊ ဘီးခွန်၊ မြေယာပေါ်တွင် ကောက်ခံ သည့်အခွန်၊ ရေခွန်၊ သစ်တောထွက်ပစ္စည်းခွန်၊ အမြတ်ခွန်ဝေစု၊ ငါးလုပ်ငန်းဆိုင်ရာအခွန်နဲ့ ငွေလုံးငွေရင်းရငွေ စုစုပေါင်းဟာ ၃၂၅ သန်းကျော်သာ ရှိပြီး ဒီပမာဏဟာ လွှတ်တော်ကိုယ်စားလှယ်တွေ စီမံခန့်ခွဲရတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ (ကျပ် ၇၀ဝ သန်း) ရဲ့ ထက်ဝက်တောင် မရှိဘူးဆိုတာပါပဲ။
လမ်းတံတားတွေအတွက် ထက်ဝက်ကျော် သုံးဖို့ လျာထား
ပြည်နယ်အစိုးရရဲ့ အသုံးစရိတ်ကို ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ သာမန်အသုံးစရိတ်ဆိုပြီး နှစ်ပိုင်းခွဲပါတယ်။ ငွေလုံး ငွေရင်းအသုံးစရိတ်မှာ “လမ်း၊ တံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း” လုပ်ငန်းအတွက် ကျပ်သန်း ပေါင်း ၂၁၁၅၃.၉၂၂ သန်းအထိ သုံးမယ်လို့ လျာထားပြီး ဒီပမာဏာမှာ စုစုပေါင်း ငွေလုံးငွေရင်းအသုံးစရိတ် (ကျပ်သန်း ပေါင်း ၄၇၀၆၄.၄၅၇) ရဲ့ ထက်ဝက်ခန့် ရှိပါတယ်။
သာမန်အသုံးစရိတ်မှာတော့ ကဏ္ဍ ၆ ခု ပါဝင်ပြီး လစာစရိတ် ချီးမြှင့်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း/ဆောင်ရွက်ခြင်းတို့ ကုန်ကျစရိတ်/လုပ်အားခ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပညာရေးနှင့် လူမှုရေး အသုံးစရိတ်၊ ခရီးသွားလာစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်နဲ့ ပင်စင်လစာတွေ ပါဝင်ပါတယ်။
ဒီအသုံးစရိတ်ထဲမှာ လစာစရိတ် ချီးမြှင့်ငွေအတွက် စုစုပေါင်းအသုံးစရိတ် ၁၃၂၀၂.ဝ၉၇ ရဲ့ ၅၀.၂% (ကျပ်သန်ပေါင်း ၆၆၁၀.၂၂၂) အထိ သုံးထားပါတယ်။
ဘယ်သူတွေ ငွေရှာပြီး ဘယ်သူတွေ သုံးမှာလဲ...
အစိုးရတစ်ရပ်မှာ ဝင်ငွေ ရှာပေးတဲ့ အဖွဲ့အစည်းတွေ ရှိသလို အသုံးချည်းရှိတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ များသောအားဖြင့် စည်ပင်သာယာကဲ့သို့သော အဖွဲ့အစည်းတွေဟာ ငွေရှာတဲ့အပြင် အသုံးလည်း ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ဗဟိုအဖွဲ့အစည်းမှာ ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ် ဥပဒေချုပ်ရုံးနဲ့ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့ ပါဝင်ပါတယ်။ ဝန်ကြီးဌာနများထဲမှာတော့ ပြည်ထဲရေး၊ စိုက်ပျိုးရေး/မွေးမြူ ရေးနှင့် ဆည်မြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးဦးစီးဌာန (အားကစားနှင့် ကာယ ပညာ)၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး တို့ ပါဝင်ပါတယ်။
ပြည်နယ်ရဲ့ အဓိကမူဝါဒတစ်ရပ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ အသုံးစရိတ်ပိုင်းမှာတော့ ဘက်ဂျက်ခွဲဝေထားမှု လျော့နည်းနေတာကို တွေ့ရပါတယ်။ ပြည်နယ်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုလုံးရဲ့ အသုံးစရိတ်ဟာ ကျပ် ၂၅၄၅ သန်းကျော် အသုံးပြုဖို့ လျာထားပြီး ဝန်ကြီးဌာန လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာန အသုံးစရိတ်ကတော့ ကျပ် ၁၁၅၁ သန်းကျော်ပဲ ရှိပါတယ်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
အကြမ်းဖျဉ်းအားဖြင့် ကယားပြည်နယ်ရဲ့ အသုံးစရိတ်ကို အုပ်ချုပ်မှုစရိတ်နဲ့ ဒေသဖွံ့ဖြိုးရေးစရိတ်ဆိုပြီး နှစ်ပိုင်း ခွဲထားပြီး ရငွေ အားလုံးရဲ့ ၃၂.၃၅% (ကျပ် ၁၉၄၉၇.ဝ၅၁ သန်း) ကို အုပ်ချုပ်မှုစရိတ်အဖြစ် သုံးဖို့ လျာထားပြီး ကျန် ၆၇.၆၅% ဖြစ်တဲ့ ကျပ် ၄၀၇၆၉.၅၀၃ သန်းကိုတော့ ဒေသဖွံ့ဖြိုးရေးမှာ အသုံးပြုဖို့ လျာထားပါတယ်။ ဒီထဲမှာ ငွေလုံးငွေရင်း အသုံးစရိတ်ရော၊ သာမန်အသုံးစရိတ်တွေရော ပါဝင်ပါတယ်။
ဘက်ဂျက်ထဲမှာ ကယားပြည်နယ်တွင်းပါဝင်တဲ့ မြို့နယ် ခုနစ်ခုအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းတွေအလိုက် စီမံကိန်းတွေနဲ့ သုံးစွဲမယ့် ငွေပမာဏတွေကိုလည်း ဖော်ပြထားပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာဆိုရင် တံတားနဲ့ ဆက်စပ်တဲ့ စီမံကိန်း ၁၁၆ ခုအထိ လုပ်ကိုင်ဖို့ လျာထားပြီး ပြည်နယ်မြို့တော် လွိုင်ကော်မှာဆိုရင် လမ်းနဲ့ ဆက်စပ်တဲ့ စီမံကိန်း ၈၇ အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်မယ့် စီမံကိန်းလျာထားမှု အနည်းဆုံးမြို့နယ်ကတော့ ဖားဆောင်းဖြစ်ပြီး လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး အပါအဝင် အခြားဖွံ့ဖြိုးရေး စီမံကိန်း စုစုပေါင်း ၄၅ ခုသာရှိပြီး လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုတို့မှာဆိုရင် လုပ်ငန်းပေါင်း ၂၀ဝ ကျော်စီ ရှိပါတယ်။
ပြည်နယ်အစိုးရရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒမှာ "ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက် မျှတစွာ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်လာစေရေး" ဆိုပြီး ပါရှိပေမယ့်လည်း ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မယ့် စီမံကိန်းအရေ အတွက်ကို ကြည့်မယ်ဆိုရင် မြို့တော် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ စီမံကိန်းတွေ များနေပြီး ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောတို့မှာ နည်းနေပါတယ်။
၀င်ငွေတိုးဖို့ လို
ချမှတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်ကို မျက်ခြည်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအတွက် အခက်အခဲ တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အခွန်အခက ရတဲ့ ဝင်ငွေဟာလည်း ပြောပလောက်တဲ့ အခြေအနေမှာ မရှိတာအပြင် အစိုးရရဲ့ ဝင်ငွေရလမ်းဟာ ပြည်ထောင်စုအစိုးရကို အလုံးစုံနီးပါး မှီခိုနေရတဲ့ အနေအထားပါ။ အခွန်ဝင်ငွေ တိုးတက်ရေးနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက ထုတ်ဝေတဲ့ Citizen Budget မှာလည်း “ပြည်သူတွေအနေနဲ့ နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်အခတွေကို အပြည့်အဝ ပေးဆောင်ရမယ်” လို့ ဆိုထားပေမယ့် ပြည်နယ်က ကောက် ခံရရှိတဲ့ အခွန်အကောက်ချည်း သီးသန့်ဟာ တစ်နှစ်လုံးအတွက် ကျပ်သန်း ၃၀ဝ ကျော်သာ ရှိနေတာပါ။
ပြည်နယ်အစိုးရရဲ့ လုပ်ငန်းစဉ် (၈) ရပ်ထဲက “အခွန်ဝင်ငွေ မျှတစွာ တိုးတက်ရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ် တိုးတက် ပွားများလာအောင် ဆောင်ရွက်ခြင်း”ဆိုတဲ့ အချက်ကို ထည့်သွင်းထားပြီးဖြစ်ပေမယ့် ဒီအချက်ကို ပိုပြီး အကောင်အထည် ဖော်နိုင်မယ့် နည်းလမ်းတွေကို တွက်ချက် အကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာလျှင် ရေရှည်မှာ ပြည်ထောင် စုကို အလုံးစုံနီးပါး အားကိုးနေရတဲ့ အနေအထားကနေ အထိုက်အလျောက် ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။
လူထု ပါဝင်တဲ့ ဘက်ဂျက်ဖြစ်ဖို့လို…
အခွန်ဆိုတာကလည်း လူထုက ပေးဆောင်မှသာ အစိုးရက ရရှိတာ ဖြစ်ပါတယ်။ လူထု အခွန်ဆောင်လာဖို့ဆိုရာမှာ အစိုးရက လူထုအတွက် ဘယ်လောက်လုပ်ပေးနေတယ်ဆိုတာကို လူထုကိုယ်တိုင်က သိမြင်နေမှ ဖြစ်ပါတယ်။ လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လေ လူထုဘဝ ပိုမိုအဆင်ပြေလာမှာဖြစ်ပြီး ကျွဲကူးရေပါဆိုသလို အခွန်ထမ်းဆောင်ခြင်းကလည်း တစ်ပါ တည်း တွဲပါလာမှာပါ။
ဒီလိုဖြစ်ဖို့အတွက် အစိုးရက ဘက်ဂျက်ရေးဆွဲတဲ့အခါ လူထုလိုအပ်ချက်ကို သိထားဖို့ဆိုတဲ့အချက်ကလည်း အရေးပါလာပြန် ပါတယ်။ ဒါကြောင့် လူထုပါဝင်ပူးပေါင်းမှုရှိတဲ့ ဘတ်ဂျက်စနစ်ကို ကျင့်သုံးလေ့ ရှိပါတယ်။ နိုင်ငံသားတွေ ကိုယ်တိုင် သူတို့ ပိုင်ဆိုင်တဲ့ ရင်းမြစ်တွေကို ဘယ်လိုပုံ ဘယ်လိုနည်း ခွဲဝေအသုံးချမယ်ဆိုတာကို ကိုယ်တိုင် ပါဝင်ညှိနှိုင်းတိုင်ပင်ခွင့်၊ ဆုံးဖြတ်ရွေးချယ်ခွင့်ရအောင် လမ်းဖွင့်ပေးထားတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လူထု ပါဝင်ပတ်သက်တဲ့ ယဉ်ကျေးမှု အစဉ်အလာရှိခဲ့ပေမယ့် ပြည်သူ ပါဝင်တဲ့ မူဝါဒချမှတ်မှု အလေ့အထ၊ ပြည်သူပါဝင်တဲ့ ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ကျင့်သုံးတဲ့ ယဉ်ကျေးမှုက မရှိသလောက်ကို နည်းပါးပါတယ်။
လူထုပါဝင်တဲ့ ဘက်ဂျက်ရေးဆွဲမှုပုံစံကို လုပ်ဆောင်နိုင်မယ်ဆိုရင် အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု ပိုမို ခိုင်မြဲစေပြီး ထိရောက်တဲ့ ဘဏ္ဍာငွေသုံးစွဲမှုကို အားကောင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု တိုးတက်စေပြီး အခွန်အခ ပိုမိုရရှိနိုင်ဖို့ အလားအလာကောင်းတွေ ဖန်တီးနိုင်ခြင်း၊ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို လူထုက ပိုမိုနားလည်လာပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို အထောက်အပံ့ ဖြစ်စေခြင်းတွေ ရလာနိုင်ပါတယ်။ ဒီထက် ပိုအရေးပါတာကတော့ အစိုးရက ဘက်ဂျက်ရေးဆွဲတဲ့ ဖြစ်စဉ်မှာ လူထုရဲ့ လိုလားချက်၊ ဆန္ဒ၊ စိုးရိမ်ချက် စတဲ့ အသံတွေကို နားထောင်ပြီး ဘဏ္ဍာရေး အရင်းအမြစ် သုံးစွဲတဲ့နေရာမှာ ဘက်ညီမျှတမှုကို ဖြစ်စေခြင်းပါပဲ။
ပြည်နယ်အတွင်းက ဘယ်နေရာကတော့ တကယ်လိုအပ်နေတယ်၊ ဘယ်နေရာကတော့ ဘာလိုအပ်တယ်ဆိုတာကို ဒေသခံလူထုက ပိုပြီး သိတတ်ပါတယ်။ ဒါကြောင့် လူထုသာ ဘက်ဂျက်ရေးဆွဲတဲ့ ဖြစ်စဉ်မှာ ဝင်ရောက်ဆွေးနွေးအကြံပြုနိုင်ကြမယ်ဆိုရင် တကယ်လိုအပ်တဲ့နေရာကို ထိထိရောက်ရောက် သုံးနိုင်ဖို့အတွက် အစိုးရအနေနဲ့ သတင်းအချက်အလက် ရရှိနိုင်မှာ ဖြစ်သလို သုံးစွဲတဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေဟာလည်း ထိရောက်မှာ ဖြစ်လို့ ပြည်နယ် ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
အောင်ထွန်းလင်း ရေးသားသည်။
ကိုးကား -
Kayah State Citizen Budget (2018-2019)
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း - ကယားပြည်နယ်