Posted in Political Institutions on Jul 18, 2019

Photo:Kyaw Zin Win

မေလ ၂၄ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်က လွှတ်တော်အမတ်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို မိန့်ခွန်းပြောကြားရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရေး အဓိကထားပြောသွားခဲ့ပါတယ်။ အထူးသဖြင့် သမ္မတက တရားမျှတမှုဆိုတဲ့ စကားလုံးတွေကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်ကို တွေ့ ရှိနိုင်သည်။ သမ္မတ ဦးဝင်းမြင့်ဟာ မဏ္ဍိုင်သုံးရပ်မှ အရာရှိတွေကို မိန့်ခွန်းပြောကြားသည် အခါတိုင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားရောက်တဲ့ ခရီးစဉ်တိုင်းမှာ ဒီစကားလုံးတွေကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိတာကိုလည်း တွေ့ရှိရပါတယ်။

ဒီစကားလုံးဟာ အလွန်ကောင်းမွန်တဲ့ စကားလုံးဖြစ်တာကိုတော့ ဘယ်သူကမှ ငြင်းကြမယ် မဟုတ်ပါ။ ဒါပေမယ့် အမှန်တကယ် သူရည်ရွယ်တဲ့ တရားမျှတမှုဆိုတာ ဘာကို ရည်ညွှန်းတာပါလဲ။

နေပြည်တော် ကောင်စီရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စတင်မိတ်ဆက်တဲ့ပွဲမှာ သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့ဝင်တွေအနေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်တစ်ခု ရရှိစေရန် ဆောင်ရွက်သင့်တယ်လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

သူပြောကြားခဲ့တဲ့ မိန့်ခွန်း အဓိက အနှစ်သာရကတော့ ဒီမိုကရေစီစနစ်အတွက် လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့ရဲ့ အရေးကြီးကြောင်း၊ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း၊ အစိုးရ ဝန်ထမ်းတွေအနေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်ဓါတ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လွှတ်တော် အတွင်း မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းတို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍအရေးကြီးကြောင်း၊ ပြည်သူပိုင်ဘဏ္ဍာတွေကို ပွင့်လင်းမြင်သာစွာနဲ့ အကျိုးရှိစွာ သုံးစွဲဖို့ လိုအပ်ကြောင်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒီလို စကားလုံးတွေကို နိုင်ငံရေးသမားတွေဆီက အမြဲပဲ ကြားနေရတတ်ပါတယ်။ ဘယ်သူကမှ လွတ်လပ်မှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှု စတဲ့ အချက်တွေကို ငြင်းချက် ထုတ်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးက ကောင်းပါတယ်လို့ပဲ ပြန်လည် တုန့်ပြန်ကြမှာပါ။ ဒါပေမယ့် ဒီစကားလုံးတွေဟာ အာဏာရ နိုင်ငံရေးသမားထံမှဖြစ်စေ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေး သမားထံမှ ဖြစ်စေ ကြားရတဲ့အခါမှာတော့ ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အမှန်တကယ် အကောင်အထည် ဖော်နိုင်မယ့် တိကျသည့် အစီအစဉ်တွေ၊ မူဝါဒတွေ ပါမလာတတ်တာကိုလည်း အများအားဖြင့် ကြုံတွေ့ရတတ်ပါတယ်။ ဒီအခြေ အနေကို မကြာသေးခင်က ပြုလုပ်ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာတင် အလားတူ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ စည်ပင် ကိုယ်စားလှယ်လောင်းအများစုဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရမယ် ဒါမှမဟုတ် သန့်ရှင်းသော မြို့တော်ကို တည်ဆောက်မည် စသဖြင့် ကောင်းမွန်သော ကတိကဝတ်တွေ ပေးကြပေမယ့် ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ကို ပြောဆိုကြခြင်းတော့ မရှိပါဘူး။

အတိုချုပ်ပြောရလျှင် အပြောထက် အလုပ်က ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် သမ္မတရဲ့ စကားလုံးတွေဟာ ဘယ်အချက်ကို ရည်ရွယ်တယ်၊ အစိုးရအနေဖြင့် ဒီကတိစကားတွေကို အကောင်အထည်ဖော်ရာမှာ ဘယ်လောက်ထိ အောင်မြင်မှုတွေ ရရှိနေပြီလဲ ဆိုတဲ့အချက်တွေကို ပိုပြီး အသေးစိတ် လေ့လာသုံးသပ်ဖို့ လိုအပ်လာပါတယ်။ သမ္မတ တစ်ဦးက ပြည်သူ့ဝန်ထမ်းတွေကို တရားမျှတမှု လိုအပ်ကြောင်း ပြောဆိုတယ်ဆိုတာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတအနေဖြင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်ထဲ ပြန်ရောက်တဲ့အခါ ဒီကတိစကားတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုံလောက်သော အရင်းအမြစ်တွေ၊ တန်ဖိုးထားမှုတွေနှင့် မက်လုံးတွေကို ဖန်တီးပေးထားပါသလား။

"နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတမှုရှိရန်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအသီးသီးတွင် တရားမျှတမှုရှိမှ ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ တရားမျှတမှုမရှိ၍ ဒီမိုကရေစီအခြေခံအုတ်မြစ် မခိုင်မြဲပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့်ငြိမ်းချမ်းသာယာ၀ပြောသည့်နိုင်ငံကို တည်ဆောက်ရန် မလွယ်ပါကြောင်း။"

-ဦးဝင်းမြင့်၊ နိုင်ငံတောသမ္မတ

ဒီတရားမျှတမှုဆိုတဲ့ စကားလုံးကို နည်းလမ်းအမျိုးမျိုးနဲ့ ဖွင့်ဆိုရှင်းလင်းနိုင်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဘယ်သူကမှ တရားမျှတမှု အလိုမရှိလို့ ပြောကြမှာ မဟုတ်ပါဘူး။ ဒီလိုကျယ်ပြန့်တဲ့ မူတွေကို အစိုးရရဲ့ မူဝါဒထဲ ထည့်သွင်းမယ် ဆိုရင်လည်း အယူအဆ ရပ်တည်ချက်အခြေအနေတွေပေါ်မူတည်ပြီး အကျိုးရလဒ်တွေလည်း အမျိုးမျိုး ကွဲပြားနိုင်ပါသေးတယ်။ သမ္မတ ဦးဝင်းမြင့်က လူမှုရေးမျှတမှု၊ စီးပွားရေး မျှတမှုနဲ့ နိုင်ငံရေး မျှတမှုဆိုတဲ့ အသုံးအနှုန်းကိုလည်း သုံးစွဲသွားပါသေးတယ်။ ဒီစကားလုံးတွေကရော ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ။ ဒီစကားလုံးတွေရဲ့ မတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေက အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ ဒီအယူအဆတွေအပေါ်အတွေးအခေါ်ပညာရှင်တွေ နှစ်ထောင်ပေါင်းများစွာ ငြင်းခုံဆွေးနွေးလာကြတဲ့ အချက်ကို ထောက်ရင် ဒီစကားလုံးတွေ အဓိပ္ပာယ်ဖွင့်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရမှာဖြစ်ပါတယ်။ အလားတူပဲလက်တွေ့ အကောင်အထည်ဖော်ဖို့လည်း ပိုတောင် ခက်ခဲမယ်လို့ ယူဆနိုင်ပါတယ်။

ပထမဦးစွာ နားလည်ရမယ့် အချက်က တရားမျှတမှု အပေါ်မှာ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်ဟာ သူလက်ခံ ကျင့်သုံးတဲ့ ကိုယ်ကျင့်တရားစနစ်အပေါ်တွင် အများကြီး မှီခိုနေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ (ကိုယ်ကျင့်တရားဆိုတာကတော့ နေ့စဉ် လူ့ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာ ဘယ်အရာတွေကို လုပ်သင့်တယ်။ ဘယ်အရာတွေကတော့ မှန်ကန်တယ်လို့ ယူဆလက်ခံထားတဲ့ အချက်တွေကို ဆိုလိုပါတယ်။)

ဥပမာအားဖြင့် အသုံးဝင်မှု၊ အသုံးကျမှုကို အခြေခံစဉ်းစားတဲ့ အစိုးရတစ်ရပ်ဟာ လူအများဆုံးအတွက် အကျိုးကျေးဇူး အများဆုံးရှိတဲ့ မူဝါဒကို ချမှတ်မှာဖြစ်ပါတယ်။ ဆိုလိုတာက စုစုပေါင်း ရရှိမယ့် အကျိုးတရားက များစွာအလေးသာနေတယ်ဆိုရင် လူနည်းစုရဲ့ ဆင်းရဲဒုက္ခကို လျစ်လျူရှုသင့်တယ်လို့ အဲ့ဒိလိုအစိုးရမျိုးက မှတ်ယူကြပါတယ်။

ဥပမာအားဖြင့်ပြောရရင် I-Robot ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ထဲမှာ စက်ရုပ်တွေကို ထိန်းချုပ်ထားတဲ့ စူပါကွန်ပြူတာ တစ်လုံးဟာ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို အသုံးပြုပြီး လူသားတွေဟာ လွတ်လပ်မှုထက် ဘေးကင်းလုံခြုံမှုကို ပိုပြီးအလေးထားတယ်ဆိုတဲ့ အချက်ကို တွက်ချက်နားလည်သွားပါတယ်။ ဒါ့ကြောင့် အလုပ်သင့်ဆုံး လုပ်ရပ်က လူသားအားလုံးကို ထိန်းချုပ်ပြီး တစ်ဦးနဲ့ တစ်ဦး ဒုက္ခမပေးနိုင်အောင် လုပ်ရမယ်လို့အဲ့ဒိစူပါကွန်ပြူတာက ဆုံးဖြတ်ပစ်လိုက်ပါတယ်။

နောက်တစ်ခုက လုပ်ရပ်ကောင်းမွန်မှုကို အခြေခံစဉ်းစားတဲ့ ကိုယ်ကျင့်တရား (စည်းမျဉ်းစည်းကမ်းအခြေခံ ကိုယ်ကျင့်တရား ဟုလည်း လူသိများကြပါတယ်) ကတော့ လူအားလုံးမှာ တန်းတူညီမျှ အခွင့်အရေးရှိပြီး၊ ဒီအခွင့်အရေးတွေကို ကာကွယ်ပေးရမယ့် တာဝန်ဟာ အာဏာရှိသူတို့၏ တာဝန်ဖြစ်သည်ဟု လက်ခံယူဆတဲ့ပုံစံဖြစ်ပါတယ်။ ဒီပုံစံမှာတော့ လူတစ်ဦးစီရဲ့ အခွင့်အရေးကို အခြားသူတွေအပေါ်ထားရှိရမယ့် ဝတ္တရားနဲ့ ချိတ်ဆက်ထားပါတယ်။

ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းရဲ့ အပိုဒ် (၁၇) မှာ လူသားအားလုံးဟာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် ရှိရမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အစိုးရတွေအနေဖြင့် ဒီအခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့အတွက် ပိုင်ဆိုင်မှု ဥပဒေတွေ ပြဌာန်းပေးရပြီး၊ ပိုင်ဆိုင်မှုကို ခိုးယူတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးထားရတာဖြစ်ပါတယ်။

စာရိတ္တစံကို အခြေခံကိုယ်ကျင့်တရားကို ဦးစားပေးသူ တစ်ယောက်အနေနဲ့ ဆိုရင်တော့ သူ့ရဲ့ လုပ်ရပ် မှန်ကန်မှု ရှိမရှိ ကိုအဓိက အာရုံစိုက်ပါတယ်။ သူ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို စိတ်မဝင်စားမှာ မဟုတ်ပါဘူး။ လူကောင်းတစ်ယောက် ဖြစ်ဖို့ကိုပဲ ကြိုးစားမှာဖြစ်တဲ့အတွက် ရိုးသားမှု၊ ဂုဏ်သိက္ခာရှိမှု ဒါမှမဟုတ် သနားကြင်နာမှုကိုပဲ ဖော်ပြဖို့ စဉ်းစားလေ့ရှိပါတယ်။

ဥပမာ ချမ်းသာတဲ့ သူဌေးတစ်ဦးဟာ နိုင်ငံရဲ့ ပညာရေးစနစ်ကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး သူ့ဆီက အခွန်တွေများများကောက်မယ်ဆိုရင် ထောက်ခံချင်မှ ထောက်ခံပါလိမ့်မယ်။ ဒီလုပ်ရပ်က လူအများအတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိနိုင်လိမ့်မယ်လို့ သိဦးတော့ အခွန်နှုန်းထားကြီးမြင့်တာကို သဘောကျ နှစ်ခြိုက်ချင်မှ ကျပါလိမ့်မယ်။ အဲ့ဒိအစား ထိုသူဌေးကြီးဟာ စာသင်ကျောင်း တစ်ခုကိုတော့ ငွေပမာဏများစွာ လှူဒါန်းကောင်းလှူဒါန်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်တာဟာ လူကောင်းတစ်ယောက် ပြုလုပ်သင့်တဲ့အရာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါက အပေးအကမ်း ရက်ရောမှု စိတ်စေတနာကောင်းကို ဖော်ပြနိုင်လို့လည်းဖြစ်ပါတယ်။

ဒီဥပမာတွေကို ကြည့်ရင် ကျွန်တော်တို့ မြင်နိုင်တဲ့အချက်က အနည်းဆုံး သီအိုရီအားဖြင့် လူတစ်ဦးချင်းစီဟာ တရားမျှတမှုဆိုတာကို ကိုယ်ပိုင် ကိုယ်ကျင့်တရားစံနှုန်းတွေအပေါ် အခြေခံပြီး အမျိုးမျိုးအဖုံဖုံ တည်ဆောက်ထားကြလေ့ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်ကို အစိုးရ မူဝါဒတွေနဲ့ ပတ်သက်ရင်လည်း အလားတူ အသုံးပြုလေ့လာနိုင်ပါတယ်။

  • အသုံးဝင်မှု စံကို လိုက်နာတဲ့ အစိုးရတစ်ရပ်အနေနဲ့ လူအများဆုံးအတွက် အကျိုးအများဆုံးရှိမယ့် အရာတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ လူဦးရေအားလုံးထဲက အများစု ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ လူအုပ်စုအနည်းငယ်က ဆင်းရဲဒုက္ခတွေ ခံစားရမယ်ဆိုရင်လည်း ဒါကိုလျစ်လျူရှုနိုင်တယ်လို့ ယူဆမှာ ဖြစ်ပါတယ်။

  • စည်းမျဉ်းစည်းကမ်းအခြေခံ စံကို လိုက်နာတဲ့ အစိုးရတစ်ရပ်ဆိုရင်တော့ ရှင်းလင်းတဲ့ ဥပဒေတွေကို ချမှတ်ပြီး လူတိုင်းကို တန်းတူထားဆက်ဆံဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ များရာစုဖြစ်သော လူထုအတွက် အကျိုးကျေးဇူးထက် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အလေးထားမှာ ဖြစ်ပါတယ်။

  • စာရိတ္တအခြေခံ စံကို လိုက်နာတဲ့ အစိုးရတစ်ရပ်အနေနဲ့ဆိုရင်တော့ ကောင်းမွန်တဲ့အစိုးရ ဖြစ်တယ်လို ရှုမြင်ခံရစေဖို့အတွက် ဥပမာကောင်းအနေနဲ့ နေနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒီလိုအစိုးရမျိုးက ရက်ရောခြင်း၊ သနားကြင်နာမှုရှိခြင်း၊ အလိုအပ်ဆုံးလူအများကို ကူညီပေးခြင်း စတဲ့ လုပ်ရပ်ကောင်းတွေကို လုပ်ဆောင်ပြပါလိမ့်မယ်။ ဒါပေမယ့် အစိုးရက ကြီးစိုးလွှမ်းမိုးတဲ့ စနစ်ကို ဦးတည်စေပြီး အစိုးရက အကောင်းဆုံးကို သိတယ်လို့ ယူဆလေ့ရှိတဲ့အတွက် မူဝါဒရေးရာတွေမှာ ဒီမိုကရေစီ နည်းကျ ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို ကန့်သတ်ချုပ်ချယ်လာနိုင်ပါတယ်။

တကယ်တော့ ဒီလို အစွန်းရောက်တဲ့ ဥပမာမျိုးတွေက အပြင်လောကမှာ တွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတွေအနေနဲ့ ကိုယ်ကျင့်တရား စံတစ်ခုတည်းကိုပဲ ကျင့်သုံးလိုက်နာနေကြတာမဟုတ်ပဲ ပေါင်းစပ်ကျင့်သုံးနေကြလို့ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်ရဲ့ အားသာချက် တစ်ခုက ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေက ဘယ်အရာက မှန်ကန်သင့်မြတ်တဲ့အရာဖြစ်တယ်ဆိုတဲ့အချက်ကို အစဉ်အမြဲ ငြင်းခုံဆွေးနွေးနေနိုင်ခြင်း ဖြစ်ပါတယ်။ ဒီလို ဆွေနွေးငြင်းခုံမှုကတဆင့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတဲ့အထိ တွန်းအားပေးနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကိုယ်ကျင့်တရားမျိုးစုံ စနစ်တစ်ခု ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုစဉ်းစားမယ်ဆိုရင်တော့ တစ်ခုတည်းသော မှန်ကန်တဲ့ ကိုယ်ကျင့်တရား စံဆိုတာမျိုးမရှိဘဲ ပွင့်လင်းလွတ်လပ်စွာ ငြင်းခုံဆွေးနွေးကြရာကနေ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေခြင်းကသာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။

ဒီတော့ မျှတမှုဆိုတာ အာဏာရှိသူတွေက တစ်ဘက်သက်ဆုံးဖြတ်ချမှတ်နိုင်တဲ့ အရာတစ်ခု မဟုတ်ပဲ အစိုးရနဲ့ ပြည်သူအကြား ပွင့်လင်းမြင်သာမှု၊ နားလည်လက်ခံပေးနိုင်မှု၊ ဆွေးနွေးငြင်းခုံမှုတွေကနေ တစ်ဆင့်အဖြေရှာဖွေရတဲ့အရာတစ်ခု ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်မှုကို ခြိမ်းခြောက်မှုတစ်ခုလို့ မမြင်ဘဲ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ဖို့ အတွက် မိတ်ဖက်တွေလို့ မြင်ဖို့လိုအပ်တာလည်း ဒါ့ကြောင့်ဖြစ်ပါတယ်။

ကျွန်တော်တို့ လိုချင်တဲ့ အုပ်ချုပ်မှုစနစ်ဟာ နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာနဲ့ တပ်မတော်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်မျိုးလို့ ပြောကြလေ့ရှိပါတယ်။ အဲ့ဒိစနစ်ကလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ နှင့် လူမှုရေးအရပါ တရားမျှတမှု ရှိရမယ်လို့ ဆိုထားတဲ့စနစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံအတွက် ရည်မှန်းချက် တစ်ခုခုကို ချမှတ်လေ့ရှိတဲ့ အခါတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ နှစ်ခု စလုံးအတွက် ဘုံတူညီတဲ့ အရင်းအမြစ်တစ်ခု ဖြစ်နေလို့လည်း ဒီအင်အားစု နှစ်ခုကို ပြန်လည် ရင်ကြားစေ့ရေးကြိုးစားမှုမှာ ဗိုလ်ချုပ်ရဲ့ စကားလုံးတွေကို ပြန်လည်ကိုးကားကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းကရော တရားမျှတမှုတို့နဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေ ပြောဆိုခဲ့ ပါသလဲ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တရားမျှတမှု

၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်) ညီလာခံမှာ ဒီမိုကရေစီစနစ်ရဲ့ အဓိက ဝိသေသလက္ခဏာ ရှစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီမိုကရေစီ စနစ်သို့ သွားရာ လမ်းကို ဆွေးနွေးခဲ့ပါတယ်။ ဒီရှစ်ချက်ထဲက အမှတ်စဉ် ၃ မှာ" လယ်ယာမြေများ အားလုံးသည် လယ်လုပ်သူ လယ်သမားများထံတွင် ရှိရေး"ဆိုတဲ့ အချက် ပါရှိပါတယ်။ အမှတ် ၄ မှာ "လူမျိုးအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးများကို ရယူခံစားပိုင်ခွင့် ရှိသည်"လို့ ဆိုပါတယ်။ အမှတ်စဉ် ၆ မှာတော့ "မည်သည့်လူမျိုး မည်သည့် ဘာသာမဆို ချွင်းချက်မရှိ တန်းတူ အခွင့်အရေး ရှိရမည်"လို့ ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ လူအများစုအတွက် အများဆုံး ပျော်ရွှင်မှုကို ရယူလိုတဲ့ အသုံးဝင်မှု အခြေပြု ဒီမိုကရေစီ သဘောတရားကို လိုချင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ သူဆိုလိုတဲ့ လူအများဆုံးဆိုသည်မှာ မြန်မာနိုင်ငံအတွက် လယ်သမားတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဗိုလ်ချုပ် လိုလားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်မှာ လူတစ်အုပ်စုက ကြီးစိုးခြင်းနေတာ၊ ဈေးကွက် လက်ဝါးကြီးအုပ်နေတာမျိုးကို ရှောင်ရှားချင်ခဲ့ပါတယ်။ ဒါ့ကြောင့် လယ်ပိုင်ရှင်တွေနဲ့ လယ်အလုပ်သမားတွေအတွက် ထည့်သွင်းစဉ်းစားရာမှာ လူတန်းစားနှစ်ရပ်ရဲ့အကျိုးစီးပွားကို ညှိနှိုင်းယူလို့မရတာကြောင့် အများစုဖြစ်တဲ့ လယ်သမားကိုပဲ အလေးပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်တာဟာ တခြားတစ်ဖက်ကို ထိခိုက်နိုင်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုလက်ခံထားပါတယ်။ ဒါပေမယ့် ဒီလိုရွေးချယ်လိုက်တဲ့အတွက် ဆိုရှယ်လစ်စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်မယ်လို့ ဆိုလိုတာမဟုတ်သလို အရင်းရှင်စနစ်ကို ရှောင်ရှားမယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။

ဂျပန်က သိမ်းပိုက်ထားတဲ့ အချိန် နိုင်ငံခြားသားတွေကို ပြောကြားရာမှာ နိုင်ငံခြားသားတွေအနေနဲ့ ငြိမ်းချမ်းစွာ နေထိုင်လိုတယ်ဆိုရင် ကြောက်ရွံ့စရာ မရှိဘဲ နေထိုင်နိုင်ကြောင်း၊ မြန်မာနိုင်ငံက သူတို့ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ အလားတူပဲ တိုင်းရင်းသား လူမျိုးတွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဟာ လူနေမှု အဆင့်အတန်း နိမ့်ပါးတဲ့ ဒေသတွေက ပြည်သူတွေကို အဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ စည်းလုံးညီညွတ်မှုကို ဖြစ်စေတဲ့ အသုံးအနှုန်းတွေကို သုံးစွဲဖို့၊ ခွဲခြားဆက်ဆံတဲ့ အပြောအဆို အရေးအသား၊ အမှတ်အသားတွေကို သတိထားရှောင်ရှားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ဒီချဉ်းကပ်မှုက အခွင့်အရေးတွေကို အခြေခံပြီး၊ ခွဲခြားဆက်ဆံမှုကနေ ကင်းဝေးစေဖို့ ရည်ရွယ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေမှာ လူများရာစုရဲ့ ကောင်းကျိုးအတွက် အလေးပေးခဲ့တာမျိုးကို တွေ့ရသလို၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးကိုလည်း အလေးထားခဲ့တာကို တွေ့ရပါတယ်။ ဗိုလ်ချုပ် ဖြတ်သန်းခဲ့ရတဲ့ ခေတ်အခြေအနေနဲ့ ချိန်ထိုးစဉ်းစားမယ်ဆိုရင် အဲ့ဒိအချိန်ဟာ ဖိနှိပ်မှုများပြားတဲ့ ကိုလိုနီ စနစ်ဖြစ်ပါတယ်။ ဗြိတိသျှ အုပ်ချုပ်ရေး ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ အရင်းအမြစ် ထုတ်ယူတဲ့၊ လုပ်သားအင်အား ခေါင်းပုံဖြတ်တဲ့ စနစ်ကို ပြောင်းပြန်လှန်နိုင်မယ့် ခေါင်းဆောင်ကို ပြည်သူတွေက မျှော်လင့်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုပြောင်းပြန်လှန်ရာမှာ အဓိကကျတဲ့ အချက်က ဆင်းရဲ ချမ်းသာ အလွန်အမင်း ကွာဟနေမှုကို ဖြေရှင်းဖို့နဲ့ မြေယာပိုင်ဆိုင်မှုကို ပြန်လည် ဖြန့်ဖြူးဖို့ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံတဲ့ အသက်မွေးဝမ်းကြောင်းမှုတွေ ရရှိစေဖို့အတွက်လည်း တိုင်းရင်းသားတွေကို ထောက်ပံ့ပေးမယ်လို့ ပြောကြားခဲ့ဖူးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ စီးပွားရေးနဲ့ လူမှုရေး တရားမျှတမှုတွေကို တိုက်ရိုက် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသည့်တိုင် ပုံစံတစ်မျိုးစီနဲ့ သွယ်ဝိုက်ညွှန်းဆိုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

လူမှုရေး တရားမျှတမှု

သမ္မတရဲ့ မိန့်ခွန်းထဲမှာ လူမှုရေး တရားမျှတမှုဆိုတဲ့ စကားလုံးကို ထည့်သွင်းပြောကြားခဲ့သည့်အတွက် သူ ဘာကို ရည်ရွယ်သလဲဆိုတဲ့ အချက်ကို ကျွန်တော်တို့ နားလည်ဖို့ ကြိုးစားကြည့်ပါတယ်။ ထင်ရှားတဲ့ာ စာရေးဆရာတွေနဲ့ အတွေးအခေါ် ပညာရှင်တွေအနေနဲ့ လူမှုရေး မျှတမှုဆိုတဲ့ သဘောတရားကို လေ့လာ သုံးသပ်ခဲ့ကြရာမှာ တစ်ယောက်နှင့် တစ်ယောက် အယူအဆ မတူသည့်တိုင် အဓိက ဖမ်းဆုပ် ရနိုင်ခဲ့တဲ့ သဘောတရား သုံးခုရှိပါတယ်။

  • အစိုးရက အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိခြင်း (ဥပမာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ)
  • လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးခြင်း နဲ့
  • လူတိုင်းအတွက် တန်းတူအခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်သော ဆောင်ရွက်ချက်များ ပြုလုပ်ပေးခြင်း

တို့ဖြစ်ပါတယ်။

တရားမျှတမှု သီအိုရီ (Justice Theory)ဆိုတဲ့ စာအုပ်မှာ ဂျွန်ရော ( John Rawls) က လူမှုပဋိဉာဉ်ဆိုတဲ့ သဘောတရားကို "လူ့အဖွဲ့အစည်းအတွင်းတွင် မျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် လူအားလုံးတွင် ညီမျှသော တာဝန်များ ရှိသည်ဟု လက်ခံလာခြင်း" ဆိုပြီး ဖွင့်ဆိုခဲ့ပါတယ်။

ဒီအချက်ကို သေသေချာချာ နားလည်စေဖို့အတွက် Rawls က မူလ အခြေအနေမှာ ရှိနေတဲ့ လူတစ်ဦးကို စိတ်ကူးထဲ ပုံဖော်ကြည့်ခိုင်းပါတယ်။ အဲ့ဒိလူဟာ ယောကျာ်းလည်း မဟုတ် မိန်းမလည်း မဟုတ်၊ လူမျိုး ဘာသာလည်းမရှိ ၊ စီးပွားရေး အဆင့်အတန်းလည်း မရှိဆိုပြီး မြင်ယောင်ကြည့်ပါ။ သူ့နေရာကနေ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါမှသာ မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်လို့ သူကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေဟာ မျက်နှာသာပေးစရာ ဘက်တစ်ခု ရှိမနေတော့လို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယောကျာ်းတစ်ယောက်ဟာ ယောကျာ်းတွေကို အခွင့်အရေးသာစေတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ အခွင့်အရေး ပိုများပါတယ်။

ဒီလို လူမှုရေး တရားမျှတမှု သီအိုရီကို အသုံးချနိုင်ဖို့အတွက်ဆိုရင် ပြည်သူအားလုံးကို လူ့အဖွဲ့အစည်းအတွင်း ဘယ်အဆင့်အတန်းကပဲဖြစ်ဖြစ် အားလုံးကိုတန်းတူ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရင်ဆိုင်ရတဲ့ အဓိက အခက်အခဲ စိန်ခေါ်မှု တစ်ခုကတော့ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုနှင့် ဘာသာရေး ယုံကြည်မှုတွေက ခိုင်မာစွာအမြစ်တွယ်နေလေ့ရှိတာဖြစ်ပါတယ်။ အမျိုးသားနှင့်အမျိုးသမီးတန်းတူထားဆက်ဆံရေးကဲ့သို့သော တန်းတူညီမျှမှု သဘောတရားတွေကို လက်ခံနိုင်ရန် မလွယ်မကူဖြစ်လေ့ရှိပါတယ်။

“နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတမှုဆိုသည်မှာ အားလုံးတန်းတူညီတူ အခွင့်အရေးရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံး၊ အဖွဲ့အစည်းများ အားလုံး အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ ဥပဒေအရာတွင်  ညီမျှမှုဖြစ်စေ လိုပါကြောင်း၊ အားလုံးသည် ဥပဒေ၏ရှေ့မှောက်တွင် အညီအမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေ၏အထက်တွင် မည်သူမျှမရှိရပါကြောင်း။” -ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတ

ဒီကောက်နုတ်ချက်အရ နိုင်ငံရေး တရားမျှတမှုနဲ့ စီးပွားရေး တရားမျှတမှုတွေကို ရည်ညွှန်းလျက် ရှိတယ်ဆိုတာကို တွေ့ရပါတယ်။

နိုင်ငံရေး တရားမျှတမှုဆိုတာကတော့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အုပ်စု တစ်ခုခုကို မျက်နှာသာပေးတာ၊ အစိုးရ ဝန်ကြီးဌာန တစ်ခုခုကို မျက်နှာသာပေးတာမျိုး မပြုလုပ်ရခြင်းကို ဆိုလိုပါတယ်။ ဥပမာ စစ်တပ်ကဲ့သို့ အစိုးရ အဖွဲ့အစည်း တစ်ခုခုက အလွန်အကျွံ သြဇာလွှမ်းမိုးနေနိုင်တာ ဒါမှမဟုတ် အစိုးရက တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေကို ဝင်ရောက်စွက်ဖက်နိုင်တာတွေက နိုင်ငံရေးအရ တရားမျှတမှု မရှိတာကို ဖော်ပြနေပါတယ်။

ဒီလိုပဲ ပြည်သူတွေရဲ့ နိုင်ငံရေး အယူအဆတွေကို လွတ်လပ်စွာ ဖော်ထုတ်ပြသခြင်းကို တားမြစ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခြင်းကလည်း နိုင်ငံရေး တရားမျှတမှု သဘောတရားများတွေနဲ့ ဆန့်ကျင်တယ်လို့ ယူဆနိုင်ပါတယ်။ သမ္မတက သူရဲ့ မိန့်ခွန်းထဲတွင် ဒီအချက်တွဗကို ဖြေရှင်းလိုတဲ့ သဘောထား ဖော်ပြခြင်း ဖြစ်တယ်လို့ယူဆမယ်ဆိုရင်တော့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းအတွက် ခြေလှမ်းကောင်းတစ်ရပ်အနေနဲ့ ကြိုဆိုသင့်တဲ့ကိစ္စဖြစ်ပါတယ်။

“လယ်ယာမြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရန် မူဝါဒကို မျှမျှတတ ချမှတ်ထားပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒများနှင့်အညီလွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေ စိစစ်ရေး အဖွဲ့များအနေဖြင့် အမှုတွဲများကို ဆောလျှင်စွာ ပြီးပြတ်စေရေး စနစ်တကျ စိစစ် ဆောင်ရွက်ကြစေလိုကြောင်း။” -ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတ

စီးပွားရေးအရ တရားမျှတမှုဟာ လူမှုရေး တရားမျှတမှုနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေပြီး ယေဘူယျအားဖြင့်တော့ ပြည် သူအားလုံးဟာ စီးပွားရေးလုပ်ငန်းတွေထဲမှာ တန်းတူညီမျှ ပါဝင်နိုင်ခွင့် ရှိရမယ် ဆိုတဲ့ အချက်ကို ရည်ညွှန်းပါတယ်။ မူဝါဒပိုင်းအရ ပြောရရင်အစိုးရတစ်ရပ်ဟာ ကြီးမားပြီး၊ အင်အားတောင့်တင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကနေ ကာကွယ်ပေးတဲ့နည်းလမ်းနဲ့ စီးပွားရေး တရားမျှတမှု ကို ဖန်တီးပေးနိုင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေက ရာထူးအာဏာကို အသုံးချပြီး စီးပွားရေး အကျိုးအမြတ်တွေ ဖန်တီးတာ၊ ချမ်းသာကြွယ်ဝစေတာမျိုးတွေကိုလည်း ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်။ မြေယာလိုမျိုး စီးပွားရေး အရင်းအမြစ်တွေကို ရှင်းရှင်းလင်းလင်းနဲ့ တန်းတူညီမျှတဲ့စနစ်တစ်ခုနဲ့ စီမံခန့်ခွဲဖို့ ဆောင်ရွက်ရမှာ ဖြ်စပါတယ်။

ဒီလို အစိုးရမျိုးဟာ စီးပွားရေး တန်းတူညီမျှမရှိမှု (ဆိုလိုတာက အဆင်းရဲဆုံးနဲ့ အချမ်းသာဆုံးအကြား ကွာဟချက် ကြီးမားနေမှု) အပေါ် အထူးအလေးထားရမှာ ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ အမြဲပဲ စီးပွားရေး တိုးတက်စေမယ့် (GDP တိုးစေမယ့်) မူဝါဒတွေကို အထူးအလေးထား ဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာကွာဟမှုကို ဂရုစိုက် ဖြေရှင်းတာမျိုးမလုပ်ရင် ချမ်းသာတဲ့ လူတန်းစားတွေက ပိုပိုချမ်းသာသွားပြီး အဆင်းရဲဆုံး လူတန်းစားတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အပြည့်အဝခံစားရတော့မှာ မဟုတ်ပါဘူး။ သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တဲ့ စီးပွားရေး တရားမျှတမှုသဘောတရားကို ဘယ်နည်းလမ်းတွေနဲ့ လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာလည်း ဆွေးနွေးအဖြေရှာကြသင့်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီက လက်ကိုင်ထားမယ့် နိုင်ငံရေး အယူအဆတစ်ရပ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အကယ်၍ ဒါဟာ NLD ပါတီရဲ့ နိုင်ငံရေး အခြေခံ အယူအဆဖြစ်တယ်ဆိုရင်တော့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး တရားမျှတမှုတွေကို အစိုးရအနေနဲ့ ဘယ်လိုချဉ်းကပ်မလဲ၊ ဘယ်လိုချဉ်းကပ်သင့်သလဲဆိုတာ ပြည်သူတွေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေအနေနဲ့ ဝင်ရောက်ဆွေးနွေးအဖြေရှာကြသင့်ပါတယ်။

ပေါလ်တေလာနှင့် မိုးအောင် ရေးသားသည်။