Posted in ဥပဒေရေးရာ သုတေသန on May 28, 2019
တရားရေးမဏ္ဍိုင်တည့်မတ်မှုကို ထောက်ကူနိုင်ဖို့ရာ ရည်ရွယ်ပြီး “ပြည်ထောင်စုတရားစီရင်ရေးဥပဒေ” ကို ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ် အသီးသီးမှာ ပြင်ဆင်ချက်ဥပဒေတွေနဲ့ ပြင်ဆင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာလည်း ပြင်ဆင်ချက်ဥပဒေမူကြမ်း ထပ်မံ ထွက်ရှိလာပါတယ်။
ဥပဒေကြမ်းထဲမှာတော့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ တရားသူကြီးတွေဟာ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရှေ့မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမယ်လို့ အတိအကျ ပါဝင်လာပြီး ထူးခြားချက်အနေနဲ့ တရားသူကြီးတွေရဲ့ နေ့စဉ် တရားခွင်တက်ချိန်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။
တရားရေးမဏ္ဍိုင်ကို အနက်ဖွင့်ဆိုကြည့်ခြင်း
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားရေးမဏ္ဍိုင်တွေကို အပြန်အလှန် ထိန်းညှိနိုင်အောင် လုပ်ဆောင်ထားရပါမယ်။ ဒါမှသာ မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းအားဖြင့် ပေးအပ်ထားတဲ့လုပ်ငန်းတာဝန်တွေကို ကျေပွန်စေနိုင်မှာ ဖြစ်သလို မဏ္ဍိုင်တစ်ရပ်ထဲက လွှမ်းမိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ပြည်သူ့အခြေခံ အခွင့်အရေးကို ထိပါးခြင်းမှလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးဟာ မလွဲမသွေရှိရမှာ ဖြစ်ပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်နေတဲ့ ယန္တရားတွေထဲက အဓိကထောက်တိုင်တစ်ခုဖြစ်တဲ့ တရားရေးမဏ္ဍိုင်ရဲ့ တည့်မတ်မှုဟာ နိုင်ငံသားတွေအတွက် များစွာ အရေးပါလှပါတယ်။ တရားရေးမဏ္ဍိုင်လို့ ဆိုရာမှာ ဥပဒေအသုံးချခြင်း၊ ဥပဒေအနက်ဖွင့်ဆိုခြင်းနဲ့ ဥပဒေမရှိသေးတဲ့ ကိစ္စရပ်တွေကို တရားမျှတမှုအပေါ် အခြေခံပြီး စီရင်ဆုံးဖြတ်ခြင်းဆိုပြီး အဓိကတာဝန် (၃) ရပ် ရှိပြီးတော့ မဏ္ဍိုင်ရဲ့ တည့်မတ်မှုကိုလည်း ဆိုခဲ့ပါတာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်မှုနဲ့ ယှဉ်ထိုးကြည့်နိုင်ပါတယ်။
မြန်မာ့တရားရေးမဏ္ဍိုင်ကို ခြေရာကောက်ခြင်း
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့တရားစီရင်ရေးကို လေ့လာကြည့်မယ်ဆိုရင် ခေတ်ကိုလိုက်ပြီး တရားစီရင်ရေးစနစ် အပြောင်းအလဲဖြစ်ခဲ့တာတွေကို တွေ့ရှိနိုင်ပါတယ်။ “၁၉၄၈ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး အက်ဥပဒေ” အရ မြန်မာနိုင်ငံဟာ Common Law စနစ်ကို စတင်ကျင့်သုံးခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ “ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေ” ကို ပြဋ္ဌာန်းလိုက်တာကြောင့် တရားစီရင်ရေးအဖွဲ့နဲ့ တရားသူကြီးအဖွဲ့ဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ “တရားစီရင်ရေးဥပဒေ” နဲ့ အစားထိုးလိုက်ပြီး တရားရုံးချုပ်ကို တရားသူကြီးချုပ်နဲ့ ၅ ဦးထက် မပိုတဲ့ တရားသူကြီးတွေနဲ့ ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါပေမဲ့ တရားသူကြီးတွေရဲ့ အရည်အချင်း၊ ခန့်အပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ သက်တမ်း စတာတွေနဲ့ပတ်သက်ပြီး အတိအကျ မပါတဲ့အပြင် တရားရုံးချုပ်ရဲ့ တရားစီရင်ခွင့်အာဏာဟာလည်း သိပ်ကိုကျယ်ပြန့်လွန်းလှပါတယ်။ ထပ်မံ ပြီးတော့ “၂၀ဝ၀ပြည့်နှစ်၊ တရားစီရင်ရေးဥပဒေ” ထွက်ပေါ်လာပြီး တရားရုံးချုပ်ကို တရားသူကြီးချုပ် ၁ ဦး၊ ဒုတိယတရားသူကြီးချုပ် ၃ ဦးနဲ့ တရားသူကြီး အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၂ ဦးအထိ ဖွဲ့စည်းနိုင်တယ်လို့ ဖော်ပြထားကာ တရားရုံးချုပ်ရဲ့ စီရင်ချက်ကိုလည်း အထူးအယူခံရုံးဖြင့် ပြန်လည်စစ်ဆေးစီရင်နိုင်တာကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ခရိုင်အဆင့်တရားရုံးတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်အနေနဲ့ “ပြည်ထောင်စုတရားစီရင်ရေးဥပဒေ” ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်တရားရုံးတွေ၊ မြို့နယ်တရားရုံးတွေနဲ့ ဥပဒေအရ တည်ထောင်တဲ့ အခြားတရားရုံးတွေ ပါဝင်မှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးတွေလည်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွေကို ဖွဲ့စည်းတဲ့အခါမှာ ပါဝင်ရမယ့် တရားသူကြီးအရေအတွက်နဲ့ ခန့်အပ်အတည်ပြုပေးနိုင်မယ့် လုပ်ငန်းစဉ်လည်း အတိအကျ ပါဝင်လာပါတယ်။ ဒါ့အပြင် အရည်အချင်းပျက်ယွင်းမှုနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းချက်တွေ ပါဝင်လာပြီး အကြောင်းတရပ်ရပ်နဲ့ မငြိစွန်းခဲ့ရင် သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်အထိ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပါရှိပါတယ်။
တရားစီရင်ရေးရဲ့ လက်ရှိအခြေအနေ
တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ရင် ဘဏ္ဍာနှစ်အလိုက် ဘက်ဂျက်သုံးစွဲမှုဟာ မြင့်တက်လာခဲ့ပေမယ့် အစိုးရ အသုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းထိ ရောက်ရှိလာခြင်း မရှိသေးပါဘူး။ မူဝါဒပိုင်းဆိုင်ရာမှာ တရားရေးမဏ္ဍိုင် တည့်မတ်နိုင်ရေးအတွက် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇) နဲ့ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) တို့ကို ပြည်ထောင်စုတရားရုံးချုပ်က အကောင်အထည်ဖော် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ၂၀၁၅-၂၀၁၇ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းမှာ တရားစီရင်ရေးဆိုင်ရာ ရည်မှန်းချက်တွေပြည့်မီဖို့အတွက် မဟာဗျူဟာနယ်ပယ် (၅)ခု ချမှတ်ဆောင်ရွက်ခဲ့ပြီး အဲဒီထဲက တစ်ချက်ကို ထုတ်နုတ်ပြောရရင် အမှုတွေစစ်ဆေးရာမှာ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်မှု အားကောင်းစေရန်ဆိုပြီး ပါရှိပါတယ်။ ဒီ့အတွက် မှုခင်းတွေ အချိန်နဲ့တပြေးညီ ပြီးစီးနိုင်ဖို့ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့ ဝန်ပိနေမှု မရှိအောင်ရယ်၊ မှုခင်းတွေကို အကြောင်းပြချကမရှိဘဲ ရွှေ့ဆိုင်းတာတွေကို တားမြစ်တင်းကြပ်တဲ့ မူဝါဒတွေကို ကျင့်သုံးခဲ့ပါတယ်။
၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းမှာလည်း မဟာဗျူဟာနယ်ပယ် (၅) ခု ချမှတ်ဆောင်ရွက်ခဲ့ပြီး အဲဒီထဲက တရားရုံးဝန်ဆောင်မှုတွေကို အများပြည်သူလက်လှမ်းမီနိုင်ဖို့ ဆောင်ရွက်ပေးရန်၊ အများပြည်သူရဲ့ အသိအမြင်ကို မြှင့်တင်ပေးရန်ဆိုတာ ပါရှိပြီး အဲဒီအတွက် ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ကိုလည်း ဥပဒေနဲ့အညီ ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။
ပြည်ထောင်စုတရားရုံးချုပ်က ထုတ်ဝေတဲ့ တရားရုံးတွေရဲ့နှစ်စဉ် အမှုပြီးပြတ်မှုနှုန်းကို လေ့လာကြည့်ရင် တိုးတက်နေတာကို တွေ့ရပြီး မှုခင်းတွေ၊ တရားမမှုတွေရဲ့ အမှုရင်ဆိုင်ရမှု ကြာမြင့်ချိန်ဟာလည်း လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေရဲ့ အမြင်မှာတော့ တရားစီရင်ရေးနဲ့ ပတ်သက်လာရင် တရားရုံးတွေအပေါ်မှာ ယုံကြည်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။ ဆယ့်တစ်ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းတဲ့ အဂတိလိုက်စားမှု ကော်မရှင်ရဲ့ အစီရင်ခံစာကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်ရေးကဏ္ဍမှာ အဂတိလိုက်စားမှုက မြင့်မားနေတယ်ဆိုတာ တွေ့ရမှာပါ။
တရားရေးမဏ္ဍိုင် တည့်မတ်လာစေရေးအတွက် တရားသူကြီးတွေရဲ့ လစာ သို့မဟုတ် အဆောင်အယောင် တိုးမြှင့်ပေးရေး၊ လွှတ်တော်ကနေ တရားရုံးစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး ထိန်းကျောင်းနိုင်ရေး၊ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပြင်ဆင်ရေးဆိုပြီး ပြောဆိုလာကြတာတွေ ရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲမှ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်မယ့် စတုတ္ထအကြိမ် ပြင်ဆင်ချက်မူကြမ်းကို ဆက်လက်သုံးသပ်သွားပါမယ်။
ပြင်ဆင်သည့်ဥပဒေမူကြမ်းပါ ပုဒ်မ (၂၃)၊ ပုဒ်မခွဲ (ဂ) ပါ ပုဒ်ခွဲ (၂) ကို ဆန်းစစ်ခြင်း
ပြင်ဆင်ချက်ဥပဒေမူကြမ်းရဲ့ ပုဒ်မ ၂၃ (ဂ) (၁) အရ ခန့်အပ်ခံရတဲ့ တရားသူကြီးတွေ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုနိုင်ဖို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီစဉ်ပေးရမှာ ဖြစ်ပြီး၊ ပုဒ်မ ၂၃ (ဂ) (၂) အရ နေ့စဉ်တရားခွင်တက်ချိန်မှာလည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းနဲ့ ပတ်သက်ပြီး The Indian Oaths Act, 1873 ဆိုပြီး ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးချိန်မှာလည်း အဆိုပါအက်ဥပဒေကို The Oaths Act ဆိုပြီး ပြန်လည်အတည်ပြုခဲ့ပါတယ်။ The Oaths Act ကို လေ့လာကြည့်ရင် ပုဒ်မ ၅ မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ့်သူကို ဖော်ပြထားပါတယ်။ အဆိုပါ အက်ဥပဒေအရဆိုရင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ့်သူတွေဟာ မျက်မြင်သက်သေ၊ စကားပြန်နဲ့ ဂျူရီလူကြီးတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ တရားရုံးက ခန့်အပ်တဲ့ စကားပြန်တွေဟာ ခန့်အပ်ခြင်းမခံရခင်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုပြီးတာ ဖြစ်တဲ့အတွက် ထပ်ပြီး ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် မလိုအပ်တော့ပါလို့ ပြဋ္ဌာန်းထားပါတယ်။
ဒီနေရာမှာ (၂) ချက် တွေ့ရတာကတော့ တရားသူကြီးတွေအနေနဲ့ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမယ်လို့ တိတိကျကျ ဖော်ပြမထားတာရယ်၊ နောက်ပြီး အစိုးရဝန်ထမ်းတွေဟာ တရားဝင်မခန့်အပ်ခင် ကျမ်းသစ္စာ သို့မဟုတ် ကတိ သစ္စာပြုပြီးတဲ့အတွက် ထပ်ပြီး ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် မလိုတော့ဘူး ဆိုတာရယ်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုတရား စီရင်ရေးဥပဒေကို ပြင်ဆင်မယ့် စတုတ္ထအကြိမ် ပြင်ဆင်ချက် ဥပဒေမူကြမ်းမှာပါတဲ့ ပုဒ်မ ၂၃ (ဂ) (၂) ဟာ အထက်ပါ The Oaths Act တွင် တွေ့ရတဲ့ အချက်နှစ်ချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတာကို တွေ့ရပါတယ်။
ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ (၂၃)၊(ဂ) (၂)မှာ အဓိကဆန်းစစ်ရမယ့် အကြောင်းရင်းနှစ်ရပ်ကတော့ တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေတာကို ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရုံမျှနဲ့ တည့်မတ်လာနိုင်တဲ့ အကြောင်းရှိ၊ မရှိနဲ့ ဒီပြင်ဆင်ချက်ကို ပြင်ဆင်အတည်ပြုလိုက်မယ်ဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်က တရားရေးမဏ္ဍိုင်အပေါ်မှာ အနိုင်ကျင့်ရာ ရောက်နေမလားဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။
နေ့စဉ်တရားခွင်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းဟာ ကျမ်းသစ္စာ ဒါမှမဟုတ် ကတိသစ္စာပြုခြင်းရဲ့ လေးနက်ပုံကို ဖော်ကျူးရာ မရောက်တဲ့အပြင် နေ့စဉ်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကျမ်းသစ္စာ ဒါမှမဟုတ် ကတိသစ္စာကို ပေါ့ပေါ့တန်တန် အထင်ရောက်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါ့အပြင် နေ့စဉ်တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာစေနိုင်တာကိုလည်း ကြိုတင်ချိန်ဆထားသင့်ပါတယ်။
နေ့စဉ် ကတိသစ္စာ ပြုခိုင်းခြင်းထက် ကတိသစ္စာ ဖောက်ဖျက်ခဲ့ရင် အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ် တိတိကျကျ ပြဋ္ဌာန်းပေးဖို့က ပိုပြီးလိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အောက်တရားရုံးရဲ့ စီရင်ချက်ကို အယူခံလျှောက်ထားမှုမှာ အထက်တရားရုံးရဲ့ စီရင်ချက်က ပြောင်းလဲသွားခဲ့ရင် ပြောင်းလဲသွားတဲ့ အမှုအခြေအနေကိုကြည့်ပြီး အဆိုပါ အောက်တရားရုံးကို ဘယ်လို တာဝန်ခံခိုင်းမလဲ ဆိုတဲ့ ကိစ္စရပ်အလိုက် သုံးသပ်မှုမျိုးတွေနဲ့ အောက်တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပုံမှန်သုံးသပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုထိထိရာက်ရောက် လုပ်ဆောင်တာတွေလုပ်နိုင်ပါတယ်။
အမှုတစ်ခုအတွက် သက်သေတွေက တမင်မမှန်သက်သေခံခဲ့ရင် ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေကို ရာဇသတ်ကြီး ပုဒ်မ ၁၉၃ မှာ အသေအချာကို ဖော်ပြထားတာကို တွေ့ရပြီးမျက်မြင်သက်သေတွေနည်းတူ တရားသူကြီးတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို အသေအချာ ပြဋ္ဌာန်းထားမယ်ဆိုရင်လည်း ယိုယွင်းနေတဲ့ တရားရေးမဏ္ဍိုင်ကို တစုံတရာ ထောက်ကူပေးနိုင်မှာ မလွဲပါဘူး။
နောက်ထပ်စဉ်းစားရမှာက တရားစီရင်ရေးဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် ချမှတ်လုပ်ဆောင်နေတဲ့ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းတွေနဲ့ ဥပဒေမူကြမ်းပါ ပြင်ဆင်ချက်ဟာ လိုက်လျောညီထွေ ရှိ၊ မရှိ ဆိုတာပါပဲ။ မူဝါဒပိုင်းဆိုင်ရာအရ ရည်မှန်းဖော်ဆောင်ထားတဲ့ မဟာဗျူဟာစီမံကိန်းနဲ့ ဥပဒေပြင်ဆင်ချက်ဟာ ကိုက်ညီမှု မရှိရင်လည်း တရားရေးမဏ္ဍိုင် တည့်မတ်နိုင်ဖို့အတွက် အချိန်နှောင့်နှေးစေနိုင်ပါတယ်။ စဉ်းစားသင့်တာက မဟာဗျူဟာစီမံကိန်းက ကောင်းမွန်နေမယ်ဆိုရင် ဒါကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသင့်ပြီး၊ အားနည်းချက်တွေရှိနေရင်လည်း ဖြည့်ဆည်းပြင်ဆင်ပေးဖို့ လိုအပ်တာတွေ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းတာဟာ ချမှတ်ထားတဲ့ မဟာဗျူဟာစီမံကိန်းတွေကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ရမှာ ဖြစ်ပါတယ်။
တရားသူကြီးတွေရဲ့ နေ့စဉ် ကျမ်းသစ္စာ ဒါမှမဟုတ် ကတိသစ္စာဆိုခြင်းကို ဥပဒေပြဌာန်းပြီး လုပ်ဆောင်စေခြင်းဟာ ဥပဒေပြုမဏ္ဍိုင်က လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး တရားစီရင်မဏ္ဍိုင်မှာရှိတဲ့ တရားသူကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့သဘော သက်ရောက်နေပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းမှု ပြုရမှာဖြစ်ပြီး လွှမ်းမိုးဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ တရားရေးမဏ္ဍိုင်က အားနည်း၊ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေချိန်မှာ ကျန်မဏ္ဍိုင်တွေက လိုအပ်တဲ့ ထောက်ကူမှုပြုဖို့ လုပ်ဆောင်ပေးသင့်ပြီး လိုအပ်တဲ့ ဥပဒေတွေပြုတာ၊ ပြင်ဆင်တာတွေအတွက် တရားရေးမဏ္ဍိုင်နဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။။
ဒီ့အတွက်ကြောင့် ပုဒ်မ (၂၃)၊(ဂ) (၂) ပါ တရားသူကြီးများ နေ့စဉ် ကျမ်းသစ္စာ ဒါမှမဟုတ် ကတိသစ္စာဆိုရမယ် ဆိုတဲ့အချက်ကို ပြန်လည်ဆန်းစစ်ပြီး တရားရေးမဏ္ဍိုင် တည့်မတ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍ ဖြောင့်မှတ်မှန်ကန်ရေးအတွက် အခြားစဉ်းစားစရာများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုချင်ပါတယ်။