Posted in ဥပဒေရေးရာ သုတေသန on Sep 12, 2019

လွှတ်တော်တွင်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေဆိုတာ ကိုယ်စားလှယ်နဲ့ သူ့ရဲ့ ကိုယ်စားပြုပါတီတွေရဲ့ အမြင်သဘောထားတွေကို နိုင်ငံသားတွေ အကဲခတ်ခွင့် လေ့လာခွင့်ရရှိတဲ့ နေရာတစ်ခုဖြစ်သလို ရှုမြင်ပုံ မတိုက်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက် သဘောထားတွေကိုလည်း နိုင်ငံသားတွေ ရှင်းရှင်းလင်းလင်း အကဲခတ် ဝေဖန်ဆန်းစစ်ခွင့်ရရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လောက်ပြင်ဆင်ထားလဲ၊ ကြေညက်နေလဲစတဲ့ အရည်အချင်းပိုင်းဆိုင်ရာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာ နိုင်ငံသားတွေရဲ့ သတင်းအချက်အလက်ဆိုင်ရာ သိပိုင်ခွင့်နဲ့လည်း ဆက်စပ်နေပေမယ့် ဆွေးနွေးမှုတွေအပေါ်မှာ ကန့်သတ်ချက်တွေ ရှိနေတာကို တွေ့ရပါတယ်။ ကန့်သတ်ခံ ရမှုကြောင့် ပြီးဆုံးအောင် ဆွေးနွေးခွင့်မရခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ဆွဲထုတ်ပြရရင် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်အစည်းအဝေးရဲ့ (၁၈)ရက်မြောက်နေ့ အစည်းအဝေးမှာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)က လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း (ခ) ဦးမောင်စိုးရဲ့ အမျိုးသား မှတ်တမ်းနဲ့ မော်ကွန်းဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု ဖြစ်ရပ်ပါ။

ဦးစိုးသိန်း တင်သွင်းခဲ့တဲ့ ပြင်ဆင်ချက်တွေက ပြင်ဆင်ချက်ပေါင်း (၂၀) ခန့်ရှိပြီး ပုဒ်မအနေနဲ့ ဆိုရင် (၈) ခု လောက်ရှိပါတယ်။ ပြင်ဆင်ချက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကို ကန့်သတ်ခံရတဲ့ အချိန်တိုအတွင်းမှာ အပြီးဆွေးနွေးရတဲ့အတွက် မြန်မြန်ဆန်ဆန် ဆွေးနွေးနေတာကို တွေ့ရပြီး သူ့ရဲ့ ပြင်ဆင်ချက်အားလုံးကို အပြီးသတ်နိုင်အောင် ကြိုးစားခဲ့ပေမယ့် အပြီးသတ် မသွားနိုင်ခဲ့ပါဘူး။

ခွင့်ပြုချိန် (၆) မိနစ်

လွှတ်တော်ဆိုင်ရာ နည်းဥပ‌ဒေတွေမှာ လွှတ်တော်တွင်းဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အချိန်ကို ကန့်သတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ပြဋ္ဌာန်းချက်တွေ ရှိပေမယ့်လည်း လွှတ်တော်အစည်းအဝေးအစီအစဉ်တွေမှာ ဆွေးနွေးမှုအတွက် အချိန် (၆) မိနစ်သာ ပေးထားပြီး အချိန်မလုံလောက်ရင် နောက်ထပ် မိနစ်အနည်းငယ် ဆွေးနွေးခွင့်အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရမှ ထပ်မံဆွေးနွေးရတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်၊ နည်းဥပဒေအရ

၂၀၁၀ ခုနှစ်မှာ လွှတ်တော်ဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေ ထွက်ရှိခဲ့ပြီး နည်းဥပဒေထဲမှာ လွှတ်တော်တွင်း ဆွေးနွေးမှုတွေအတွက် အချိန်ကန့်သတ်ချက်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။ လွှတ်တော် ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၂၂ “ဆွေးနွေးခွင့်နဲ့ အချိန်သတ်မှတ်ခြင်း” ပြဋ္ဌာန်းချက်မှာ ကိုယ်စားလှယ်တစ်ဦးဟာ တစ်ကြိမ်မှာ အများဆုံး မိနစ် (၂၀) ဆွေးနွေးခွင့်ရှိပြီး လွှတ်တော်ရဲ့လုပ်ငန်း ဒါမှမဟုတ် ဆွေးနွေးနေဆဲ အကြောင်းအရာကို အထောက်အကူပြုမယ်လို့ ယုံကြည်ရင် ဥက္ကဋ္ဌက အချိန်သတ်မှတ်ပြီး ဆက်ဆွေးနွေးခွင့် ပြုနိုင်တယ်လို့ ဆိုထားပါတယ်။

ပြင်ဆင်တဲ့ နည်းဥပဒေတွေကရလာတဲ့ အချိန်အကန့်အသတ်

လွှတ်တော်ဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေကို ပထမအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆွေးနွေးချိန်နဲ့ ပတ်သက်လို့ ပြင်ဆင်ပြောင်းလဲမှုတွေမှာ ပြည်သူ့လွှတ်တော်ရဲ့ နည်းဥပဒေအရ လွှတ်တော်တွင်း ဆွေးနွေးမှုအတွက် (၁၅)မိနစ် အချိန်ပေးထားပြီး အဆိုတင်သွင်းခြင်းနဲ့ အရေးကြီးအဆိုဆွေးနွေးမှုအတွက် (၁၀)မိနစ် ပေးထားပါတယ်။ အမျိုးသားလွှတ်တော် ကတော့ ဆွေးနွေးမှုတိုင်းအတွက် အချိန်ကို (၁၀) မိနစ် ပေးထားပါတယ်။ လွှတ်တော်နှစ်ခုစလုံးက မေးခွန်း မေးမြန်းခြင်းတွေအတွက် (၃) မိနစ် သတ်မှတ်ထားပြီး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအတွက် တော့ ၂၀၁၀ ခုနှစ်၊ နည်းဥပဒေတွေမှာရော ပြင်ဆင်ထားတဲ့ နည်းဥပဒေတွေမှာပါ အချိန်ကန့်သတ်ချက် ဖော်ပြထားခြင်းမရှိပါဘူး။

လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေမှာ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ တကယ့်တကယ်တော့ လွှတ်တော်တွင်း ဆွေးနွေးတဲ့အခါ ကိုယ်စားလှယ်တွေအနေနဲ့ (၆) မိနစ်သာ ဆွေးနွေးခွင့်ရရှိပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်အရဆိုရင် ဆွေးနွေးမှုတွေအတွက် အချိန်ကန့်သတ်ထားတာက ကိုယ်စားလှယ် တင်ပြချင်တဲ့ အကြောင်းကိစ္စရပ်အတွက် လုံလောက်မှု မရှိဘူးဆိုတာ ရှင်းလင်းနေပါတယ်။

ကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုအပြီးမှာတော့ လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို ဥပဒေကြမ်း ကော်မတီက ခေါ်ယူဆွေးနွေးမှာဖြစ်ကြောင်းနဲ့ ခေါ်ယူဆွေးနွေးတဲ့အခါမှာ မပျက်မကွက်လာရောက် ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။ ဥပဒေကြမ်းကော်မတီနဲ့ အချိန်ယူ ဆွေးနွေးနိုင်တယ်ဆိုတဲ့အချက်ဟာ လွှတ်တော်တွင်း ဆွေးနွေးမှုတွေအတွက် အဖြေတစ်ခု မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေကြမ်းကော်မတီတို့ရဲ့ ဆွေးနွေးမှုဟာ တံခါးပိတ်အစည်းအဝေးသဖွယ်ဖြစ်ပြီး နိုင်ငံသားမဲဆန္ဒရှင်တွေ သိရှိပိုင်ခွင့် မရှိတော့တဲ့အတွက် နိုင်ငံသားတွေရဲ့ သတင်းအချက်အလက်ဆိုင်ရာ ရပိုင်ခွင့်ကို ပိတ်ပင်သလို ဖြစ်နေပါတယ်။

ပြင်ဆင်သင့်တဲ့ အချိန်ကန့်သတ်မှု

ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေက လွှတ်တော်ရဲ့ အချိန်တွေကုန်ဆုံးမှာ စိုးရိမ်ပြီး အချိန်ကန့်သတ် နေမယ့်အစား ဆွေးနွေးတဲ့အကြောင်းအရာနဲ့ တိုက်ရိုက်မသက်ဆိုင်မှုမျိုး အပါအဝင် အခြားတားမြစ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ သုံးပြီး လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုကို ရပ်ဆိုင်းပိုင်ခွင့် ရှိပြီး ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ဆိုင်ရာဥပဒေတွေက တားမြစ်ထားခြင်း မရှိဘဲ နည်းဥပဒေတွေအရ ကန့်သတ်တားဆီးထားတဲ့ လွှတ်တော်တွင်းဆွေးနွေးမှုဆိုင်ရာ အချိန်ကန့်သတ်ချက်နဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ဒါမှလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း၊ အစွမ်းအစတွေကို နိုင်ငံသားတွေ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီး နိုင်ငံသားတွေရဲ့ သတင်းအချက်ဆိုင်ရာ သိပိုင်ခွင့်လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

လှမျိုးကျော် ရေးသားသည်။