Posted in ဥပဒေရေးရာ သုတေသန on May 15, 2019
စက်မှုဇုန်တွေကို နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနဲ့အညီ စနစ်တကျ စီမံထူထောင်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာနိုင်စေဖို့၊ ဈေးကွက်အရ ယှဉ်ပြိုင်နိုင်တဲ့ စက်မှုလုပ်ငန်းများဖြစ်လာစေပြီး စက်မှုလုပ်ငန်းတွေ စက်မှုဇုန်အတွင်း အခြေချ လာစေဖို့နဲ့ စက်မှုလုပ်ငန်းများကြောင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းထဲမှာ ဆိုထားပါတယ်။
ဗဟိုကော်မတီဖွဲ့စည်းခြင်းနဲ့လုပ်ငန်းတာဝန်
ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် သတ်မှတ်ပေးပြီး၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေအပါအဝင် ၁၅ ဦးထက် မပိုတဲ့ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းနိုင်ပါတယ်။ ဗဟိုကော်မတီအနေနဲ့ မူဝါဒချမှတ်ခြင်း၊ စက်မှုဇုန်တည်ထောင်ရေးနဲ့စပ်လျဉ်းပြီး သဘောထားမှတ်ချက်ပေးခြင်းနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း၊ ဒေသဆိုင်ရာကော်မတီတွေ ဖွဲ့စည်းခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ရပါမယ်။
ဒေသဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်
ဒေသဆိုင်ရာ စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီတွေ ဖွဲ့စည်းရာမှာတော့ ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်မှာ နေပြည်တော်ကောင်စီဥက္ကဌက နာယက၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ကြီးချုပ်တွေက နာယကတွေအဖြစ် ထည့်သွင်းထားပါတယ်။ ဒေသဆိုင်ရာကော်မတီဥက္ကဌတွေအဖြစ် နေပြည်တော်မှာ နေပြည်တော်ကောင်စီဝင်က ဥက္ကဌဖြစ်ပြီး၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတော့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးတစ်ဦးဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနဲ့ သက်ဆိုင်ရာ စက်မှုဇုန်အလိုက် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌတွေထဲက အများဆုံး ၅ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးနဲ့ ဒေသဆိုင်ရာကော်မတီကို ဖွဲ့စည်းနိုင်ပါတယ်။
ဒေသဆိုင်ရာကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နဲ့ စက်မှုဇုန် ရင်းနှီးတည်ဆောက်လိုတဲ့ လုပ်ငန်းရှင်တွေရဲ့ စက်မှုဇုန်အသစ် တည်ထောင်လိုတဲ့ အဆိုပြုချက်တွေကို စိစစ်သုံးသပ်ပြီး ဗဟိုကော်မတီကို တင်ပြခြင်း၊ စက်မှုဇုန်ပြင်ပမှာ လုပ်ဆောင်နေတဲ့ စက်မှုလုပ်ငန်းတွေကို စက်မှုဇုန်ထဲ လုပ်ကိုင်စေရန် ကြပ်မတ်ခြင်း၊ စက်မှုဇုန်အတွင်း လုပ်ကိုင်သူများရဲ့ အခွင့်အရေးနဲ့ သက်သာခွင့်တွေအတွက် လိုအပ်ပါက ဗဟိုကော်မတီကို တင်ပြဆောင်ရွက်ခြင်းနဲ့ စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့ လုပ်ကိုင်ခွင့်လျှောက်ထားလာမှုကို စိစစ်ခွင့်ပြုပေးခြင်း နဲ့ စက်မှုဇုန်အကောင်အထည်ဖော်မှု အခြေအနေတွေကို ခြောက်လ တစ်ကြိမ် ဗဟိုကော်မတီကို အစီရင်ခံခြင်းစတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် စည်းကြပ်ကောက်ခံရမယ့် အခွန်အခတွေ၊ မြေဌားရမ်းခနဲ့ မြေအသုံးပြုခတွေကို ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ကောက်ခံပြီး၊ ရရှိလာတဲ့ ရငွေတွေထဲက ဗဟိုကော်မတီက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းကာ ကျန်ငွေများကို ရန်ပုံငွေအဖြစ်ထားရှိပြီး ဘဏ္ဍာရေးစည်းမျဉ်းများနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်။
စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်းနဲ့လုပ်ငန်းတာဝန်
သက်ဆိုင်ရာစက်မှုဇုန်အလိုက် စက်မှုဇုန်လုပ်ငန်းရှင်များက ရွေးချယ်တဲ့ ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ အခြားအစိုးရတာဝန်ရှိသူများ အပါအဝင် အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၂၁ ဦးအထိ ပါဝင်တဲ့ စီမံခန့်ခွဲရေးကော်မတီများကို ဒေသဆိုင်ရာကော်မတီက ဖွဲ့စည်းပေးနိုင်ပါတယ်။ စီမံခန့်ခွဲရေးကော်မတီရဲ့ သက်တမ်းကတော့ ၅နှစ်ဖြစ်ပြီး၊ ရွေးကောက်ခံ ကော်မတီဝင်တွေဟာ ကော်မတီဝင်အဖြစ် တဆက်တည်း နှစ်ကြိမ်သာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။
စီမံခန့်ခွဲရေးကော်မတီဟာ ဒေသဆိုင်ရာကော်မတီကို တာဝန်ခံရမှာဖြစ်ပြီး စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် စီမံကိန်း ရေးဆွဲတင်ပြခြင်းနဲ့ ကြီးကြပ်ကွပ်ကဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို ဒေသဆိုင်ရာကော်မတီ ခွင့်ပြုချက်နဲ့ ထုတ်ပြန်ကြေညာခြင်း၊ စက်မှုဇုန် ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုအတွက် ရန်ပုံငွေကောက်ခံခြင်း စတာတွေ လုပ်ဆောင်ရပါမယ်။
စက်မှုဇုန်သတ်မှတ်ကြေညာခြင်း
စက်မှုဇုန်တည်ထောင်ဖို့အတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေရဲ့ အဆိုပြုချက်ကို ဗဟိုကော်မတီက သတ်မှတ်ချက်များနဲ့ ကိုက်ညီကြောင်း တင်ပြတဲ့တည်နေရာအား ပြည်ထောင်စုအစိုးရအဖွဲ့ကနေ စိစစ်ပြီး ငြင်းပယ်ခြင်းနဲ့ အတည်ပြုခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ အတည်ပြုပြီးပါက တည်နေရာ၊ အကျယ်အဝန်းနဲ့ နယ်နမိတ်အပိုင်းအခြားကို စက်မှုဇုန်တည်ထောင်မယ်လို့ အမိန့်ကြေငြာစာ ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ လက်ရှိဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုပြီးပါက ဥပဒေမပြဌာန်းခင်ကာလက စက်မှုဇုန်တွေကို အမျိုးအစား၊ အဆင့်အတန်း ခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ် ကြေညာရမှာ ဖြစ်ပါတယ်။ စက်မှုဇုန်နယ်မြေကိုလည်း စက်မှုလုပ်ငန်းများနဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းများကလွဲပြီး အခြားနည်း အသုံးမပြုဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။
စက်မှုဇုန်တည်ထောင်ခြင်း
စက်မှုဇုန်တည်ထောင်ဖို့အတွက် ဒေသဆိုင်ရာကော်မတီရဲ့ အဆိုပြုတင်ပြချက်ကို စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူချက်နဲ့ စက်မှုဇုန်အသစ်များကို ဗဟိုကော်မတီဟာ တည်ထောင် ဆောင်ရွက်နိုင်ပါတယ်။ စက်မှုဇုန်ရင်းနှီးတည်ဆောက်သူကို ရွေးချယ်ရာမှာတော့ ဒေသဆိုင်ရာ ကော်မတီကနေ တည်ဆဲ ဥပဒေများ၊ တင်ဒါလုပ်ထုံးလုပ်နည်းများနဲ့အညီ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရင်းနှီးတည်ဆောက်သူကို တင်ဒါစနစ်နဲ့ ရွေးချယ်ရာမှာလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးရှိစေမှု၊ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှု၊ ပွင့်လင်းမြင်သာမှုစတဲ့ အချက်တွေကိုလည်း အဓိကထား စဉ်းစားရမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တည်ထောင်ရာမှာတော့ စက်မှုလုပ်ငန်းနယ်မြေအတွက် ရာခိုင်နှုန်း ၆၀ မှ ၇၀ အထိ၊ ကုန်သွယ်မှုနယ်မြေအတွက် ၁ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ၊ စက်မှုဇုန်ဝန်ဆောင်မှုနှင့် အထောက်အကူပြု အသုံးချနယ်မြေအတွက် ရာခိုင်နှုန်း ၂၀ မှ ၂၅ အ ထိ၊ စိမ်းလန်းနယ်မြေအတွက် ၉ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်စေရပါမယ်။
ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ သုံးစွဲခြင်း
ဗဟိုကော်မတီရဲ့ အထွေထွေ ကုန်ကျစရိတ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ စက်မှုဝန်ကြီးဌာနကနေ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ ကျခံရပါမယ်။ ဒေသဆိုင်ရာ ကော်မတီတွေကတော့ နိုင်ငံတော် ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပမှ အကူအညီရရှိငွေ၊ အခွန်အခ၊ မြေငှားခ၊ မြေအသုံးပြုခနဲ့ အခြားရငွေတွေနဲ့ ရန်ပုံငွေ ထူထောင်ထားရှိနိုင်ပါတယ်။ အလားတူ စီမံခန့်ခွဲရေးကော်မတီဟာလည်း လုပ်ငန်းရှင်တွေရဲ့ အချိုးကျထည့် ဝင်ငွေ၊ ဒဏ်ကြေးငွေနဲ့ အခြားရငွေများဖြင့် ရန်ပုံငွေထူထောင်နိုင်ပြီး ဒေသဆိုင်ရာကော်မတီရဲ့ခွင့်ပြုချက်နဲ့ ရန်ပုံငွေထိန်းသိမ်းရေးနှင့် သုံးစွဲရေးဆပ်ကော်မတီတွေကို ဖွဲ့စည်းထားနိုင်ပါတယ်။
ရင်းနှီးတည်ဆောက်သူရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်
ရင်းနှီးတည်ဆောက်သူဟာ တည်ဆောက်မှု လုပ်ငန်းအဆိုပြုချက်တွေကို ဒေသဆိုင်ရာကော်မတီမှတစ်ဆင့် ဗဟိုကော်မတီရဲ့ အတည်ပြုချက်ကို ရယူရပါမယ်။ ဒေသဆိုင်ရာကော်မတီရဲ့ ခွင့်ပြုချက်နဲ့ စက်မှုဇုန်လုပ်ငန်း အကောင်အထည်ဖော်ခြင်း၊ ထပ်ဆင့်မြေငှားချခြင်းနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ စက်မှုဇုန် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းတွေကိုတော့ စီမံခန့်ခွဲရေးကော်မတီရဲ့ ကြီးကြပ်မှုဖြင့် လုပ်ကိုင်နိုင်ပါတယ်။ တည်ဆောက်ရေးစီမံကိန်းတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးရမှာဖြစ်ပြီး၊ အကယ်၍ မပြီးစီးခဲ့ပါက ခိုင်လုံတဲ့အကြောင်းပြချက်ကို ဒေသဆိုင်ရာကော်မတီရဲ့သဘောထားမှတ်ချက်နဲ့အတူ ဗဟိုကော်မတီကို တင်ပြပြီး အဆုံးအဖြတ် ရယူရပါမယ်။ ရင်းနှီးတည်ဆောက်သူဟာ သက်ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေရဲ့ အထူးခံစားခွင့်များအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့် ရှိပါတယ်။
ရင်းနှီးမြှပ်နှံသူရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်
ရင်းနှီးမြှုပ်နှံသူဟာ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးမှု၊ ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်မှု၊ လမ်းထိန်းသိမ်းမှု စတာတွေကို လုပ်ဆောင်နိုင်ပြီး စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် ဒေသဆိုင်ရာကော်မတီကို လျှောက်ထားရပါမယ်။ တည်ဆောက်ရေးစီမံကိန်းတွေ သတ်မှတ်ကာလအတွင်း မပြီးစီးခဲ့ပါက ခိုင်လုံတဲ့အကြောင်းပြချက်ကို စီမံခန့်ခွဲရေးကော်မတီရဲ့ သဘောထားမှတ်ချက်နဲ့အတူ ဒေသဆိုင်ရာကော်မတီကို တင်ပြပြီး အဆုံးအဖြတ် ရယူရပါမယ်။ ရင်းနှီးမြှုပ်နှံသူဟာ မိမိရဲ့လုပ်ငန်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ အစုရှယ်ယာလွှဲပြောင်းမှု၊ ပြည်တွင်းပြည်ပဝန်ထမ်းများခန့်ထားမှု စတာတွေကို စီမံခန့်ခွဲရေး ကော်မတီကို အကြောင်းကြား တင်ပြရပါမယ်။ ရင်းနှီးမြှပ်နှံသူဟာလည်း ရင်းနှီးတည်ဆောက်သူလိုပဲ ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ရှိပါတယ်။
မြေအသုံးပြုမှု
မြေအသုံးပြုမှုအပိုင်းမှာတော့ ဒေသဆိုင်ရာကော်မတီဟာ ရင်းနှီးတည်ဆောက်သူ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူကို စက်မှုမြေလုပ်ကိုင်နိုင်ရန် နှစ် ၅၀ အထိ ခွင့်ပြုနိုင်ပါတယ်။ သက်တမ်းကုန်ပြီးနောက် ရင်းနှီးမြှုပ်နှံသူမှ ဆက်လက်လုပ်ကိုင်လိုပါက တစ်ဆက်တည်း ၁၀ နှစ် သက်တမ်း ၂ ကြိမ်ထိ တိုးပေးနိုင်ပါတယ်။ စက်မှုဇုန် သတ်မှတ်ကြေငြာခြင်းခြင်းမပြုမီ စက်မှုဇုန်ထူထောင်ဖို့လျာထားတဲ့ မြေပေါ်မှာရှိတဲ့ လူနေအိမ်ခြေ၊ အဆောက်အအုံ၊ လယ်ယာဥယျာဉ်ခြံမြေ၊ သီးပင်စားပင်နဲ့ စိုက်ခင်းတွေကို ပြောင်းရွှေ့တာတွေ၊ နစ်နာကြေးပေးတာတွေနဲ့ လျော်ကြေးပေးတာတွေကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ ဒါမှမဟုတ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က တည်ဆဲဥပဒေများနဲ့ ဖြေရှင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ စက်မှုဇုန်အတွင်း ရယူထားပြီး လုပ်ကိုင်ခြင်းမပြုတဲ့ မြေကွက်တွေကို ဥပဒေပြဋ္ဌာန်းပြီး ၆ လအတွင်း လုပ်ငန်းစီမံချက် တင်ပြပြီး အတည်ပြုချက် ရယူဖို့လိုပါမယ်။ တင်ပြထားတဲ့ စီမံကိန်းကို ၂ နှစ်အတွင်း ပြီးစီးအောင် မလုပ်ကိုင်နိုင်ပါက ဒေသဆိုင်ရာကော်မတီက သတ်မှတ်တဲ့ မြေကာလတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ပြန်သိမ်းပြီး အခြားလုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးနိုင်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရာမှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ အခြားတည်ဆဲဥပဒေတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းများအညီ လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ ရင်းနှီးမြှုပ်နှံသူဟာ စက်မှုဇုန်သစ်အတွင်း စုပေါင်းစနစ်ဖြင့် စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်း၊ သန့်စင်၊ စွန့်ပစ်ခြင်းတွေအတွက် သင့်လျော်တဲ့နှုန်းထားကို စီမံခန့်ခွဲရေးကော်မတီသို့ ပေးဆောင်ရမှာဖြစ်ပြီး၊ တည်ရှိပြီး စက်မှုဇုန်တွေအနေနဲ့ကတော့ အဆိုပါကိစ္စရပ်တွေကို နှစ်အလိုက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ရပါမယ်။
စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းခြင်း
စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုပေါ်ပေါက်လျှင် စီမံခန့်ခွဲရေးကော်မတီကနေ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရပါမယ်။ မပြေလည်ပါက ဒေသဆိုင်ရာကော်မတီကို တင်ပြဖြေရှင်းနိုင်ပါတယ်။ ဒေသဆိုင်ရာ ကော်မတီက ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိလျှင် တည်ဆဲဥပဒေတွေနဲ့ ဆက်လက်ဆောင်ရွက်ရပါမယ်။
စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်နဲ့ အယူခံဝင်ခြင်း
သက်ဆိုင်ရာ ကော်မတီအသီးသီးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ရင် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များဖြစ်တဲ့ စာဖြင့် သတိပေးခြင်း၊ သတ်မှတ်ထားတဲ့ ဒဏ်ငွေပေးဆောင်စေခြင်းနဲ့ လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ပေးတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး မကျေနပ်ပါက အမိန့်ချတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ဒေသဆိုင်ရာကော်မတီသို့ အယူခံ ဝင်ရောက်နိုင်ပါတယ်။ ဒေသဆိုင်ရာကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်ပါတယ်။
တားမြစ်ချက်များနဲ့ ပြစ်ဒဏ်များ
ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူဟာ မြေအသုံးချခြင်းနဲ့ပတ်သက်တဲ့ ဥပဒေပါ ပြဌာန်းချက်တွေ မလိုက်နာပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါ ချမှတ်နိုင်ပါတယ်။ စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်းတို့အတွက် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ပါတယ်။ ရင်းနှီးမြှပ်နှံသူတွေဟာ ဇုန်အလိုက် သတ်မှတ်ထားတဲ့ ခွင့်ပြုလုပ်ငန်းများအပြင် အခြား စက်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်းနဲ့ ဘေးအန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို စုပေါင်းစနစ်နဲ့ သန့်စင်စွန့်ပစ်ခြင်းမရှိတဲ့ စက်မှုဇုန်တွေမှာ ကိုယ်တိုင်စွန့်ပစ်ခြင်း ပျက်ကွက်ခဲ့ရင် ငွေဒဏ် သိန်းနှစ်ဆယ် ချမှတ်ရမှာဖြစ်တဲ့အပြင် ထောင်ဒဏ် ခြောက်လလည်း ချမှတ်နိုင်ပါတယ်။
အခြားတားမြစ်ထားတဲ့အချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင်လည်း ငွေဒဏ်များ ချမှတ်နိုင်ပါတယ်။ စီမံခန့်ခွဲရေး ပြစ်ဒဏ်မဟုတ်တဲ့ ပြစ်ဒဏ်အားလုံးကို ရဲအရေးပိုင်တဲ့ ပြစ်မှုများအဖြစ် သတ်မှတ်ထားပါတယ်။
ဗဟိုကော်မတီဟာ တည်ဆဲဥပဒေများနဲ့အညီ ဆောင်ရွက်နေတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုထားတဲ့ သက်တမ်းကာလအတွင်း နိုင်ငံတော်ပိုင် သိမ်းယူခြင်းကနေ ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။