Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019
ယူနီကုဒ်ပြောင်းတာဟာ ခရီးအစဖြစ်ပြီး လမ်းဆုံးမှတ်တိုင်လို့ ပြောဖို့တော့ လိုပါသေးတယ်။
ယူနီကုဒ်ပြောင်းဖို့ အစိုးရက ဆော်ဩတာဟာ ဗမာဆန်လွန်းနေတာတော့ ငြင်းလို့မရပါဘူး။ ယူနီကုဒ်ကောင်းကျိုးတွေကို ထုတ်ဖော်ပြောကြတဲ့အခါ တိုင်းရင်းသားဘာသာနဲ့ပါ ရေးလို့ရပြီလို့ ပြောကြပေမယ့် အဲဒီဖော်ပြချက်က အသားပေးဖော်ပြခံရတာမျိုးတော့ မဟုတ်ပါဘူး။ အပြည့်အဝလည်း မမှန်ဘူးလို့ ပြောရမှာပါ။ ဥပမာ ရှမ်းဘာသာဆိုရင် အရင် ဇော်ဂျီဖောင့်နဲ့ကတည်းက ရှမ်း၊ ဗမာ ဘာသာစကား နှစ်မျိုးလုံးနဲ့ ရေးလို့ ဖတ်လို့ရအောင် ဖန်တီးထားနိုင်ခဲ့ကြတာပါ။ ဒီလိုပြောလို့ ယူနီကုဒ်မပြောင်းသင့်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပြောင်းတာကတော့ လုံးဝကို ပြောင်းသင့်ပါတယ်။ ဗမာအက္ခရာ မိသားစုဝင် စကားလုံးတွေနဲ့ ရေးတဲ့ တိုင်းရင်းသားဘာသာစကားတွေကို ထိန်းသိမ်းနိုင်ဖို့ ပြောင်းသင့်တာပါ။
ဇော်ဂျီဖောင့်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြစဉ်က တိုင်းရင်းသား ဘာသာစကားတွေအနေနဲ့ ဗမာလိုလည်း ရေးလို့ ဖတ်လို့ရအောင်၊ မိခင်ဘာသာစကားလည်း ရေးလို့ ဖတ်လို့ရအောင် ကြံဆတီထွင်ခဲ့ကြရပါတယ်။ ဥပမာ ရှမ်းစာအတွက် အာဆီယံထဲက “ချမ်း”ဆိုတဲ့ လူမျိုးစု ဘာသာစကားကို ရှမ်းစာအနေနဲ့ ဖတ်လို့ ရေးလို့ရအောင် ပြုပြင်ဖန်တီးခဲ့ရတာပါ။
ကရင်ဘာသာနဲ့ ရေးလို့ရဖို့တော့ ဇော်ဂျီရဲ့ ကုဒ်ပွိုင့်အများစုကို လိုက်နာထားတဲ့ ဇွဲကပင်ဖောင့်ကို တချို့ အသုံးပြုကြပါတယ်။ ဇော်ဂျီမှာ အသုံးနည်းတဲ့ အက္ခရာနေရာတွေမှာ ကရင်အက္ခရာတွေနဲ့ အစားထိုးထားတဲ့ ဖောင့်တစ်မျိုး ဖြစ်ပါတယ်။ မွန်ဘာသာအတွက်ကတော့ ဇော်ဂျီကိုပဲ အသုံးပြုကြပါတယ်။
အခုလို ယူနီကုဒ်ပြောင်းလိုက်တဲ့အခါ မိခင်ဘာသာစကားကို စနစ်တကျရေးနိုင်ဖို့ ပိုပြီးလမ်းပွင့်လာနိုင်တာ အသေအချာပါပဲ။ ယူနီကုဒ်ပြောင်းဖို့ တိုက်တွန်းကြတဲ့အထဲမှာ အပြောများကြတာက နောင်တစ်ချိန်မှာ ဗမာစာကနေ Google Translate လို ဝန်ဆောင်မှုတွေ ပိုပြီးသုံးလာနိုင်မယ်လို့ ပြောကြပါတယ်။ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဗမာဘာသာစကား ဖလှယ်နိုင်ရေးကိုတော့ ပြောကြလေ့မရှိပါဘူး။
ဗမာစာကို ရုံးသုံးအနေနဲ့ သတ်မှတ်ထားပေမယ့် လွှတ်တော်ထဲက ရွေးကောက်ခံကိုယ်စားလှယ်တွေထဲမှာကို ဗမာစကား အခက်အခဲရှိတဲ့ ကိုယ်စားလှယ်တွေ ရှိနေပါတယ်။ ယူနီကုဒ် အပြောင်းအလဲဟာ တိုင်းရင်းသား ဘာသာစကားတွေအတွက်လည်း သိသာတဲ့ ကောင်းကျိုးပြုနိုင်ဖို့ လိုပါတယ်။ ဗမာဘာသာစကား အကြောင်းအရာတွေ၊ ဘာသာပြန်ဆိုမှုတွေ အင်တာနက်အပေါ် အရေအတွက်၊ ထည့်ဝင်မှု နည်းနေသေးတဲ့အတွက် ဗမာဘာသာကို ပြန်ဆိုတဲ့ ဝန်ဆောင်မှုတွေဟာ အားနည်းနေဆဲ ဖြစ်တယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။
တိုင်းရင်းသား ဘာသာစကားတွေအတွက်ဆိုရင် အခြေအနေက ဒီ့ထက် ပိုမကောင်းနိုင်ပါဘူး။ ဒီစာရေးစနစ် အပြောင်းအလဲရဲ့ အဓိက အကျိုးခံစားရမှာတွေထဲမှာ မြန်မာနိုင်ငံရဲ့ ကြွယ်ဝပြီးဖြစ်တဲ့ တိုင်းရင်းသား ဘာသာစာပေတွေ မဖြစ်မနေ ပါဝင်နေသင့်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာလည်း နိုင်ငံတော်အနေနဲ့ "တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်ကူညီ ဆောင်ရွက်မည်" လို့ ပြဋ္ဌာန်းထားပါတယ်။ (ပုဒ်မ ၂၂)
၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေရဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနရဲ့ တာဝန်ကို ဖော်ပြရာမှာ "လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လုနီးပါး ဖြစ်နေသော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း" ဆိုတဲ့ တာဝန်ကို ထည့်သွင်းထားပါတယ်။ (ပုဒ်မခွဲ ၉(ည))
ယူနီကုဒ် အပြောင်းအလဲဟာ ဗမာစာအတွက်တင် ရပ်မနေသင့်သလို၊ တိုင်းရင်းသားဘာသာနဲ့ စာရေးနိုင်ရုံလောက်မှာတင် ရပ်တန့်မသွားသင့်ပါဘူး။ တိုင်းရင်းသားဘာသာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပိုများလာအောင်၊ တစ်ချိန်ချိန်မှာ တိုင်းရင်းသားဘာသာစကားတွေအကြား အပြန်အလှန် ဘာသာပြန်နိုင်လောက်တဲ့အထိ ရောက်အောင်ကို ရည်မှန်းချက်ထားပြီး မြှင့်တင်ပေးသင့်ပါတယ်။ တိုင်းရင်းသားဘာသာစာပေတွေ ထိန်းသိမ်းရေး၊ အွန်လိုင်းပေါ် ရေးနိုင်အောင်ရော၊ ပေါများလာအောင်ပါ အဘက်ဘက်က ကိုယ့်အားကိုယ်ကိုယ် ကြိုးပမ်းနေကြသူတွေကိုလည်း အစိုးရအနေနဲ့ အသိအမှတ်ပြုပြီး သူတို့တွေရဲ့ လုပ်ဆောင်မှုတွေကို ထိထိရောက်ရောက် ပံ့ပိုးသင့်ပါတယ်။ ဘာသာပြန် ဖလှယ်နိုင်လောက်အောင် လိုအပ်တဲ့ စာပေနဲ့ ဘာသာစကား သုတေသနတွေကိုလည်း တက်တက်ကြွကြွ ပံ့ပိုးပေးဖို့လိုပါတယ်။ ဒါမှပဲ ယူနီကုဒ် အပြောင်းအလဲဟာ ပြည့်စုံတဲ့ အပြောင်းအလဲဖြစ်ပါမယ်။
ထင်ကျော်အေး ရေးသားသည်။