Posted in ဥပဒေရေးရာ သုတေသန on Nov 13, 2019

ဒီဆောင်းပါးဟာ လွှတ်တော်တွင်း ကျင့်ဝတ်စည်းမျဉ်းတွေကို လေ့လာသုံးသပ်မယ့် ဆောင်းပါးသုံးခုထဲက ပထမဦးဆုံး တစ်ခု ဖြစ်ပါတယ်။

မကြာသေးခင်က လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်အမတ်တွေအတွက် ကျင့်ဝတ်စည်းမျဉ်း တစ်ခု ဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော် အမတ်တွေအားလုံး လိုက်နာ ကျင့်သုံးရမယ့် စံသတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းမျဉ်းတစ်ခု လိုအပ် နေပြီဆိုတာကို ကော်မတီအဖွဲ့ဝင်များက အလှည့်ကျ ဆွေးနွေးကြခဲ့ကြပါတယ်။

ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနိုင်စေဖို့နဲ့ လွှတ်တော်ရဲ့ အဓိက တာဝန်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေ ရေးဆွဲခြင်း၊ အစိုးရကို စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ပြည်သူလူထုအား ကိုယ်စားပြုခြင်းတွေကို ဂုဏ်သိက္ခာရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

ဒီကော်မတီက ကျင့်ဝတ်အနေနဲ့ အဓိကကျတဲ့ အခြေခံ သဘောတရား ခြောက်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒါတွေ ကတော့ ဂုဏ်သိက္ခာရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တန်းတူညီမျှမှု ရှိခြင်းနဲ့ အားလုံးပါဝင်နိုင်ခွင့်ရှိခြင်းတို့ ဖြစ်ကြပါတယ်။

ထိုသဘောတရား တစ်ခုစီအတွက် ကော်မတီ အဖွဲ့ဝင်တွေဟာ အားလုံးသဘောတူ လက်ခံနိုင်တဲ့၊ ကောင်းမွန်တဲ့ ကြေညာချက်တွေကို ဖတ်ရှုသွားပြီး ဘာကြောင့် ဒီသဘောတရားတွေက အရေးကြီးရတာလဲဆိုတာကို ပြောဆို ကြပါတယ်။ ဒါပေမဲ့ ဒီလို ဆွေးနွေးမှုတွေဟာ ကောင်းမွန်တဲ့ ပထမ ခြေလှမ်း ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းအားလုံးဟာ တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တိကျတဲ့ ကျင့်ဝတ် စည်းမျဉ်းတွေ ချမှတ်ဖို့ လိုပါတယ်။ အခု ပြောဆိုနေကြတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေဟာ မပြည်မစုံ သို့မဟုတ် ဝေဝါးထွေပြားနေတာကို တွေ့ရှိရပါတယ်။

၎င်းတို့ဆွေးနွေးကြတဲ့ အချိန်အတောအတွင်း လွှတ်တော်အခွင့်အရေးကော်မတီက ထို သဘောတရား ခြောက်ခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ အဓိပ္ပာယ်များဟာ ရှုပ်ထွေးလျက်ရှိခြင်း သို့မဟုတ် အခြားသော လွှတ်တော်များတွင် လက်ခံကျင့်သုံးလျက်ရှိတဲ့ ကျင့်ဝတ်စည်းမျဉ်းများနဲ့ များစွာ ကွာခြား လျက်ရှိတာကို တွေ့ရပါတယ်။ အောက်တွင် ဖော်ပြထားသည့်အတိုင်း ကော်မတီက ဖော်ထုတ် တင်ပြထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ကြည့်ရှုလေ့လာကြပါမယ်။ ၎င်းတို့ရဲ့ အောက်မှာဗြိတိန် အစိုးရဝန်ထမ်း ဘဝ၏ သဘောတရား (၇) ချက်ကို နှိုင်းယှဉ် ကြည့်ရှုနိုင်ရန် ဖော်ပြထားပါတယ်။

ဂုဏ်သိက္ခာ။ ။ ကော်မတီက မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများကို အကျိုးရှိစေမယ့် ကိစ္စတွေကို မဆောင်ရွက်ခြင်းနဲ့ လာဘ်လာဘမယူခြင်းတို့ကို မှန်ကန်စွာ ညွှန်ပြခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မှတ်တမ်းတင်သွင်းရန်နဲ့ ထုတ်ဖော်ကြေညာရန် အရေးကြီးမှုကို မည်သည့်နေရာတွင်မှ ဖော်ပြ ထားခြင်း မရှိချေ။

"ဂုဏ်သိက္ခာ ။ ။ အစိုးရ ရာထူးများကို ရယူထားသည့် ပုဂ္ဂိုလ်များဟာ ၎င်းတို့ရဲ့ အလုပ်ကို လာရောက် လွှမ်းမိုးမှုများရှိနိုင်တဲ့ လူတစ်ဦးတစ်ယောက်ထံကို ဖြစ်စေ၊ အဖွဲ့အစည်းများထံကို ဖြစ်စေ မည်သည့် ကျေးဇူးခံမှုမှ မဖြစ်ပေါ်စေရန် ရှောင်ကြဥ်ရပါမယ်။ ၎င်းတို့ ကိုယ်တိုင်၊ ၎င်းတို့၏ မိသားစုဝင်တွေ သို့မဟုတ် ၎င်းတို့ရဲ့ မိတ်ဆွေတွေဟာ ဘဏ္ဍာရေးအရ သို့မဟုတ် အခြားသော အကျိုးစီးပွားများကို ဖြစ်ပေါ်စေမည့် ဆုံးဖြတ်ချက် တွေကို ချမှတ်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းတို့ကို မပြုလုပ်ရပါ။ ၎င်းတို့ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဆွေမျိုးတော်စပ်မှုတွေအားလုံးကို ထုတ်ဖော်ကြေညာရမှာ ဖြစ်ပါတယ်။"

တာဝန်ယူမှုကို ကောင်းမွန်စွာ အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းလည်း မရှိတာကို တွေ့ရပါတယ်။ အဲဒီဖော်ပြချက်မှာ သတင်းအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းရန်ဆိုသော အချက်ကို ညွှန်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာ နိုင်ငံတကာရှိ ပါလီမန်များနဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း လျှို့ဝှက်သော အဖွဲ့အစည်း တစ်ခု ဖြစ်နေတဲ့အတွက် အဲဒီအချက်ဟာ အထူးစိုးရိမ်စရာ ကောင်းလှပါတယ်။ (ဥပမာ ကော်မတီ အစည်းအဝေး အားလုံးကို လျှို့ဝှက်၍သာ ကျင်းပပါတယ်။) ထိုသဘောတရားဟာ လွှတ်တော်က လိုက်နာပါမယ်လို့ ကတိကဝတ် ပြုထားတဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းဆိုတဲ့ သဘောတရားနဲ့ ဆန့်ကျင်ကွဲပြားလျက် ရှိနေတာကိုလည်း တွေ့ ရပါတယ်။

"ကိုယ်ကျိုးစီးပွား ရှာဖွေမှု ကင်းမဲ့ခြင်း ။ ။ အစိုးရဝန်ထမ်းများဟာ အများပြည်သူ အကျိုးစီးပွား တစ်ခုတည်းကိုသာ ပြုမူဆောင်ရွက်ရပါမယ်။

ရိုးသားမှု ။ ။ အစိုးရဝန်ထမ်းများဟာ ပြည်သူလူထု ယုံကြည်ရတဲ့ လူတွေ ဖြစ်ဖို့ လိုပါတယ်။"

ခေါင်းဆောင်မှု ။ ။ အစိုးရဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ အပြုအမူတွေမှာ အဲဒီသဘောတရားတွေ ပေါ်လွင်စေဖို့ ဆောင်ရွက်နေရမှာဖြစ်ပါတယ်။ အဲဒီသဘောတရားများကို တက်ကြွစွာ အားပေးခြင်း၊ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပြီး အားနည်းစေတဲ့အပြုအမူများကို တွေ့မြင်ပါကလည်း ငြင်းဆို စိန်ခေါ်ဖို့ ဆန္ဒရှိရမှာ ဖြစ်ပါတယ်။"

တာဝန်ခံမှု ။ ။ တာဝန်ခံမှုအတွက် အခြေခံ သဘောတရား ဆယ်ချက်ကို စာရင်းထဲမှာ ဖော်ပြထားသော်လည်း အဲဒီအချက်တွေဟာ တာဝန်ခံမှုနဲ့ အခြားသော ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများကို ရောမွှေထားခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ ပြည်သူလူထုက စောင့်ကြပ်ကြည့်ရှုနိုင်ရန်အတွက် တံခါးဖွင့်ထားဖို့ လိုအပ်ပြီး မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားပြုနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေရဲ့ တာဝန်ခံမှု စနစ်ကို ရိုးရှင်းလွယ်ကူစွာ ဖော်ပြထားဖို့ လိုအပ်ပါတယ်။

"တာဝန်ခံမှု ။ ။ အစိုးရ ဝန်ထမ်းများဟာ ၎င်းတို့၏ ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်ချက်တွေ အားလုံးအတွက် ပြည်သူလူထုရှေ့မှောက်မှာ တာဝန်ခံရန် လိုအပ်ပြီး ထိုတာဝန်ခံမှုကို ပြသနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ စစ်ဆေးစောင့်ကြည့်မှုကိုလည်း နာခံ ကျင့်သုံးရမှာ ဖြစ်ပါတယ်။"

ပွင့်လင်းမြင်သာမှု ။ ။ အစိုးရအဖွဲ့ရဲ့ ပွင့်လင်းမြင်သာမှု သဘောတရားများကို များစွာ အလေးထားသော အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ အာနန္ဒာအနေနဲ့ ကော်မတီရဲ့ ပွင့်လင်းမြင်သာမှုအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အသေးစိတ် လေ့လာဖတ်ရှုခဲ့ပါတယ်။ လွှတ်တော်ဟာ ယေဘုယျအားဖြင့် သုံးသပ်ရမယ်ဆိုရင် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ အထက်မှာ ပြောခဲ့သလို ကော်မတီ အစည်းအဝေးတွေကို အများပြည်သူ သိရှိနိုင်စေရန် ဖွင့်လှစ်ထားမှု မရှိခြင်းနဲ့ ပြည်သူများအားလုံးဟာ အစိုးရ သတင်းအချက်အလက်များကို ရယူပိုင်ခွင့် ရှိကြောင်း ဖော်ပြထားခြင်း မရှိတဲ့အချက်တို့ကို ကြည့်လျှင် သိနိုင်ပါတယ်။

"ပွင့်လင်းမြင်သာမှု ။ ။ အစိုးရဝန်ထမ်းများဟာ ပွင့်လင်းမြင်သာမှု ရှိစွာ ဆုံးဖြတ်ချက်တွေကို ချမှတ်ခြင်း လုပ်ဆောင်ရပါမယ်။ ဥပဒေကြောင်းအရ တိကျရှင်းလင်းသော အကြောင်းပြချက် တစုံတရာမရှိဘဲ မည်သည့် သတင်းအချက်အလက်ကိုမှ ပြည်သူလူထုအား ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဖုံးကွယ်ထားလို့ မရပါ။"

တန်းတူညီမျှမှု ။ ။ အခြားသော အခြေခံ သဘောတရားတွေထက် ပိုမိုနားလည်ရ လွယ်ကူစေသည့် အသုံးအနှုန်း တွေနဲ့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဘက်လိုက်မှု မရှိခြင်းကို ဖော်ပြဖို့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင် တန်းတူညီမျှမှု ရှိကြောင်း သက်သေပြနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

"ဘက်မလိုက်မှု ။ ။ အစိုးရ ဝန်ထမ်းတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာနဲ့ လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ရာမှာ ဘက်လိုက်မှု မရှိခြင်း၊ မျှတမှု ရှိခြင်း၊ အကောင်းဆုံး အထောက်အထား သက်သေများကို အသုံးပြု၍ မည်သည့် ဘက်မှ မလိုက်ဘဲ မှန်ကန်စွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

အားလုံးပါဝင်ခွင့်ရှိရေးကို ကော်မတီက တိကျစွာ သတ်မှတ်ခြင်း မရှိပါဘူး။ လွှတ်တော်အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း (Non-Government Organization – NGO) တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖိတ်ခေါ်ပြီး အကြံဉာဏ်တောင်းခံခြင်းတွေ ပြုလုပ်မယ်ဆိုတာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူများ ပူးပေါင်းပါဝင်ခွင့်ကို အားကောင်းစွာ ထောက်ပံ့ပေးခြင်းမရှိဘူးဆိုရင် ဒီသဘော တရားသည် အချို့သော အုပ်စုတွေကို အခြား အုပ်စုများထက် ပိုမို မျက်နှာသာပေးမိနိုင်တဲ့ အန္တရာယ် ရှိနေပါ တယ်။ ဒါ့အပြင် အချို့သော အုပ်စုတွေ သို့မဟုတ် အဖွဲ့အစည်းတွေက လွှတ်တော်အမတ်တွေကို သြဇာလွှမ်းမိုးပြီး ဂုဏ်သိက္ခာ စောင့်ထိန်းရမယ်ဆိုတဲ့ သဘောတရားနဲ့ ဆန့်ကျင်ဖီလာ ဖြစ်လာနိုင်ချေ ရှိပါတယ်။

"အစိုးရဝန်ထမ်းများနဲ့ ပတ်သက်တဲ့ ယူကေနိုင်ငံရဲ့ သဘောတရားတွေထဲမှာ အားလုံးပါဝင်ခြင်းနဲ့ တူညီတဲ့ သဘောတရား သီးသန့် မရှိပါ။ အမျိုးမျိုးသော ပါဝင်ပတ်သက်သူများကို ထိတွေ့ ဆက်ဆံခြင်းနဲ့ အကြံဉာဏ် ရယူခြင်းတို့ကို ပြုလုပ်နိုင်တဲ့ လွှတ်တော် တစ်ခု ဖြစ်လာနိုင်တဲ့ အခြေအနေအထိ ပွင့်လင်းမြင်သာမှု ရှိခြင်းဆိုသော သဘောတရားကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

အားလုံးသဘောတူညီတဲ့ ရှင်းလင်းစွာ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ သဘောတရားတွေကို ဖော်ထုတ်နိုင်ခြင်းဟာ ပထမ ခြေလှမ်း အဆင့်သာ ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ အဲဒီ နေရာမှာ ရပ်တန့်လို့ မရပါဘူး။ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်တဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ လိုပါတယ်။

နောက်ဆောင်းပါးတွင် အားလုံးသဘောတူညီတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူတွေကို လက်ခံနိုင်တဲ့ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိတဲ့ အပြုအမူများကို ခွဲခြား သတ်မှတ်နိုင်ဖို့အတွက် မဖြစ်မနေ လိုက်နာရမည့် ဥပဒေသများအဖြစ်၊ ပြောင်းလဲပေးနိုင်မယ့် ဖြစ်စဉ်ကို လေ့လာကြပါမယ်။

ပေါလ်တေလာ

paul@theananda.org