Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 12, 2020

ပုဂ္ဂလိကလွတ်လပ်ခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်၊ မိသားစုဘဝနှင့် ရပ်ရွာအသိုက်အဝန်းဘဝကို တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု လွတ်လပ်ခွင့်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမယ့်အရာတွေကို အရပ်ဘက် အဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ ပါတီတွေ အားလုံးက ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက် တင်မြှောက်ခံရပါက လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရ အဖွဲ့တွင်းမှ ဖြစ်စေ ထိုကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်မှာ စတင်မှာဖြစ်ပါတယ်။  ပြည်သူတွေအနေနဲ့လည်း မည်သည့် ကိုယ်စားလှယ်လောင်းက မည်သည့် ဥပဒေပြုရေးနှင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးတဲ့အခါမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိကို လေ့လာ စောင့်ကြည့်ဖို့ အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်း သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်  နို၀င်ဘာလ ၈ ရက်  နှင့် ယခုအချိန်ကြား ကတိက၀တ်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ကတိကဝတ်ပြုထားကြောင်း ကမ္ဘာကိုပြသခဲ့ပြီး ဖြစ်ပါတယ်။ ကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ လူတိုင်းသည် အသက်ရှင်ရန် လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အပိုဒ် ၅ မှာ မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေတဲ့ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရလို့ ဖော်ပြထားပါတယ်။ အပုဒ် ၁၂ မှ ၁၆ အထိလည်း ပုဂ္ဂလိကလွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်နဲ့ မိသားစုဘဝ လွတ်လပ်စွာ တည်ဆောက်ခွင့်တို့ကို ဖော်ပြထားပါတယ်။ အပိုဒ် ၁၈ မှာ လွတ်လပ်စွာ တွေးခေါ်ကြံဆမှု၊ လွတ်လပ်စွာ ခံယူရပ်တည်ပိုင်ခွင့်နဲ့ ကိုးကွယ်ခွင့်တို့ကို ပေးအပ်ထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်သူတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ဝင်ရောက်ကျူးကျော်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့ ဥပဒေအရ ကာကွယ်ပေးမှု မရှိပါဘူး။ ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ 'နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” ဟာလည်း ပြည်သူတို့ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ အချက်အလက်တွေကို ကာကွယ်ပေးဖို့ မလုံလောက်ပါဘူး။ အဲဒီ ဥပဒေ ဟာ အဓိကအားဖြင့် အစိုးရအဖွဲ့အစည်းတွေဟာ သူတို့ ဂုဏ်သိက္ခာကို ကဲ့ရဲ့ရှုတ်ချဖို့ ဒါမှမဟုတ် ထိခိုက်နစ်နာစေဖို့ မည်သည့်နည်းနဲ့မဆို ပြုမူတယ်လို့ ၎င်းတို့ ယူဆသူတွေကို အရေးယူဖို့ အလွဲသုံးစားပြု ခံရတဲ့ ဥပဒေမျှသာ ဖြစ်ပါတယ်။ mVoter app အရှုပ်တော်ပုံ ဒါမှမဟုတ် COVID-19 ရောဂါ ဝေဒနာခံစားနေရသူတွေရဲ့ လိပ်စာတွေကို အသေးစိတ်ဖော်ပြတဲ့ Facebook ပို့စ်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အသုံးချခြင်းကို ထိန်းချုပ်နိုင်စွမ်း အနည်းငယ်သာ ရှိပါတယ်။ ဖုန်း SIM ကဒ်မှတ်ပုံတင်ခြင်းကို နိုင်ငံသား စိစစ်ရေးကတ်တွေနဲ့ ချိတ်ဆက်ခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကောက်ခံဖို့ စတင်ပြုလုပ်နေတဲ့ အစီအစဉ်တွေ စတာတွေကိုကြည့်ရင် အစိုးရဟာ နိုင်ငံသားတွေရဲ့ အချက်အလက်လုံခြုံမှု ကို ကာကွယ်ပေးဖို့ထက် နိုင်ငံသားတွေရဲ့ အချက်အလက် စုဆောင်းမှုနဲ့ ဆိုးဝါး ပြင်းထန်တဲ့ စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ဖို့သာ ပိုမိုစိတ်ဝင်စားကြောင်း တွေ့ရှိရပါတယ်။

အစိုးရကနေပြီး မိသားစုဘဝကို ဝင်ရောက်စွက်ဖက်မှု များစွာ ဖြစ်ပေါ်နေပြီး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်မှု ဒါမှမဟုတ် နိုင်ငံရေး အမြင်တွေကြောင့် အပြစ်ပေး အရေးယူခံနေရဆဲပဲ ဖြစ်ပါတယ်။ ဥပဒေ အများအပြားဟာ ပြည်သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးအထိ ဝင်ရောက်စွက်ဖက်ပြီး တားမြစ်ကန့်သတ်လျက် ရှိပါတယ်။ မျိုးစောင့် ဥပဒေလို့ အများဝေဖန်ကြတဲ့ ဥပဒေလေးခုကို အစိုးရက ပြန်လည် ရုပ်သိမ်းခြင်း မရှိတဲ့အတွက် စိတ်ပျက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရှိနေပါတယ်။ အစ္စလာမ် ဘာသာနဲ့ ခရစ်ယာန် ဘာသာတို့ရဲ့ လပ်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းတွေဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိမိတို့ စိတ်ကြိုက် အိမ်ထောင်တည်ဆောက်ခွင့်ကို ကန့်သတ် ချုပ်ချယ်လျက် ရှိနေပါတယ်။ အခြေခံဥပဒေက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ခွင့်ပြုထားပေမယ့်လည်း လက်တွေ့မှာ ဘာသာရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ကို ကန့်သတ်ထားခြင်း၊ ဘာသာရေး အဆောက်အဦတွေကို ပြန်လည် မွမ်းမံ ထိန်းသိမ်းဖို့ ခွင့်မပြုခြင်း၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာခြားတွေဟာ သူတို့ ဘာသာရေးအရ စုရုံးဝတ်ပြုခွင့်တွေကို ထိန်းချုပ်ခံနေရတာတွေ ရှိတာကို တွေ့ရပါတယ်။ ဘာသာရေး ယုံကြည်ချက်လိုပဲ ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေကို ဖော်ပြတဲ့အတွက် မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို သွားဖို့ ကြွေးကြော်ထားတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေး အကျဉ်းသမားတွေ ဆက်ရှိနေတဲ့ ကိစ္စဟာ လုံးဝ လက်ခံ နိုင်စရာကောင်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ မျှော်လင့်ချက်နဲ့ ဆန့်ကျင်စွာပဲ လက်ရှိ အစိုးရ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသမား အရေအတွက်ဟာ ယခင် အစိုးရထက် ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်နှင့် ငြိမ်းချမ်းမှုမရှိခြင်းဟာ ပြည်သူလူထုရဲ့ အသက် ရှင်သန်ရေး အတွက် အထူး အန္တရာယ် ရှိလှပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသ မဟုတ်တဲ့ တိုင်းရင်းသား ဒေသတွေမှာ ယခုထက်တိုင် ဆက်လက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြည်သူအများရဲ့ ဘဝတွေကို ဖျက်ဆီးပစ်လျက် ရှိနေပါတယ်။ ပဋိပက္ခတွေရဲ့ အဓိက အရင်းအမြစ်မှာ လွတ်လပ်ရေး ရချိန်တုန်းက ဖယ်ဒရယ် စနစ်ကို ရရှိစေမည်ဟူတဲ့ ကတိကဝတ်ကို ချိုးဖောက်မှုနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေး မပြေလည်မှုတွေကြောင့် ဖြစ်ပါတယ်။ အရပ်သားတွေဟာ ရှေ့တန်း စစ်မျက်နှာပြင် တိုက်ပွဲတွေကြားမှာ မကြာခဏဆိုသလို ဖမ်းဆီးခံရခြင်း၊ အသတ်ခံရခြင်း၊ ဒဏ်ရာရရှိခြင်း၊ ၎င်းတို့ရဲ့မြေယာတွေနဲ့ နေအိမ်တွေက အတင်း အဓမ္မ ဖယ်ရှားခံရခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးခြင်းနဲ့ ငြိမ်းချမ်းစွာ နေထိုင်ပိုင်ခွင့် ပျောက်ဆုံးခြင်းတွေ ဖြစ်နေပါတယ်။ အဲဒီ ဖြစ်ရပ်တွေကလည်း မကြာခင် ပြီးဆုံးတော့မယ့် အရိပ် အယောင် မတွေ့ရပါဘူး။ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြိုးပမ်းမှုတွေဟာလည်း ကျရှုံးလျက် ရှိနေပါတယ်။ အဓိက အကြောင်းက စစ်မှန်တဲ့ အာဏာခွဲဝေပေးမှု / ဖက်ဒရယ်စနစ်ကို အကောင် အထည်ဖော်မှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တို့ကို အတူယှဉ်တွဲ လုပ်ဆောင်မှု မရှိတာကြောင့် ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ရခိုင် လှုပ်ရှားမှု (IRI) အဖွဲ့ မှ ၂၀၂၀ ပြည့်နှစ် မတ်လမှာ တွေ့ရှိရတဲ့ အချက်အလက်တွေ အရ ရခိုင် ပြည်နယ်ရှိ ပြည်သူအချို့အပေါ် တရားဝင်နဲ့ အလွတ်သဘော ကန့်သတ်ချက်တွေ ချမှတ်ထားခြင်းဟာ ၎င်းတို့တွင် အထောက်အထား စာရွက် စာတမ်းတွေ မရှိခြင်း၊ အသိအမှတ် ပြုမထားတဲ့ လူမျိုးစုဝင် ဖြစ်နေခြင်း၊ လူနည်းစုဘာသာ စကားကို ပြောဆိုခြင်း၊ လူနည်းစု ဘာသာရေး ယုံကြည်မှုကို ကိုးကွယ်ခြင်း နဲ့ အသားအရေ မဲနက်ခြင်းဆိုတဲ့ အချက်တွေကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းများစွာ အတွက်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကအဆင့်မှာ အသွင်ကူးပြောင်းရေး သို့မဟုတ် ပြန်လည်ကုသရေး ဆိုင်ရာ တရားမျှတမှု ဖြစ်ပါတယ်။ အစိုးရ အာဏာပိုင်တွေဟာ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်းအသိအမှတ်ပြုပြီး တရားမျှတမှုနဲ့ကုသမှု လုပ်ငန်းစဉ်ကို အစပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေဟာ ၎င်းတို့ အတိတ်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို အသိအမှတ်ပြုဖို့ အထူးခက်ခဲလှတာကို တွေ့ရပါတယ်။ အခြားသော ပဋိပက္ခလွန် လူ့အဖွဲ့ အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာကြည့်ရင် အဲဒီလို အသိအမှတ်ပြုခြင်းဟာ များစွာ အရေးပါတာကို တွေ့ရပါတယ်။ ဤ ကတိကဝတ်ပြုရေး စီမံကိန်းအတွက် တိုင်ပင်ဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းတစ်ခု က 'အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုမရှိရင် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး' လို့ ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့တဲ့ သေးငယ်တဲ့ ခြေလှမ်းတွေဖြစ်တဲ့ လုံခြုံရေးနဲ့ တရားရေး ကဏ္ဍတွေကို အရပ်သား ကြီးကြပ်မှုအောက်သို့ ပို့ဆောင်ခြင်း၊ တာ၀န်ခံမှုပိုမိုရရှိလာစေခြင်းနဲ့ ပိုမို ပွင့်လင်းလွတ်လပ်လာစေဖို့ လုပ်ဆောင်နေတဲ့ အလုပ်တွေကိုလည်း ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ “လုံခြုံရေး” ဆိုတဲ့ အယူအဆ ကိုယ်၌ကပင် မြန်မာနိုင်ငံမှာတော့ တိုင်းပြည်လုံခြုံရေး၊ ပြည်သူတွေကို ထိန်းချုပ်မှုနဲ့ ငြိမ်ဝပ်ပိပြားမှုကိုဆက်လက် ထိန်းသိမ်းထားဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ ဖိအားသုံး စေခိုင်းမှုတွေ ပါဝင်တဲ့ ဗျူရိုကရေစီ ကိစ္စရပ်တွေလို့ပဲ နားလည်ထားကြပါတယ်။ (Saferworld, 2019)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ ညီငယ်ဖြစ်တဲ့အတွက် 'တရားဥပဒေစိုးမိုးမှု' ထက် 'ငြိမ်ဝပ်ပိပြားရေးး” ကို ပိုပြီး အာရုံစိုက်ပါတယ်။ ရဲတပ်ဖွဲ့တွေဟာ ဗဟိုအဆင့်အုပ်ချုပ်မှု စနစ်အောက်မှာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေလက်အောက်ကို လွှဲပြောင်းအပ်နှင်းခြင်း မရှိတဲ့အတွက် ဒေသဆိုင်ရာ၊ စည်ပင်သာယာ အာဏာပိုင်တွေနဲ့ ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရတဲ့ အဖွဲ့အစည်းကြားမှာ ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ရဲတပ်ဖွဲ့၀င်တွေ ရွေးချယ်ခန့်အပ်တဲ့ နေရာမှာလည်း ချို့ယွင်းချက်များစွာ ရှိပြီး ရဲတပ်ဖွဲ့ရဲ့ အကြီးတန်း ရာထူးတွေကို စစ်မှုထမ်းဟောင်းတွေနဲ့ ဖြည့်ဆည်းလျက် ရှိတဲ့အတွက် ၎င်းတို့ဟာ မကြာခဏ ဆိုသလို အမိန့်ပေးခြင်းနဲ့ ထိန်းချုပ်ခြင်း နည်းလမ်းတွေနဲ့သာ အသားကျလျက်ရှိပြီး ရပ်ရွာလူထုနှင့် ထိတွေ့ဆက်ဆံ ချဉ်းကပ်မှု နည်းလမ်း နဲ့ ဆန့်ကျင်ဘက် ဖြစ်လျက် ရှိပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ဟာ 'အမျိုးသားလုံခြုံရေး' ဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှိုင်းယှဥ်လိုက်ရင် ဒုတိယ ဦးစားပေး အဖြစ် နောက်ကျ ကျန်နေခဲ့ပါတယ်။ 'အမျိုးသားလုံခြုံရေး' ဆိုတဲ့ သဘာတရားဟာလည်း ချမ်းသာကြွယ်ဝသူတွေနဲ့ အင်အား ကြီးသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဟန်ပြဖုံးကွယ်ထားတဲ့ ဝေါဟာရ တစ်ခုသာ ဖြစ်နေပါတယ်။

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှု နဲ့ လွတ်လပ်ခွင့် အခွင့်အရေးတွေကို အစိုးရက ငြင်းပယ်လျက် ရှိတဲ့ သက်သေ အထောက် အထားတွေထဲမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ် -

  • ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိရောက်စွာ ကာကွယ်ပေးထားတဲ့ဥပဒေမရှိပါဘူး။ အဲဒီ ရည်ရွယ်ချက်အတွက် ရေးဆွဲခဲ့တယ်လို့ ယူဆရတဲ့ ဥပဒေကလည်း နိုင်ငံသားတွေကို ကာကွယ်ပေးရမယ့်အစား ဝေဖန်မှုတွေကို နားမထောင်နိုင်တဲ့ အစိုးရ အရာရှိတွေရဲ့ ထိခိုက်လွယ်တဲ့ အတ္တကို အကာအကွယ် ပေးဖို့ အသုံးချ ခံနေရပါတယ်။
  • ပုဂ္ဂလိက နေအိမ်တွေအတွင်း သူတို့ဟာ မည်သူနဲ့ ဆက်ဆံရေးရှိနိုင်၊ မည်သူနဲ့ပဲ လက်ထပ်နိုင်တယ် စတဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် တို့ကို ချုပ်ကိုင်လွှမ်းမိုးတဲ့ ဥပဒေတွေ ဆက်လက် တည်ရှိနေပါသေးတယ်။ အဲဒီ ဥပဒေတွေ ဟာ များသောအားဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။
  • ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေးယုံကြည်မှုတွေကြောင့် ဆက်လက်ပြီး အကျဥ်းချ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ အစိုးရရဲ့ ကိုယ်စားလှယ် အများအပြားဟာ တချိန်တုန်းက ၎င်းတို့ကိုယ်တိုင်လည်း နိုင်ငံရေး ယုံကြည်မှုတွေကြောင့် ထောင်ထဲမှာ အချိန်ကုန် ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ အစိုးရက အဆိုပါ နိုင်ငံရေး အကျဥ်းသားတွေကိစ္စကို မှန်ကန်မှု ရှိစေဖို့ ဆောင်ရွက်မှု မရှိခြင်းက များစွာ အံအားသင့်စရာ ကောင်းလှပါတယ်။
  • အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဗမာ လူမျိုးအများစု နေထိုင်ရာ ပြင်ပမှာ နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေဟာ 'လုံခြုံရေး' ခေါင်းစဥ်အောက်မှာ ပြင်းထန်စွာ ကန့်သတ် ချုပ်ချယ် ခံထားရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လူမျိုးစုအုပ်စုတွေနဲ့ လူနည်းစုဘာသာတရားတွေကို သိသာစွာ ပစ်မှတ်ထားတဲ့ မတရားသဖြင့် ချမှတ်ထားတဲ့ အသွားအလာလှုပ်ရှားမှု ကန့်သတ်မှုတွေကြောင့် လူအများအပြားဟာ အသက် မွေး ၀မ်းကျောင်းပြုလုပ်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
  • ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ လုံခြုံရေးကဏ္ဍဟာ အရပ်သားတွေ အပေါ် အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လေ့ရှိတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် မကြာခဏ ဆိုသလို စွပ်စွဲခံရပါတယ်။ 'နိုင်ငံတော် လုံခြုံရေး' ဆိုတဲ့ အယူအဆက လူတစ်ဦးချင်းလုံခြုံရေး ဒါမှမဟုတ် အခွင့်အရေးတွေကို နင်းဖျက်ချေမွဖို့ မကြာခဏဆိုသလို သုံးစွဲလေ့ရှိပါတယ်။
  • ရဲတပ်ဖွဲ့ဟာ ကြီးကြပ်ခံရမှုနဲ့ တာ၀န်ခံမှုကို ပြုလုပ်စရာ မလိုဘဲ ၎င်းတို့ရဲ့ လုပ်ငန်း ဆောင်ရွက်ပုံကလည်း စစ်တပ်ပုံစံက လွှမ်းမိုးထားပါတယ်။ အဲဒီအချက်ဟာ သူတို့ကို လူထုအသိုင်းအဝိုင်း မျက်နာမူတဲ့ ပြည်သူ့ ၀န်ဆောင်မှုအဖြစ် ပြုပြင်ပြောင်းလဲဖို့ စိတ်အားတက်ကြွမှုကို တားမြစ်လျက် ရှိပါတယ်။

အဲဒီ အခွင့်အရေးတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ငြင်းပယ်နေမှုကို စတင်ဖြေရှင်းဖို့အတွက် အောက်တိုဘာလ ၉ ရက်မှာ ကတိကဝတ်ပြုရေး ပလက်ဖောင်း စတင် အကောင်အထည် ဖော်ပါမယ်။ အဲဒီ ပလက်ဖောင်းဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အောက်ပါ ဖော်ပြချက်တွေကို သဘောတူဖို့ ဒါမှမဟုတ် အကောင်အထည်ဖော်မယ်လို့ ကတိပေးဖို့ တောင်းဆိုပါမယ် -

  • ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့) နိုင်ငံသား ဥပဒေအောက်မှာ နိုင်ငံသားတွေအဖြစ် သတ်မှတ်ခံထား ရသူတွေသာမက မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူအားလုံးအတွက် အပြည့်အဝ နဲ့ တန်းတူညီမျှတဲ့ ကာကွယ်မှု ပေးအပ်နိုင်ဖို့အတွက် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးတဲ့ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပြန်လည် သုံးသပ်ပြင်ဆင်ပါမယ်။
  • နိုင်ငံတော် ဒါမှမဟုတ် ပုဂ္ဂလိက ကဏ္ဍက လူတွေရဲ့ ပုဂ္ဂလိကနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီလက်ထရွန်နစ် အချက်အလက်တွေကို အလွဲသုံးစားလုပ်ခြင်း (သို့) အန္တရာယ်ရှိစွာ မျှဝေခြင်း အပါအ၀င် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျူးကျော်ခြင်းမှ ကာကွယ်ဖို့ အချက်အလက်ကာကွယ်ရေး ဥပဒေတစ်ခု အလျင်အမြန် ပြဋ္ဌာန်း ပါမယ်။
  • အများပြည်သူ အကျိုးစီးပွားအတွက် သတင်းအချက်အလက် အခွင့်အရေးတွေကို ထိန်းသိမ်းဖို့၊ အစိုးရ အဖွဲ့အစည်းတွေရဲ့ ပွင့်လင်းမြင်သာမှု အခြေအနေ မြှင့်တင်ဖို့ နဲ့ လူတစ်ဦးချင်းစီအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လွတ်လပ်ခွင့်ကို သတ်မှတ်ပေးနိုင်ဖို့အတွက် အစိုးရရဲ့ သြဇာလွှမ်းမိုးမှုမှ ကင်းလွတ်ပြီး လွတ်လပ်စွာ ရပ်တည်နိုင်တဲ့ အဖွဲ့ တစ်ခု ဖွဲ့စည်းပါမယ်။
  • လူတစ်ဦးနဲ့တစ်ဦး မည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ လက်ထပ်ထိမ်းမြားဖို့ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လူတစ်ဦးချင်းနဲ့ မိသားစုဘ၀ကို ၀င်ရောက်စွက်ဖက်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်ပါမယ်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ "လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်" ကို ကန့်သတ်ထိန်းချုပ်ရာရောက်သည့် လုပ်ထုံးလုပ်နည်းများကို သမ္မတအမိန့်ဖြင့် ပယ်ဖျက်ရန် လုပ်ဆောင်သွားမည်။‌
  • အစိုးရဟာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး သူတို့ရဲ့ နိုင်ငံရေးအမြင်တွေ ဖော်ပြခြင်းကြောင့် ပြည်သူတွေကို ထောင်ချခြင်း အလေ့အကျင့် လုံးဝအဆုံးသတ်ဖို့ တိကျသေချာစွာ လုပ်ဆောင်ပါမယ်။
  • နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် (ICCPR) ကို အစိုးရက တတ်နိုင်သမျှ အမြန်ဆုံး လက်မှတ်ထိုးစေဖို့ လုပ်ဆောင်ပါမယ်။
  • မြန်မာနိုင်ငံ သမိုင်း အဆက်ဆက် အစိုးရက ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်ပေါင်း များစွာ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို အစိုးရနဲ့ စစ်တပ်အနေဖြင့် လူသိရှင်ကြား တရားဝင် အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုစေဖို့ လုပ်ဆောင်ပါမယ်။ ဒါ့အပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အတွက် ယန္တရားတခုကို ဖော်ထုတ်တည်ဆောက်ပြီး တိုင်းပြည်က ခံစားခဲ့ရတဲ့ ဒဏ်ရာ အနာတွေ ပြန်လည် ပျောက်ကင်းလာနိုင်စေမယ့် အခွင့်အရေးကို လုပ်ဆောင်ပေးဖို့ ဆောင်ရွက်ပါမယ်။
  • ငြိမ်းချမ်းရေး ဖြစ်စဥ်နဲ့ သက်ဆိုင်သူ အားလုံးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါ၀င်ခွင့် ရရှိအောင် ဆောင်ရွက်ပါမယ်။
  • အစိုးရအနေဖြင့် သယံဇာတတူးဖော်ရေး လုပ်ငန်းက ရရှိတဲ့ အမြတ်တွေကို ၀င်ငွေခွဲဝေရာမှာ ပိုမိုမျှတတဲ့ ဖက်ဒရယ် ယန္တရားစနစ်ကို ကျင့်သုံးပါမယ်။
  • လွှတ်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်နိုင်မှုရှိနိုင်တဲ့ ဥပဒေအသစ် အားလုံးကို အကဲဖြတ် ဆန်းစစ်ပါမယ်။ အထူးသဖြင့် နေပြည်တော်ရှိ ဗဟိုအစိုးရရဲ့ အာဏာ တိုးတက်များပြားလာခြင်းကို ဖြစ်ပေါ်စေတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။
  • ပညာရေးစနစ်ဟာ တိုင်းရင်းသား လူမျိုးစု အားလုံးအကြား အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုကို တိုးမြှင့်ပေးရမှာ ဖြစ်ပြီး တိုင်းရင်းသား လူနည်းစုတွေက သူတို့ရဲ့လူငယ်တွေကို သူတို့ ယဉ်ကျေးမှု၊ သမိုင်းနဲ့ ဘာသာစကားတွေ သင်ကြားပို့ချခြင်းကို တားမြစ်ခြင်း မပြုလုပ်စေဖို့ ဆောင်ရွက်ပါမယ်။
  • လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်သူတိုင်းကို တန်းတူညီမျှစွာ ပြန်လည် ပေးအပ်ရမှာ ဖြစ်ပါတယ်။
  • “ လုံခြုံရေး” ဟူသောဝေါဟာရကို 'နိုင်ငံတော်လုံခြုံရေး' ထက် ပိုမိုကျယ်ပြန့်စွာ အဓိပ္ပါယ် ပြန်လည် သတ်မှတ်နိုင်အောင် လုပ်ဆောင်ပါမယ်။ အဲဒီအစား လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အဓိက တာဝန်က လူတိုင်းရဲ့ ဘေးကင်းလုံခြုံမှု နဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ အတွက်သာဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ချမှတ်ပါမယ်။
  • လူမှု အသိုင်းအဝိုင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဝန်ဆောင်မှုပေးခြင်းကို ဦးစားပေးဖို့အတွက် ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဖော်ထုတ်တည်ဆောက်ခြင်း၊ ပြည်သူလူထု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ ပါ၀င်ပတ်သက်မှုကို တိုးမြှင့်ခြင်းတွေ လုပ်ဆောင်ပါမယ်။ ရဲတပ်ဖွဲ့ကို အရပ်ဘက် ၀န်ကြီးဌာနတစ်ခု လက်အောက် ရွှေ့ပြောင်းခြင်းနဲ့ လူ့အခွင့်အရေး ထိန်းသိမ်း ကာကွယ်မှုကို မဏ္ဍိုင်ထားတဲ့ လူထုအကျိုးစီးပွားကို မျက်နှာမူတဲ့ ခေတ်မီ ရဲတပ်ဖွဲ့ကို ဖန်တီးတည်ဆောက်ဖို့ အခြားသော ပြုပြင် ပြောင်းလဲမှုများစွာကို ကျယ်ပြန့်စွာလုပ်ဆောင်ခြင်းတို့ လုပ်ဆောင်ပါမယ်။