Posted in Political Institutions on Mar 12, 2019

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ တတိယမြောက် အာဏာအရှိဆုံးလို့ သက်မှတ်ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ အထူးကော်မရှင်ကို ၂၀၁၆ မတ်လ ၁ ရက်နေ့မှာ စတင်ဖွဲ့ စည်းခဲ့ပြီး သုံးနှစ်အကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က သက်တမ်းတိုးဖို့အတွက် မဲခွဲရာမှာ ကန့်ကွက်မဲ ၅၅၅ မဲနဲ့ ဖျက်သိမ်းခဲ့ပါတယ်။ သူရဦးရွှေမန်းဟာ စစ်တပ်မှာ နံပါတ်သုံးနေရာ ဖြစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ် အရပ်သားတပိုင်း အစိုးရအဖြစ် အသွင်ပြောင်းလဲလာတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ နေရာ ရရှိခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ်လည်း ၂၀၁၅ သြဂုတ်လ ပါတီတွင်း "သန်းခေါင်ယံ အာဏာသိမ်းပွဲ" မတိုင်မီ အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရပြီးနောက်မှာ ၂၀၁၅ နိုဝင်ဘာလ အထွေအထွေရွေးကောက်ပွဲကို ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်တွင်း ထိတွေ့ဆက်ဆံခဲ့ရာကနေ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးကြောင့် ပြည်ထောင်စုလွှတ်တော်မှာ သြဇာအာဏာ ကြီးမားလှပြီး လုပ်ပိုင်ခွင့် ကျယ်ပြန့်စွာ ရရှိထားသည့် အဖွဲ့ဝင် ၄၁ ဦးပါ ကော်မရှင်တစ်ရပ်ကို ဦးစီးခွင့် ရခဲ့ပြီး သူ့ရဲ့မဟာမိတ်တွေကို ကော်မရှင်မှာ ခေါ်ယူခန့်ထားနိုင်ခဲ့ပါတယ်။ ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို လေ့လာကြည့်မယ်ဆိုရင် အရင်အစိုးရတွေ အဆက်ဆက် ဦးဆောင်ညွှန်ကြားရေးမှူးတာဝန် ယူခဲ့တဲ့ အငြိမ်းစား အရာရှိကြီးတွေ၊ စစ်တပ်က အငြိမ်းစား ယူထားတဲ့ ဗိုလ်မှူးကြီးတွေ၊ ဦးဇော်မြင့်ဖေတို့လို ယခင်အစိုးရခေတ်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၊ အမျိုးသားလွှတ်တော်တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ စသည်ဖြင့် အရပ်ဘက် စစ်ဘက်မှ အငြိမ်းစား အရာရှိပေါင်းစုံ ပါဝင်နေတာကို တွေ့ရပါတယ်။

အံအားသင့်စရာ ကောင်းတဲ့အချက်က သူရဦးရွှေမန်း ဥက္ကဌအဖြစ် ပါဝင်ခဲ့တ ထိုဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို လွှတ်တော်တွင်းမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ အကြောင်းပြချက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတစ်ယောက်ကို ဥပဒေကြမ်းတင်ပြခွင့်ပေးထားတဲ့အချက်ဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိဟူတဲ့ အချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်ထောင်စု လွှတ်တော်မှာ NLD လွှတ်တော်အမတ် ၅၉ % ရှိတဲ့အတွက် ကော်မရှင်ကို ၎င်းတို့က အပြင်းအထန် ဆန့်ကျင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ် မေလတွင် စစ်တပ်ကိုယ်စားလှယ် ၅၀ က ထိုကော်မရှင်ဟာ အခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း အခြေခံဥပဒေ ခုံရုံးကို ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ၎င်းတို့၏ ကန့်ကွက်လွှာကို ငြင်းပယ်ခဲ့ပြန်ပါတယ်။

လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့ အကျွမ်းဝင်မှု မရှိတဲ့ အများပြည်သူအနေနဲ့ ကော်မရှင် ဥက္ကဋ္ဌ ရာထူးဟာ အရေးမပါလှတဲ့ နေရာတစ်ခု အဖြစ်သာ နားလည်ထားကြပေမယ့် လက်တွေ့မှာတော့ များစွာ အာဏာရှိတဲ့ ရာထူးနေရာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီကော်မရှင်ဟာ အာဏာကြီးမားလှတဲ့ ကော်မရှင် ဖြစ်စေသလဲဆိုတဲ့ အကြောင်းရင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ ကော်မရှင်ရဲ့ အဓိက အကျဆုံးတာဝန်တစ်ခုမှာ “ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီတာဝန်ကို ကြည့်ရင် ကော်မရှင်ဟာ လွှတ်တော်ကို ဥပဒေအသစ်တွေ တရားဝင် ရေးဆွဲတင်ပြနိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံတကာမှာ ဥပဒေပြုမဏ္ဍိုင်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ခံအစိုးရမှာသာ ဒီလိုဥပဒေပြုခွင့်အာဏာအပ်နှင်းထားလေ့ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေပြုအာဏာကို ကျင့်သုံးနိုင်ပေမယ့် လူနည်းစုပါတီတွေအနေနဲ့ ဥပဒေတွေ ပြဌာန်းရေး ၎င်းတို့ကိုယ်တိုင် ကြိုးစားနိုင်ဖို့ဆိုတာ လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံဖို့လိုမှာဖြစ်တဲ့အတွက် မလွယ်ကူပါဘူး။ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို နိုင်ခဲ့တဲ့ NLD ပါတီက လွှတ်တော်အမတ်တွေတောင်မှ ပါတီ လူကြီးတွေရဲ့ ထောက်ခံမှုမရနိုင်ရင် ၎င်းအဆိုပြုတဲ့ ဥပဒေတစ်ခုဟာ မဲအများစု ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒီအချက်ဟာ နိုင်ငံတကာက အခြား ဒီမိုကရေစီ နိုင်ငံတွေနဲ့ များစွာ ကွာခြားတာကို သတိပြုမိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ လွှတ်တော်အမတ်တစ်ဦးဟာ အာဏာရပါတီမှ ဖြစ်စေ၊ အတိုက်အခံ ပါတီမှ ဖြစ်စေ သို့မဟုတ် တသီးပုဂ္ဂလပင် ဖြစ်စေ သူ့မှာ ပြည်သူလူထု အကျိုးရှိနိုင်တဲ့ စိတ်ကူးတွေရှိရင်၊ ပြည်သူအများ လက်ခံလာနိုင်စေဖို့အတွက် ဟောပြောစည်းရုံးမှုပြုနိုင်ရင် ဥပဒေ တစ်ခုကို အဆိုပြုနိုင် အတည်ပြု ပြဋ္ဌာန်းနိုင်တဲ့အထိ ဆောင်ရွက်နိုင်ပါတယ်။

တစ်ဘက်မှာတော့ ရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့ လူပုဂ္ဂိုလ်အများစုနဲ့ ဖွဲ့စည်းထာတဲ့ သူရဦးရွှေမန်းရဲ့ ကော်မရှင်ဟာ သက်တမ်း သုံးနှစ်အတွင်း ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်း ၃၉ ခုအနက် ၁၀ ခုကို လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်မှာလည်း ကော်မရှင်က ရေးဆွဲထားတဲ့ ဥပဒေကြမ်း အနည်းဆုံး ခြောက်ခုကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီခြောက်ခုကိုပါ ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ကော်မရှင်က ပြုခဲ့တဲ့ ဥပဒေ ၁၆ ခု အထိ ရှိလာမှာ ဖြစ်ပါတယ်။

ကော်မရှင်ကို သက်တမ်းမတိုးပေမယ့်လည်း သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေအနေနဲ့ အသိအမှတ်ပြုလက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ စသည်တို့ဟာ အစိုးရ အဖွဲ့အတွင်းမှာ သြဇာအာဏာ ကြီးမားတဲ့ နေရာတွေကို ဆက်လက် ရယူထားဆဲဖြစ်သည့်အတွက် သူရဦးရွှေမန်းရဲ့ သြဇာဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့အတွင်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သူရဦးရွှေမန်းကြား ဆက်ဆံရေးကလည်း အတိအကျ သိရှိနိုင်ခြင်း မရှိတဲ့အတွက် ခန့်မှန်းပြောဆိုမှုများသာ ရှိနေပါသေးတယ်။

၂၀၁၂ ခုနှစ် NLD ကြားဖြတ် ရွေးကောက်ပွဲ ဝင်သည့် အချိန်တွင် စစ်တပ်ဘက်မှ သဘောထား တင်းမာသူနဲ့ သဘောထားပျော့ပြောင်းသူဆိုပြီး အုပ်စုနှစ်စုရှိတဲ့ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ထိုမှတဆင့် သဘောထားပျော့ပြောင်းသူ သူရဦးရွှေမန်းနဲ့ NLD ရဲ့ ဆက်ဆံရေးဟာ သဘောထားပျော့ပြောင်းသော အုပ်စုကို မဟာဗျူဟာမြောက် ချဉ်းကပ်ခြင်းဆိုပြီး ရှုမြင်ခဲ့ကြပေမယ့် ထိုအယူအဆ မှားယွင်းကြောင်း လက်ရှိ အခြေအနေတွေကက ညွှန်ပြနေပါတယ်။ လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ဒီအုပ်စုက သြဇာလွှမ်းမိုးမှု ရှိတာကို မတွေ့မြင်ရပါဘူး။ သူရဦးရွှေမန်းရဲ့ ကော်မရှင်ကို အပြင်းအထန် ဆန့်ကျင်ကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သက်တမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ အကုန်တိုင်းမှာ နှစ်စဉ် နောက်ထပ် သက်တမ်းတိုးဖို့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရပါတယ်။ ဒီလို မဲခွဲဆုံးဖြတ်တဲ့အခါတိုင်း စစ်တပ်နဲ့ USDPတို့က ကန့်ကွက်မဲ တညီတညွတ်တည်း ပေးခဲ့ကြသည်ကို ကြည့်ရင် သိနိုင်သည်။ မနှစ်က နောက်ဆုံးအကြိမ် သက်တမ်းတိုးတဲ့အချိန် ဖေဖော်ဝါရီလ ၂၈ ရက်မှာလည်း စစ်တပ်နှင့် USDP နှစ်ခုပေါင်း ကိုယ်စားလှယ် ၁၇၉ ဦးက ကန့်ကွက်ခဲ့ကြပါတယ်။

အနှစ်ချုပ်ပြောရရင် NLD အနေဖြင့် သူရဦးရွှေမန်း အုပ်စုနဲ့ ပူးပေါင်းခဲ့သည့်အတွက် စစ်တပ်နဲ့ ရင်ကြားစေ့ရေးမှာ များစွာ တိုးတက်ထူးခြားမှု မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်း၏ လူအချို့ကတော့ NLD အမာခံတွေကို ကျော်ဖြတ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီး နှင့် အစိုးရ အဖွဲ့အတွင်း အရေးပါသော နေရာ အများအပြားကို ရရှိခဲ့တာကလွဲလို့ NLD အတွက် ဘယ်လို နိုင်ငံရေး အကျိုးကျေးဇူးမှ ရရှိခဲ့တာ မတွေ့ရပါ။ ဒါ့ကြောင့် ကော်မရှင်ကို ဖျက်သိမ်းတာဟာ NLD အတွက် ဘယ်လို အကျိုးကျေးဇူးမှ ယူလာပေးနိုင်ခြင်း မရှိတဲ့ အစုအဖွဲ့နဲ့ ခပ်ကင်းကင်းနေလိုက်ခြင်းသာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ကျော်သူဟန် ရေးသားသည်။