Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2020

loans_batches.png

ကူးစက်မြန် ကိုဗစ် - ၁၉ ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကနေ ကာကွယ်ဖို့ သမ္မတရုံးက “CORONAVIRUS DISEASE 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီ” ကို မတ်လ ၁၃ ရက်မှာ ဖွဲ့စည်းပြီး အကူအညီပေးဖို့အတွက် စတင်လိုက်ပါတယ်။

ကော်မတီကို အဖွဲ့ဝင် ကိုးဦးနဲ့ စဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ယူတာ ဖြစ်ပါတယ်။

ကော်မတီမှာ လုပ်ငန်းတာဝန် (၆) ရပ်ရှိပြီး “ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပေါ် COVID-19 ဖြစ်စဉ် သက်ရောက်မှုကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်” နဲ့ “လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်” ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းတာဝန်အတိုင်း စီးပွားရေးလုပ်ငန်းတွေကို အစိုးရက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေချထားမှုတွေ စတင်ခဲ့တာဟာ အခုဆိုရင် သတ္တမအကြိမ်မြောက် ရှိနေပြီဖြစ်ပြီး လုပ်ငန်းပေါင်း ၃၄၀၁ ခုကို ချေးငွေချထားပေးပြီး ဖြစ်ပါတယ်။

သက်သာသည့် အတိုးနှုန်း

ကုစားရေးလုပ်ငန်းကော်မတီရဲ့ မတ်လ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းဝေး (၂/၂၀၂၀) အရ COVID Fund ကို မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံနဲ့ စတင်ထူထောင်ပြီး CMP (အထည်ချုပ်) လုပ်ငန်းတွေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးကုစားရမယ့် ကဏ္ဍအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီဦးစားပေးကုစားရမည့် ကဏ္ဍတွေမှာ အကျုံးဝင်သည့်လုပ်ငန်းတွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးငွေထုတ်ပေးမည်ဖြစ်တယ်လို့ ကော်မတီက မတ်လ ၂၉ ရက်မှာ ကြေညာခဲ့ပြီး ချေးငွေထုတ်ချေးမှုကို Online ကနေလည်း ဆောင်ရွက်နိုင်တယ်လို့ ဧပြီလ ၁ ရက်မှာ ထပ်မံကြေညာခဲ့ပါတယ်။

ဘယ်သူတွေ ချေးယူခွင့်ရှိတာလဲ

ချေးငွေ လျှောက်ထားနိုင်တဲ့လုပ်ငန်းအဖြစ် နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းဖြစ်ခြင်း၊ ချေးငွေရပါက ချက်ချင်းပြန်လည် စတင်လည်ပတ်နိုင်သည့်လုပ်ငန်းဖြစ်ခြင်း၊ ခွင့်ပြုချက်/လုပ်ငန်းလိုင်စင်ရထားပြီးဖြစ်ခြင်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း နှစ်စဉ်ဝင်ငွေရလုပ်ငန်းဖြစ်ခြင်း၊ ချေးငွေပြန်လည်ဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိခြင်း၊ ချေးငွေကို ဝန်ထမ်း/လုပ်သား လစာပေးရန်နဲ့ လက်ရှိလုပ်ငန်းလည်ပတ်ရန်အတွက် အသုံးပြုခြင်း၊ ကုမ္ပဏီဆိုပါက မှတ်ပုံတင်ထားခြင်းနှင့် လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရကဌာနက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့/ပယ်ဖျက်ထားခြင်း မရှိသည့် လုပ်ငန်းဖြစ်ခြင်း၊ ဝင်ငွေခွန်/ကုန်သွယ်ခွန်/အထူးကုန်သည်ခွန် ပေးဆောင်ထားသော လုပ်ငန်းဖြစ်ရမယ်လို့ ကော်မတီက ကြေညာထားပါတယ်။

ဒါ့အပြင်ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ သို့မဟုတ် လုပ်ငန်းဖြစ်ပါက လုပ်ငန်းရှင်က ချေးငွေပြန်ဆပ်ရန် အာမခံချက် ပေးနိုင်ခြင်း စတဲ့ သတ်မှတ်ချက်တွေ ကိုက်ညီသူသာ ချေးငွေလျှောက်ထားနိုင်ပြီး လူမှုဖူလုံရေး ထည့်ဝင်ကြေး ပုံမှန်ထည့်ဝင်ထားသည့် လုပ်ငန်းကို ဦးစားပေးနိုင်သည်လို့ ကော်မတီက ကြေညာထားတာကြောင့် ဖြစ်ပါတယ်။

ချေးငွေစာရင်း ထုတ်ပြန်ချက်များ

ငွေချေးယူခွင့်ပြုတဲ့စာရင်းကို ကော်မတီက ထုတ်ပြန်ရာမှာ ချေးငွေမှတ်ပုံတင်အမှတ်၊ ကုမ္ပဏီလုပ်ငန်း/အမည်၊ လိပ်စာတွေကိုလည်း ဖော်ပြပါတယ်။

ချေးငွေထုတ်ပေးရာမှာ လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေမှတ်ပုံတင်အမှတ် A, B, C, D, E, F, G, H, O ဆိုပြီး ခွဲခြားထားပေမယ့် ဘယ်လိုပုံစံနဲ့ ခွဲခြားဆန်းစစ်ထားတယ်ဆိုတာကိုတော့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

ချေးငွေတွေကို ဘယ်သူ စိစစ်သလဲ

ချေးငွေစိစစ်ရာမှာ ဝန်ကြီးဌာန ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ကိုယ်စားလှယ်များနှင့် စိစစ်ထုတ်ချေးခြင်းလည်း ဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုထားပါတယ်။

ထူးခြားချက်အချို့

ထူးခြားချက်အနေနဲ့ သိန်း ၁၀၀၀ အထက် ချေးငွေရယူခွင့်ရခဲ့တဲ့ အမျိုးအစားတူ လုပ်ငန်းနှစ်ခုနဲ့ ပတ်သက်ပြီး တခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ ကုမ္ပဏီတစ်ခုတည်းပိုင် ဖြစ်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ကော်မတီက ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ ဘယ်လိုသော သတ်မှတ်ချက်တွေနဲ့ လုပ်ငန်းတွေကိုပါ ခွဲဝေချထားပေးတယ်ဆိုတာကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေမယ့် ချေးငွေမှာ မူလက ချမှတ်ထားတဲ့ အရေးကြီးကဏ္ဍနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ချထားပေးတာအပြင် ကြော်ငြာ၊ သပိတ်အချောထည်၊ ကွန်ပျူတာမိတ္တူ၊ ဂျာနယ်လုပ်ငန်းတွေကိုပါ ချေးယူခွင့်ပြုထားတာ တွေ့ရပါတယ်။

ရန်ကုန်အခြေစိုက် လုပ်ငန်းများ အများစု ချေးငွေ ရရှိခဲ့

loans_up_to_5.png

ကိုဗစ်ချေးငွေ အကြိမ်တိုင်းအားလုံးနီးပါးမှာ ရန်ကုန်အခြေစိုက် ကုမ္ပဏီ/လုပ်ငန်းတွေ အများစုရတာဟာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဆန်းစစ်ဖို့ လိုပါတယ်။ ဒါ့အပြင် ကော်မတီက ချမှတ်ထားတဲ့ အရေးကြီးကဏ္ဍနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လုပ်ငန်းတွေအပြင် တခြားသောလုပ်ငန်းတွေလည်း ပါဝင်နေတာဟာလည်း ဘာကြောင့်ဆိုတာကို ကော်မတီက ရှင်းရှင်းလင်းလင်း ထုတ်ပြန်နိုင်မယ်ဆိုရင် ကိုဗစ်ချေးငွေနဲ့ ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ ကိုဗစ်-၁၉ စီးပွားရေးသက်ရောက်မှုတွေကို ကုစားမယ့် ချေးငွေတွေ ချထားပေးရမှာ ရသင့်တဲ့ လုပ်ငန်းတွေဆီ ရောက်ရှိစေဖို့အတွက် သတင်းအချက်အလက် မျှဝေမှုကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၊ လုပ်ငန်းအသီးသီးထံ မျှတစွာ ရောက်ရှိစေရေးကိုလည်း ဆောင်ရွက်ဖို့ လိုပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

အသေးစိတ် အချက်အလက်တွေကို ဒီမှာ Excel/CSV format နဲ့ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။