Posted in ဥပဒေရေးရာ သုတေသန on Apr 10, 2020

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ချည်းကပ်မှုနည်းလမ်းမျိုးစုံနဲ့ နိုင်ငံအသီးသီးက တုံ့ပြန်ဆောင်ရွက်နေကြပါတယ်။ ဒီအင်တာနက်စာမျက်နှာ ကတော့ အဲဒီနည်းလမ်းတွေကို အကြမ်းဖျဉ်း ဖော်ပြထားပါတယ်။ ကူးစက်ရောဂါကို အောင်အောင်မြင်မြင် ကာကွယ်၊ ထိန်းချုပ်ဖို့ ဆောင်ရွက်ရာမှာ မဏ္ဍိုင်အသီးသီးဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သတင်းမီဒီယာ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး ကိုယ်စီကိုယ်ငှ အားထုတ် လုပ်ဆောင်နေကြတာကို တွေ့နိုင်ပါတယ်။ ဒီစာစုမှာတော့ အုပ်ချုပ်ရေးကနေ ကူးစက်ရောဂါအတွက် ဘယ်လို ပြင်ဆင်လုပ်ဆောင်နေတယ်ဆိုတာကို ကော်မတီ၊ ‌ဒေသန္တရအမိန့် နဲ့ ဥပဒေ ဆိုပြီး အပိုင်းခွဲကာ လေ့လာဖော်ပြသွားပါမယ်။

ကော်မတီ

ကိုဗစ်-၁၉ ကူးစက်ရောဂါကို တုံ့ပြန်ဖို့ ပထမဆုံးသော ကော်မတီကို သမ္မတရုံးကနေ ဇန်နဝါရီလ ၃၀ ရက်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ 2019 Novel Cornonavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးက ဥက္ကဋ္ဌ နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်တာ ဖြစ်ပါတယ်။ ကော်မတီတာဝန်တွေကတော့ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဖို့၊ တိုင်းဒေသကြီးမှ မြို့နယ်အထိ အဆင့်တိုင်းမှာ သက်ဆိုင်ရာ ဌာနအချင်းချင်း ပူးပေါင်းဆက်သွယ်ဖို့၊ ကျန်းမာရေး အသိပညာပေးဖို့နဲ့ စောင့်ကြည့် ကြည့်ရှုဖို့၊ တိကျမှန်ကန်တဲ့ သတင်းတွေကို မီဒီယာကတစ်ဆင့် အချိန်နဲ့တပြေးညီ ထုတ်ပြန်ဖို့တို့ ဖြစ်ပါတယ်။

အဲဒီ ကော်မတီကို မတ်လ ၃၀ ရက်မှာ ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေး နှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ နဲ့ အစားထိုးလိုက်ပြီး ရောဂါပိုးကူးစက်နေသူတွေနဲ့ အနီးကပ်ထိတွေ့သူအားလုံးကို အမြန်ဆုံး စစ်ဆေးပြီး Quarantine လုပ်ဖို့၊ လိုအပ်ရင် Community Quarantine ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့၊ သတင်းမှား ဖြန့်ဝေနေသူတွေကို ဖော်ထုတ်အရေးယူဖို့၊ ဆေးဝါး၊ ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ စျေးတင်ရောင်းနေသူတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီက ပေးအပ်တဲ့ အခြားတာဝန်တွေကို ဆောင်ရွက်ဖို့ တာဝန်ပေးလိုက်ပါတယ်။

သမ္မတရုံးဟာ မတ်လ ၁၃ ရက်မှာ ကော်မတီ နှစ်ခုကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ နဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးဆောင်တဲ့ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ တို့ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အကြောင်းကြားချက်အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ၊ ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွေကို သက်ဆိုင်ရာဒေသအလိုက် အသီးသီး ဖွဲ့စည်းထားပါတယ်။

ဒေသန္တရအမိန့်

ဒေသန္တရအမိန့်တွေကို အဆင့် နှစ်ဆင့်ကနေ အဓိက ထုတ်ပြန်နေတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့နဲ့ နောက်တစ်ဆင့်က အသီးသီးသော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက ဖြစ်ကြပါတယ်။ မြို့နယ်အဆင့်ကနေ ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေထဲမှာ ထုတ်ပြန်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေတွေ ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ အရ အရေးယူသွားမယ်လို့ ထည့်သွင်းထားပါတယ်။

ဥပဒေ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အဓိက အသုံးပြုနေတဲ့ ဥပဒေတွေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ တို့ ဖြစ်ကြပါတယ်။ တခြားဥပဒေတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေနဲ့ ရာဇသတ်ကြီး ဥပဒေတွေကိုလည်း အသုံးပြုတာကို တွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃)

လက်ရှိမှာ ဒီဥပဒေရဲ့ ပုဒ်မ သုံးခုကို အဓိက အသုံးပြုနေပြီး ဥပဒေပါ ပြစ်မှုအားလုံးဟာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှု ဖြစ်ပါတယ်။

ပထမ ပုဒ်မက ပုဒ်မ ၂၆ ဖြစ်ပြီး တာဝန်ပေးခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကို နှောင့်ယှက်၊ တားဆီး၊ ဟန့်တားရင် ဒါမှမဟုတ် လက်ရောက်မှု ကျူးလွန်ရင် ထောက်ဒဏ်နှစ်နှစ်အထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး သတ်မှတ်ထားပါတယ်။

နောက်ပုဒ်မတစ်ခုက ပုဒ်မ ၂၇ ဖြစ်ပါတယ်။ အများပြည်သူကို ထိတ်လန့်စေတဲ့ ရည်ရွယ်ချက်နဲ့ သတင်းမှားလွှင့်ရင် ထောင်ဒဏ် တစ်နှစ်အထိ/ ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ဆုံးပုဒ်မက ပုဒ်မ ၃၀ (က) ဖြစ်ပါတယ်။ ပြစ်ဒဏ်က ထောင်ဒဏ်တစ်နှစ်ထိ/ ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး ဖြစ်ပြီး တားမြစ်ချက်ကတော့ တာဝန်ပေးခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဖို့ တမင် ပျက်ကွက်ခြင်း ဖြစ်ပါတယ်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ (၁၉၉၅)

‌ပုဒ်မ ၁၄ အရ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးထားတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် အရာရှိဟာ တားမြစ်ပိတ်ပင်တဲ့ ဒါမှမဟုတ် ကန့်သတ်တဲ့ အမိန့်ကို ထုတ်ပြန်နိုင်ပါတယ်။ အဲဒီ အမိန့်တွေကတော့ ကူးစက်မြန်‌ရောဂါ ဖြစ်ပွားနေသူကို နေအိမ်မှ ထွက်ခွာသွားလာခွင့်၊ ‌ရောဂါ ဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ ဒါမှမဟုတ် မြို့နယ်ကို အဝင်အထွက် ပြုခွင့်၊ ယာဉ်တစ်မျိုးမျိုးပေါ်မှ ရောဂါဖြစ်ပွားနေသူကို သီးခြားထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ချိန်အထိ ပြင်ပသို့ ထွက်ခွာသွားလာခွင့်၊ ပွဲလမ်းသဘင် ကျင်းပနေစဉ် ‌‌ရောဂါဖြစ်ပွားရင် ကျင်းပရာ နေရာသို့ သွားလာခွင့်နဲ့ ဆက်လက်ကျင်းပခွင့် စတာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။

ပုဒ်မ ၁၄ ကို ကျူးလွန်ရင် ပုဒ်မ ၁၈ သုံးပြီး ထောက်ဒဏ် ခြောက်လအထိ/ ငွေဒဏ် ငါးသောင်းအထိ/ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။

အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ (၂၀၁၂)

ပုဒ်မ ၄ (က) အရ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ကုန်စည်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး အဲဒီ ကုန်စည်ကို တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်၊ လက်ဝယ်ထားရှိ၊ သိုလှောင်၊ သယ်ဆောင်၊ ဖြန့်ဖြူး၊ အသုံးပြုခြင်း၊ စားသုံးမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စတဲ့ အမိန့်တစ်မျိုးမျိုး ထုတ်ပြန်ဖို့ ဝန်ကြီးဌာနတစ်ခုခုကို အာဏာအပ်နှင်းနိုင်ပါတယ်။

ပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရင် ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိနဲ့ ငွေဒဏ် ကျပ် ငါးသိန်းအထိ ချမှတ်ခံရဖို့ ပုဒ်မ (၅) မှာ ပြဋ္ဌာန်းထားပြီး ပြစ်မှုတွေဟာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှု ဖြစ်ပါတယ်။

**အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၂၀**

အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေကို သုံးပြီး ၃၀.၀၃.၂၀၂၀ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာတစ်စောင် ထုတ်ခဲ့ပါတယ်။

အဲဒီ ကြော်ငြာစာက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်း၊ ဆေးဝါးနဲ့ စားသုံးကုန်ပစ္စည်းတွေကို အရေးကြီးကုန်စည်တွေအဖြစ် သတ်မှတ်လိုက်ပြီး စျေးတင်ရောင်းတာ၊ စျေးတင်ဖြန့်ဖြူးတာနဲ့ စျေးကစားဖို့ သိုလှောင်ထားတာတွေကို တားမြစ်လိုက်ပါတယ်။

အခြားဥပဒေများ

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (၁၉၄၇) မှာ ပုဒ်မ ၁၃ (၁)၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ (၁၉၄၀) မှာ ပုဒ်မ ၅ (၁) နဲ့ ရာဇသတ်ကြီး ဥပဒေ မှာ ပုဒ်မ ၂၉၄၊ ၃၅၃ တို့ကိုလည်း အသုံးပြုနေတာကို တွေ့ရပါတယ်။


တရားစွဲဆိုထားသော အမှုများ

(၁) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာအမျိုးသားကို မင်္ဂလာပွဲ ရက်ရွှေ့ဆိုင်းကျင်းပဖို့ စာနဲ့ နှုတ်ကတဆင့် တားမြစ်ခဲ့ပေမယ့် မလိုက်နာတာကြောင့် ဒေသန္တရအမိန့် ချိုးဖောက်မှုနဲ့ သက်ဆိုင်ရာက အမှုဖွင့်ခဲ့ပါတယ်။ ကျူးလွန်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) အရ ထောင်ဒဏ် ၆ လ နဲ့ ဗီဇာစည်းကမ်းဖောက်ဖျက်မှုအတွက် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေကျပ် ၁၀ သိန်း/ ထောင်ဒဏ် ၆ လကျခံရန် အမိန့် ချမှတ်လိုက်ပါတယ်။ ကျူးလွန်သူရဲ့ ဖခင်ကိုတော့ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ ၅ (၁) အရ ဒဏ်ငွေကျပ် ၁၀ သိန်း/ ထောင်ဒဏ် ၆ လ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။

(၂) မန္တလေးတိုင်း၊ တံတားဦးနဲ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က အမျိုးသားနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူထားပါတယ်။ တစ်ဦးကတော့ ‌ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့ကနေ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှာကြားချက်တွေကို အသိပေးခြင်းနဲ့ အခြားဒေသမှ ပြန်လည်ရောက်ရှိလာသူတွေကို ကျန်းမာရေးစစ်ဆေးခြင်းတို့ လုပ်ဆောင်နေစဉ် ခဲနဲ့ ထုပြီး ထွက်ပြေးသွားတာကြောင့် ပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ နောက်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ကျေးရွာတွင် ကူးစက်ရောဂါပိုး တွေ့ကြောင်း မဟုတ်မမှန် ရေးသားဖော်ပြတာကြောင့် ပုဒ်မ ၂၇ နဲ့ တိုင်ကြားထားပါတယ်။

(၃) ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ Quarantine Centre မှာ ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်ခံနေတဲ့ အမျိုးသားဟာ ထွက်ပြေးခဲ့တာကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ပါတယ်။ တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ပါတယ်။

(၄) မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး စစ်ဆေးရေးလုပ်ငန်း လုပ်ဆောင်နေတာကို အစစ်ဆေးမခံဘဲ အပြန်အလှန် စကားများ ဆဲဆိုပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/၃၅၃ နဲ့ အမှုဖွင့် အ‌ရေးယူထားပါတယ်။


မိုးအောင် ရေးသားသည်။