Posted in Political Institutions on Feb 04, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ မြှောက်အစည်းအဝေးရဲ့ တတိယမြောက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အရေးကြီးအဆိုတစ်ခုတင်သွင်းခဲ့ပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း"ဖို့ ဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်မှာ တင်သွင်းမယ်ဆိုတဲ့ အသံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေခဲ့ပြီးဖြစ်ပါတယ်။ အဆိုနဲ့ပတ်သက်ရင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် မကန့်ကွက်ပေမဲ့ ခုလိုအဆိုတင်သွင်းတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော်သားကိုယ်စားလှယ်အားလုံးမတ်တပ်ထရပ် ကန့်ကွက်ခဲ့သလို ဆန္ဒမဲခွဲတဲ့အချိန်မှာလည်း မဲပေးပိုင်ခွင့်ရှိသူနဲ့ မဲပေးခဲ့တဲ့အရေအတွက်အရ မဲမပေးခဲ့ဘူးလို့ ယူဆရပါတယ်။ နောက်ပိုင်းမှာလည်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က တာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်လွှာပေးပို့ထားပါတယ်။

အရေးကြီးအဆို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွှတ်မှု ရှိ/မရှိ

ပထမဆုံးစတင်ကြည့်ရမှာက ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ရှိကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်လိုတဲ့အချက်တွေကို ဥပဒေမူကြမ်းအနေနဲ့ တင်သွင်းရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၃) ပုဒ်မခွဲ (က)မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်"လို့ ပါရှိပါတယ်။ ခုအငြင်းပွားတဲ့ ကိစ္စက "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကော်မတီဖွဲ့စည်းဖို့" လို့ တင်သွင်းတာဖြစ်ပြီး "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြင်ဆင်လိုတဲ့အချက်တွေနဲ့ ဥပဒေမူကြမ်း"အဖြစ် တင်သွင်းတာမဟုတ်ပါဘူး။ ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွှတ်ဘူးလို့ယူဆလို့မရပါဘူး။ အကယ်၍များ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွှတ်ဘူးလို့ယူဆရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်သွင်းလွှာပေးပို့ပြီး ကန့်ကွက်ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ လွှတ်တော်ဆိုင်ရာဥပဒေတွေထဲက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေနဲ့ညီညွတ်ခြင်း ရှိ/မရှိကို ဆက်လက်လေ့လာကြည့်ဖို့ လိုလာပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေထဲမှာ ကြည့်မယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင် ပြင်ဆင်လိုတဲ့အချက်တွေကို ဥပဒေမူကြမ်းအနေနဲ့တင်သွင်းရမယ်ဆိုတာပါပြီး ယခုတင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်လို့ သီးခြားပါရှိခြင်းမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေထဲမှာတော့ အဆိုတင်သွင်းခြင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ ပါရှိပါတယ်။ ပထမဆုံးအဆိုတွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်နဲ့ စည်းကမ်းချက်တွေထဲမှာ နာယကက အဆိုတစ်ရပ်ကို လက်ခံသင့်/မသင့် ဆုံးဖြတ်ရာမှာ နည်းဥပဒေမှာပါတဲ့အချက်တွေနဲ့ ညီညွှတ်ခြင်းမရှိဘူးဆိုရင် အဆိုတစ်ရပ်လုံးကိုဖြစ်စေ၊ အဆိုရဲ့တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တင်သွင်းခွင့် ပိတ်ပင်နိုင်ပါတယ်။ ဒီ့အပြင် အဆိုနဲ့ အဆိုရဲ့တစ်စိတ်တစ်ပိုင်းကို နာယကကခွင့်မပြုရင် နာယကရဲ့ အဆုံးအဖြတ်ကို ဆွေးနွေးခြင်းမလုပ်ရတာရယ် လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ပြီးသားကိစ္စရပ်နဲ့ယင်းနဲ့သဘောခြင်းညီတဲ့ကိစ္စရပ်တွေကို အဆိုမှာပါဝင်ခြင်းမရှိရတာအပြင် နာယကက ခွင့်မပြုသေးမီ အဆိုကို ထုတ်ပြန်ကြေညာခြင်း မပြုရဆိုပြီး ကန့်သတ်ချက်တွေမှာ ပါဝင်ပါတယ်။ အရေးကြီးအဆိုနဲ့ပတ်သက်ရင် နာယကက အများပြည်သူနဲ့ သက်ဆိုင်သော လောလောဆယ် အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန်အဆိုတင်သွင်းခွင့်ပြုနိုင်သည်လို့ ပါရှိပါတယ်။ အရေးကြီးအဆိုကို အဆိုတင်သွင်းသည့်နေ့မှာ အစည်းအဝေးမစတင်မီဖြစ်စေ၊ အစည်းအဝေးအစီအစဉ်များ ကျင်းပနေစဉ်ဖြစ်စေ စာဖြင့်ရေးသား လက်မှတ်ရေးထိုးပြီး နာယကထံ တင်သွင်းထားရပါမယ်။အရေးကြီးအဆိုနဲ့ပတ်သက်ပြီး သတ်မှတ်ထားတာတွေကတော့ အများပြည်သူနဲ့သက်ဆိုင်ပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်လိုတဲ့ကိစ္စရပ်၊ လွှတ်တော်တွင် သာမန်နည်းလမ်းဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သောကိစ္စတွေ ဖြစ်ရမှာဖြစ်ပြီး၊ လွှတ်တော်တွင် အကြောင်းကြားထားပြီး သင့်လျော်သောအချိန်အတွင်း တင်သွင်းဆွေးနွေးရန် သတ်မှတ်ပြီးသောကိစ္စ၊ ဆွေးနွေးရန်သတ်မှတ်ပြီးသောကိစ္စရပ်နဲ့ ဆွေးနွေးဆုံးဖြတ်ပြီးသောကိစ္စတွေ မဖြစ်ရပါဘူး။ နောက်ထပ်ကတော့ လွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်းကို ခွင့်မပြုပြီးသားဖြစ်တဲ့ ကိစ္စလည်း မဖြစ်ရပါဘူး။ အရေးကြီးအဆိုနဲ့ပတ်သက်တဲ့ သတ်မှတ်ထားချက်တွေနဲ့ ညီညွှတ်တယ်လို့ နာယကကယူဆရင် အရေးကြီးအဆိုကို လွှတ်တော်ထဲမှာဖတ်ပြရပါမယ်။ အရေးကြီးအဆိုကို ဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံထက်မနည်းက ထောက်ခံလျှင် လွှတ်တော်က အဆိုဆွေးနွေးဖို့ သဘောတူသည်ဟု ယူဆရမယ်လို့ ပါရှိပါတယ်။ နည်းဥပဒေထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် ဆိုတဲ့ အခန်းပါဝင်ပေမဲ့ လက်ရှိတင်သွင်းတဲ့အဆိုနဲ့ မသက်ဆိုင်တော့တဲ့အတွက် အသေးစိတ်မဖော်ပြတော့ပါဘူး။ ဒီအတွက် အရေးကြီးအဆိုနဲ့ပတ်သက်လာရင် နာယကရဲ့အဆုံးအဖြတ်ပေါ်မှာမူတည်ပြီး လက်ရှိတင်သွင်းထားတဲ့ အရေးကြီးအဆိုဖြစ်တဲ့"ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့ရန်"အဆိုဟာ သာမန်နည်းလမ်းဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သောကိစ္စဖြစ်ရမယ်ဆိုတဲ့အပေါ်မှာ အငြင်းပွားစရာရှိပါလိမ့်မယ်။ နောက်ထပ်အငြင်းပွားဖွယ်ရာဖြစ်နိုင်တာက "နာယကက ခွင့်မပြုသေးမီ ထုတ်ပြန်ကြေညာခြင်းမပြုရ" ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီ့အပြင် အဆိုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေထဲမှာလည်း "နာယကက ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမှ ထုတ်ပြန်ကြေငြာခြင်းမပြုရ" ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒီအချက်ကိုငြင်းမယ်ဆိုရင်လည်း သတင်းတွေထွက်ပေါ်ခဲ့တာဟာ အဆိုတင်မယ့်အချက်ပဲဖြစ်ပြီး၊ အဆိုကို ထုတ်ပြန်ခဲ့တာမဟုတ်ဘူးလို့လည်း တစ်ဖက်က ပြန်ငြင်းနိုင်ပါတယ်။ အရေးကြီးအဆိုနဲ့ပတ်သက်လာရင် နာယကရဲ့လက်ခံမှုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောတူလက်ခံမှုက အခရာကျပါတယ်။ ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတင်သွင်းတဲ့ အရေးကြီးအဆိုဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ ပြောလို့ မရပါဘူး။ ဒါက လက်ရှိလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေရဲ့ အားနည်းချက်ကိုပဲ ထပ်ဆင့်ပြီး မီးမောင်းထိုးပြနေတာဖြစ်လို့ ဒီ့ထက်ပို တိကျအားကောင်းအောင် ပြန်လည်သုံးသပ်ပြင်ဆင်ရေးကိုလည်း အာရုံစိုက်သင့်ပါတယ်။

အငြင်းပွားစရာကိစ္စနောက်တစ်ခု

အငြင်းပွားစရာကိစ္စရပ်ဖြစ်တဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် ကော်မတီဖွဲ့စည်းရန်"ဆိုတဲ့ ကိစ္စရပ်ကို အရေးကြီးအဆိုတစ်ရပ်အနေနဲ့တင်သွင်းဖို့လိုအပ်သလားဆိုတဲ့အချက်ပါပဲ။ သာမန်အဆိုတစ်ရပ်အနေနဲ့တင်သွင်းလို့မရဘူးလားဆိုတဲ့အချက်၊ အခြားသော ကော်မတီတွေ ဖွဲ့စည်းသလိုမျိုး နာယကကပဲ အမည်စာရင်းတင်သွင်း၊ လုပ်ပိုင်ခွင့်၊ တာဝန်နဲ့ သက်တမ်းတွေ သတ်မှတ်ပေးပြီး တင်သွင်းလို့မရဘူးလားဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီကိစ္စရပ်ကတော့ အဆိုတင်သွင်းတဲ့အစုအဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ နိုင်ငံရေးယူဆချက်တွေနဲ့ အဆုံးအဖြတ်တွေပေါ်မှာမူတည်ပါတယ်။ ကော်မတီဖွဲ့စည်းမှုနဲ့ ပတ်သက်ရင်လည်း လွှတ်တော်က ကော်မတီဖွဲ့စည်းနိုင်သည်ဆိုတဲ့ ယေဘုယျ ပြဌာန်းချက်ပဲ ပါရှိပြီး အသေးစိတ် ပြဌာန်းထားတာမရှိတဲ့အတွက် ဥပဒေကို ကျော်လွန်တယ်လို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ လက်ရှိတင်သွင်းထားတဲ့ အရေးကြီးအဆိုကို နိုင်ငံရေးယူဆချက်တွေ၊ အဆုံးအဖြတ်တွေနဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေ မတူညီနိုင်တာနဲ့ လွယ်လင့်တကူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွှတ်ပါဘူးလို့ ပြောဆိုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ဆိုတာ ဒီမိုကရေစီနိုင်ငံရေးမှာ အရေးပါတဲ့ အဖွဲ့အစည်း(institution) ဖြစ်တဲ့အတွက်ပါပဲ။ လွှတ်တော်ထဲမှာ လုပ်ဆောင်တဲ့ကိစ္စရပ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းထားတဲ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့မညီညွှတ်ပါဘူးလို့ လွယ်လင့်တကူ ကောက်ချက်ချပြောဆိုတာဟာ ဒီမိုကရေစီမဏ္ဍိုင်တစ်ခုကို နိုင်ငံသားအများစုက နားလည်သဘောပေါက်မှု လွဲမှားစေနိုင်ပါတယ်။

အရေးကြီးအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းရပ်တည်မှု

အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွှတ်ခြင်းမရှိဟုဆိုပြီး အဓိကကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါမှာလည်း မဲပေးခွင့် ရှိသောအရေအတွက် ၆၀၁ ဦး ရှိတဲ့အနက် ထောက်ခံမဲ ၃၉၄ ဦး၊ ကန့်ကွက်မဲ ၁၇ ဦး၊ကြားနေဆန္ဒမဲ သုံးဦးရှိခဲ့ပါတယ်။ မဲမပေးခဲ့သူ ၁၈၇ ဦးရှိခဲ့တာ တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦးရှိပြီး၊ ခွင့်တိုင်ကြားခဲ့သူနှစ်ဦးရှိခဲ့တဲ့အတွက် မဲမပေးခဲ့တာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေချည်း မဟုတ်ဘူးလို့ သိနိုင်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ ကန့်ကွက်မဲပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကြားနေဆန္ဒမဲပေးခဲ့သောကိုယ်စားလှယ်တွေနဲ့ မဲမပေးခဲ့တဲ့ကိုယ်စားလှယ်တွေ ဘာကြောင့် အခုလိုရပ်တည်သလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

ဥပဒေပြင်ရေးနဲ့ နိုင်ငံသားတွေရဲ့ ယုံကြည်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကော်မတီဖွဲ့စည်းရန်"ဆိုတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ မတူညီမှု၊ လုပ်နည်းလုပ်ဟန် သဘောမတူညီမှု စတဲ့ အကြောင်းအချက်တွေနဲ့ အငြင်းပွားကြတာ ကောင်းမွန်တဲ့အလေ့အထတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းထားသော လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိဆိုတဲ့အချက်ကို ကိုင်စွဲမယ်ဆိုရင်တော့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အပေါ် နိုင်ငံသားတွေရဲ့ ယုံကြည်မှုဆုံးရှုံးစေပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေဟာ သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများတွေနဲ့ ညီညွတ်နေဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်လည်း ဖြေရှင်းဖို့အတွက် နည်းလမ်းရှိသင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွှတ်ခြင်းမရှိဘူးလို့ယူဆရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်သွင်းလွှာတင်သွင်းကန့်ကွက်နိုင်ပါတယ်။ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ယူဆရင် ဥက္ကဌကို တာဝန်မှ ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ပါတယ်။ လွှတ်တော်ဆိုင်ရာနည်းဥပဒေတွေထဲမှာလည်း ဥက္ကဌကို တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမဲ့အဆင့်ဆင့်တွေကို ဖော်ပြထားပါတယ်။ ဒီအတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းတဲ့အရေးကြီးအဆိုအတွက် ဥပဒေနဲ့မညီညွှတ်လို့ ဥပဒေအရပေးအပ်ထားတဲ့တာဝန်အရ မကျေပွန်လို့ဆိုရင် ခုလိုမျိုးမညီညွတ်ဘူးလို့ ပြောဆိုနေတာထက်စာရင် လွှတ်တော်ဆိုင်ရာဥပဒေများမှာပါရှိတဲ့ ဥပဒေ၊နည်းဥပဒေတွေနဲ့ ဥက္ကဌကိုတာဝန်မှ ရုပ်သိမ်းနိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိဥပဒေတွေအတော်များများဟာ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီရေးအတွက် ပြင်ဆင်၊ အသစ်ရေးဆွဲရမယ့် ဥပဒေတွေဖြစ်ပါတယ်။ ဒီလိုပြင်ဆင်၊ အသစ်ရေးဆွဲဖို့အတွက် လွှတ်တော်ဟာလည်း ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ရမှာဖြစ်ပါတယ်။ ဒီလိုပါဝင်နိုင်ဖို့အတွက် လွှတ်တော်ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွတ်တဲ့ ဥပဒေတွေပြုတဲ့နေရာမှာ ဦးဆောင်ပါဝင်နိုင်မယ်လို့ နိုင်ငံသားတွေက ယုံကြည်လက်ခံဖို့လိုပါတယ်။ ဥပဒေပြုရေးဆိုင်ရာမဏ္ဍိုင်မှာပါဝင်နေသူတွေအနေနဲ့ ဥပဒေဆိုင်ရာ၊ နည်းဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ ပြောဆိုနေမဲ့အစား ပြဌာန်းထားတဲ့ဥပဒေတွေအရ လုပ်ဆောင်ခြင်းကသာ ဒီအဖွဲ့အစည်း (institution) တစ်ရပ်က ပြဌာန်းတဲ့ဥပဒေတွေ၊ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဥပဒေတွေနဲ့ ဒီအဖွဲ့အစည်း(institution)ကိုယ်တိုင်အပေါ်မှာ နိုင်ငံသားတွေက ယုံကြည်လက်ခံလာမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုသက်သက်ကြောင့် နိုင်ငံရေးမဏ္ဍိုင်တစ်ရပ်ရဲ့ တရားဝင်မှု၊ နိုင်ငံသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။

လှမျိုးကျော် ရေးသားသည်။