Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Feb 19, 2019

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အသုံးပြုခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တင်ပြတဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေကို တစ်မြို့နယ် ကျပ်သန်း ၁၀ဝ (သိန်း ၁၀ဝ၀) စီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုပေးထား တာဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ် ၁၄ ခု မြို့နယ် ၃၂၂ ခုအတွက် ကျပ်သန်းပေါင်း ၃၂,၂၀ဝ နှင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီအတွက် ကျပ်သန်း ၈၀ဝ၊ စုစုပေါင်း ကျပ်သန်း ၃၃၀ဝ၀ ခွင့်ပြုခဲ့ပါတယ်။
ခွင့်ပြုငွေမျတွေထဲမှာ (ရွေးကောက်ပွဲ မကျင်းပနိုလို့) လွှတ်တော်ကိုယ်စားလှယ်မရှိတဲ့ မိုင်းလား၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနဲ့ နားဖန်းမြို့နယ်တွေအတွက် ခွင့်ပြုထားငွေ ကျပ်သန်း ၅၀ဝ နဲ့ ဧရာဝတီတိုင်း၊ ကြံ့ခင်းမြို့နယ်က အဆိုပြုတောင်းခံငွေ ကျပ်သန်း ၉၉.၉၉၈ သာ ရှိတဲ့ အတွက် ပိုလျှံငွေ ကျပ်သန်း ဝ.ဝ၀၂ (ကျပ်နှစ်သောင်း) ကို ပြန်လည် အပ်နှံထားပါတယ်။

အစီရင်ခံစာမှာ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေသုံး စီမံကိန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားရာမှာ အဓိကအားဖြင့် သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်း၊ ကျေးလက်လမ်းများ/တံတားများ ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်း၊ အခြားလုပ်ငန်းများဟူ၍ ကဏ္ဍသုံးရပ် ဖော်ပြထားပြီး အခြားလုပ်ငန်းတွေမှာတော့ ပညာရေး၊ ကျန်းမာရေးနှင့် မီးလင်းရေးကဏ္ဍတွေ ပါဝင်ပါတယ်။ 



ဒါဟာ အစီရင်ခံစာမှာ ပါဝင်တဲ့ အဓိကအချက်အလက်တွေ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အကောင်အထည်ဖော်တဲ့ အသေးစိတ် အချက်အလက်နဲ့ စီမံကိန်းတန်ဖိုးတွေ ပါဝင်သလို လူထုအတွက် ရည်ရွယ်တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့ ပတ်သက်လို့ ဘယ်နေရာမှာတော့ အဖိတ်အစင်တွေ ရှိတယ်၊ စီမံကိန်းတွေ အကောင်အထည် ဖော်ကြတဲ့အခါမှာ ဘယ်အချက်အလက်တွေကို အကောင်အထည်ဖော်သူတွေက မလိုက်နာခဲ့ဘူးဆိုတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဒေသအလိုက် စာရင်းစစ်ချုပ်တွေရဲ့ သဘောထားမှတ်ချက်တွေက မေးခွန်းတွေကို ဆက်ပြီး ဖြစ်လာစေပါတယ်။

ဆောင်ရွက်ခွင့် တင်ပြသည့် လုပ်ငန်းနှင့် အမှန်ဆောင်ရွက်သည့်လုပ်ငန်း ကွဲလွဲမှု

ပြည်ထောင်စုဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ထားရာမှာ ဆောင်ရွက်ခွင့် တင်ပြထားတဲ့ လုပ်ငန်းတွေနဲ့ အမှန် ဆောင်ရွက်သည့် လုပ်ငန်းကွဲလွဲမှုတွေလည်းရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ လုပ်ငန်းတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ 




ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ အသုံးပြုမှုကို ဘယ်သူတွေက စီမံရတာလဲ

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ အခန်း(၅)၊ ပုဒ်မ ၈ (က) အရ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ရေးအဖွဲ့ကို မြို့နယ်အခြေစိုက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်အဖြစ် ကျန်ကိုယ်စားလှယ်များ၊ အမှုဆောင်အရာရှိ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး (စည်ပင်သာယာရေးကော်မတီ)၊ မြို့နယ် ဦးစီးမှူး (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)၊ ဥက္ကဋ္ဌ (မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ နဲ့ ကော်မတီအတွင်းရေးမှူးအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နဲ့ ဖွဲ့စည်းရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၈ (ခ) မှာ လိုအပ်ပါက အဖွဲ့ဝင်များထဲမှ ပုဂ္ဂိုလ်နှစ်ဦးကို ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်သည်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဟာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် ရည်ရွယ်တဲ့အတွက် လူထုလိုအပ်ချက်များ သိရှိဖို့နဲ့ ဖြည့်ဆည့်ပေးဖို့အတွက် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှာ တာဝန်ရှိပါတယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စ ဘာကြောင့် သိထားသင့်တာလဲ

ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စကို ပြည်သူလူထုအနေနဲ့ သိရှိထားသင့်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များကို အကဲဖြတ်နိုင်ဖို့နဲ့ မည်သူက မည်သည့်ကိစ္စရပ်များ လုပ်ဆောင်နေတယ်ဆိုတာကို သိရှိထားဖို့ ဖြစ်ပါတယ်။


အကဲဖြတ်တယ်ဆိုရာမှာ ရန်ပုံငွေသုံးစွဲမှုမှာ စီမံကိန်းတွေ ထိရောက်မှု ရှိ/မရှိ၊ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း အစီအစဉ်တကျ ဆောင်ရွက်မှု ရှိ/မရှိ နဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများ ရွေးချယ်ဆောင်ရွက်ရာတွင် အဓိကကျသည့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘက်လိုက်မှု ရှိ/မရှိ၊ နိုင်ငံရေးအရ အမြတ်ထုတ်လုပ်ကိုင်မှု ရှိ/မရှိတို့ကို လေ့လာဆန်းစစ်နိုင်ရန်တို့ ပါဝင်သည်။ ဒါတွေကိုလေ့လာဆန်းစစ်ပြီး မေးခွန်းထုတ်နိုင်မှသာလျှင် လူထုအတွက် ရည်ရွယ်တဲ့ ရန်ပုံငွေတွေဟာ လူထုအတွက် အမှန်တယ် ပိုမိုအကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။


လူထုပါဝင်ပတ်သက်မှု မြှင့်တင်ရေး


ဒီ့ထက် အရေးကြီးတာက ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖော်ဆောင်မည့် စီမံကိန်း ရွေးချယ် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေမှာ လူထုပါဝင်ပတ်သက်မှု မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ လူထု လိုအပ်ချက်ကို လူထုကသာလျှင် အသိဆုံးဖြစ်တဲ့အတွက် လူထုက တင်ပြလာမှုအပေါ် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့က စိစစ်ကာ အဆင့်များ သတ်မှတ်ပြီး ဦးစားပေးစီမံကိန်း ရွေးချယ် အကောင်အထည်ဖော်မယ်ဆိုရင်တော့ ပိုမိုသင့်လျော် ထိရောက်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်ရင် သက်ဆိုင်ရာဥပဒေတွေမှာ ထည့်သွင်းပြဋ္ဌာန်းပေးတာ၊ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်ချတာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရန်ပုံငွေ ချထားပေးခြင်းရဲ့ ရည်ရွယ်ချက်အောင်မြင်မှာ ဖြစ်သလို လူထု ပါဝင်မှု အခန်းကဏ္ဍ မြင့်တက်လာပြီး အပြန်အလှန် ထိန်းကြောင်းစောင့်ကြပ်မှု ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

ကိုးကား 


  • ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်း များနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၃/၂၀၁၉)

  • ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ
- ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ၊ ၂၀၁၄


ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့် https://pyidaungsu.hluttaw.mm/uploads/pdf/post/XNGfFw_3-2019.pdf မှတဆင့် ရယူနိုင်ပါတယ်။