Posted in ဥပဒေရေးရာ သုတေသန on Mar 25, 2019

ပြည်ထောင်စုလွှတ်တော်က ဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း မကြာသေးခင်က ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ အာနန္ဒာ အဖွဲ့က ကော်မရှင်ရဲ့ ၃ နှစ်တာ သက်တမ်းကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများနဲ့ ၄င်းရဲ့ အခန်းကဏ္ဍများကို ပြန်လှန် လေ့လာသုံးသပ်ခဲ့ကြဖူးပါတယ်။

ဒီနေရာမှာ မေးစရာ တစ်ခု ရှိပါသည်။ ကော်မရှင်ဆိုတာဘာလဲ။ ကော်မတီနဲ့ ဘယ်လို ကွာခြားသလဲ။ ဒီလို ကော်မရှင်မျိုးကို ဖွဲ့စည်းမယ်ဆိုရင် ဘယ်လို သဘောတရားတွေကို ကျင့်သုံးရသလဲ။ ကောင်းမွန်သော ရလဒ်များဖော်ဆောင်နိုင်တဲ့ ကော်မရှင်များ ပေါ်ပေါက်လာဖို့၊ဒီထက် ပိုပြီးအရေးကြီးတာက ဒီမိုကရေစီနည်းအရ တာဝန်ခံမှုရှိတဲ့ ကော်မရှင်တွေ ဖြစ်ပေါ်လာဖို့၊ ထိုကော်မရှင်များက နိုင်ငံအကျိုးစီးပွားကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ထောက်ပံ့ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ကြပါမယ်။

ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ အစိုးရတိုင်းမှာ အရေးကြီး ကိစ္စရပ်တွေကို အတူတကွ လုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံရေးသမားတွေကို စုဖွဲ့ပေးတဲ့ လုပ်ငန်းစဉ်များ ရှိတတ်ပါတယ်။ ဒီအစုအဖွဲ့တွေဟာ ပြင်ပက ကျွမ်းကျင်ပညာရှင်များရဲ့ အကြံဉာဏ်များကိုလည်း ရယူလေ့ရှိပါတယ်။ ပြီးတော့မှ သူတို့တွေ့ရှိလာတဲ့ အချက်အလက်တွေ ဆောင်ရွက်ချက်တွေကို လွှတ်တော်ကိုဖြစ်စေ၊ အာဏာရအစိုးရထံကို ဖြစ်စေ အစီရင်ခံစာရေးသားပြီး ပြန်လည်တင်သွင်းလေ့ ရှိပါတယ်။

ဥပဒေပြုရေး မဏ္ဍိုင်အများစုမှာတော့ (မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်၊ ယူကေနိုင်ငံ ပါလီမန်၊ အမေရိကန်နိုင်ငံ ကွန်ဂရက် တို့ အပါအဝင်) အများအားဖြင့်လွှတ်တော် ကော်မတီများကို ဖွဲ့စည်းကြပါတယ်။ ဥပဒေရေးရာကိစ္စများကို အသေးစိတ်လေ့လာနိုင်ဖို့နဲ့အစိုးရရဲ့ ဆောင်ရွက်ချက်များကို စောင့်ကြပ်ကြည့်ရှုဖို့အတွက် ဖြစ်ပါတယ်။ အခြေခံ သဘောတရားကတော့ ဥပဒေပြုရေးကိစ္စရပ်မှာပါဝင်တဲ့ လွှတ်တော်အမတ်ကိုယ်စားလှယ်တွေ အားလုံးတက်ရောက်ရတဲ့ လွှတ်တော်အစည်းအဝေးကြီးထဲမှာ ကိစ္စတိုင်းရဲ့ အသေးစိတ်အချက်အလက်တွေကို လိုက်လံကြည့်ရှုနိုင်ဖို့အတွက် အချိန် ဘယ်တော့မှလုံလောက်မှုရှိမှာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တိုင်းကလည်း ကိစ္စတိုင်းမှာကျွမ်းကျင်မှု ရှိလာဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့လွှတ်တော်အတွင်းမှာ လွှတ်တော်ကော်မတီ ၃၈ ခု ထက် မနည်း ရှိပြီး ၂၀ဝ၈ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဥပဒေတွေကို လေ့လာစိစစ်နိုင်ဖို့၊ ဥပဒေတွေရဲ့ သက်ရောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာဖို့ နဲ့ အများပြည်သူ၊ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့ အချိန်ယူ လေ့လာဆွေးနွေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားကြောင်းတွေ့ရပါတယ်။ ကော်မတီတွေဟာ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရခြင်းဖြစ်ပြီး လွှတ်တော်ကို ဒီမိုကရေစီ နည်းလမ်းအရ တာဝန်ခံမှု ရှိရပါတယ်။ ကော်မတီတွေဟာ သက်သေများကို ကြားနာခြင်း၊ ရွေးကောက်ခံမဟုတ်သော အရပ်သားများထံမှ အကြံများ ရယူခြင်းတို့ကို ပြုလုပ်ကြသော်လည်း ကော်မတီအဖွဲ့ဝင်များမှာမူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ တရားဝင်ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လွှတ်တော်က ကော်မရှင်နဲ့အဖွဲ့တွေကိုလည်း ဖွဲ့စည်းတည်ထောင်ခွင့် ရှိပါတယ်။ ယနေ့အချိန်ထိ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ၂၀၁၆ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် တစ်ခုတည်းကိုသာ ဖွဲ့စည်းခဲ့ပါသည်။(ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှုလည်း ဖြစ်ခဲ့ပါသေးတယ်။)

ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အခြားကော်မရှင်အများအပြားကို ဥပဒေကြောင်းများအရ အုပ်ချုပ်ရေးမဏ္ဍိုင်က ဖွဲ့စည်းတည်ထောင်ခဲ့တာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်က ဖွဲ့စည်းခဲ့တဲ့ကော်မရှင်တွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင် စတဲ့ကော်မရှင်တွေပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စကားလုံးများဖြစ်တဲ့ ကော်မတီနှင့် ကော်မရှင်တို့ဟာ ခပ်ဆင်ဆင်တူတယ်လို့ ထင်ရသော်လည်း အထက်ပါ ဖော်ပြချက်များကို ကြည့်ပါက ၄င်းတို့ နှစ်ခု၏ အဓိက ကွာခြားချက်များကို သတိပြုနိုင်ပါတယ်။ ယေဘူယျအားဖြင့် ပြောရရင် ကော်မတီတွေဟာ လွှတ်တော်အတွင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး လွှတ်တော်အတွင်းမှ လွှတ်တော်အသေးစားကလေးများဖြစ်ပါတယ်။ ဥပဒေပြုမဏ္ဍိုင် ယန္တရားအတွင်းက အရေးကြီးတဲ့ခွေးသွားစိတ်များ ဖြစ်ပါတယ်။ ကော်မရှင်များကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်က ခန့်အပ်ကြခြင်းဖြစ်ပြီး ၄င်းတို့ပေါ်ပေါက်လာရေးကို ခွင့်ပြုပေးတဲ့ သက်ဆိုင်ရာ ဥပဒေများအရ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ကော်မရှင်များက အထူးတာဝန် တစ်ခုခုပေါ်မှာ ဒါမှမဟုတ် သက်ဆိုင်ရာ အကြောင်းအရာ တစ်ခုခုမှာ အာရုံစိုက်ကြပါတယ်။ ဒါ့အပြင် ကော်မရှင်မှာ ပါဝင်ပတ်သက်သူတွေဟာ ၂၀ဝ၈ အခြေခံဥပဒေမှာ ဖော်ပြသလိုပြောရရင် သင့်တော်တဲ့နိုင်ငံသားတွေနဲ့ဖွဲ့စည်းခွင့်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ မလိုပါဘူး။ ဒီကွဲပြားချက်အပေါ်မှာ မူတည်ပြီးစဉ်းစားရင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကို ကျော်လွန် ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တခြားတစ်ဘက်မှာတော့ ဥပဒေနဲ့အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ လွှတ်တော်ကော်မတီတစ်ခုနဲ့ ဆင်တူတဲ့ သဘောသဘာဝများ ရှိနေတာကို တွေ့ရပါသည်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခန့်အပ်တာ ဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်အဆောက်အဦးထဲမှာ တခမ်းတနားရုံးခန်းဖွင့်လှစ် နေထိုင်ခွင့် ရရှိနေပါတယ်။ တကယ်တော့ လွှတ်တော်အဆောက်အဦးတွေဟာ လွှတ်တော်ကော်မတီများအတွက် ရုံးခန်းဖွင့်လှစ်ရန် ရည်ရွယ်ထားတဲ့ နေရာများဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ အလွန်ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ရရှိထားပြီး ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များဆိုတဲ့ စကားရပ်ဟာ အလွန်ကျယ်ပြန့်ပြီး မည်သည့်ကိစ္စကိုမဆို ကော်မရှင်နဲ့သက်ဆိုင်တယ်လို့ ပြောဆိုနိုင်တဲ့အရာများ ဖြစ်ပါတယ်။ တကယ်လည်း သူရဦးရွှေမန်းရဲ့ ကော်မရှင်ဟာ ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီး သုံးနှစ်တာ သက်တမ်းအတွင်း နိုင်ငံရဲ့ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များစွာမှာ ဝင်ရောက်လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ကော်မရှင်မှာလည်း ရွေးကောက်ခံမဟုတ်တဲ့ပုဂ္ဂိုလ်အများစုပါဝင်နေပြီး ဘယ်လိုဒီမိုကရေစီလုပ်ပိုင်ခွင့်တွေအရ ဥပဒေပြုရေးကိစ္စရပ်တွေမှာ လုပ်ဆောင်နေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ရှင်းလင်းတိကျတဲ့ တာဝန်သတ်မှတ်ချက်မရှိခြင်းနဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရခြင်းကို ရရှိမထားတဲ့ သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာကြောင့် ကော်မရှင်ဟာ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ ဆန့်ကျင်ကန့်ကွက်ခြင်းကို ခံခဲ့ရတာမှာလည်း မလွဲမရှောင်သာတဲ့အချက်တစ်ခုဖြစ်ပြီး သဘာဝကျပါတယ်။ ကမ္ဘာတစ်ဝန်းရှိ အခြားသော လွှတ်တော်စနစ်များကို လေ့လာပြီးတဲ့အခါမှာ ယခုလိုကော်မရှင်တစ်ရပ်ဖွဲ့စည်းခြင်းမျိုးထက်စာရင် လွှတ်တော်နဲ့အာဏာရအစိုးရအနေဖြင့် ဒီမိုကရေစီ သဘောတရားများအတိုင်း အနာဂတ်မှာ လုပ်ဆောင်နိုင်မဲ့နည်းလမ်းအချို့ကို အကြံပြုချက်အနေနဲ့ တင်ပြလိုပါတယ်။

အခြားသော ဒီမိုကရေစီ နိုင်ငံများမှာ ဖွဲ့စည်းထူထောင်လေ့ရှိတဲ့ ကော်မရှင်တွေကို အမျိုးအစား နှစ်ခု ခွဲခြားနိုင်ပါတယ်။ တစ်မျိုးက အထက်မှာတင်ပြခဲ့တဲ့ မြန်မာနိုင်ငံရှိ ကော်မရှင်များအတိုင်း ဥပဒေတစ်ခုခုရဲ့ လုပ်ငန်း အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နောက်တစ်မျိုးမှာ အာဏာရအစိုးရကိုယ်စား သို့မဟုတ် နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ကိုယ်စား အရေးကြီးကိစ္စတစ်ခုခုကို ဖြေရှင်းဖို့ ဒါမှမဟုတ် ဆောင်ရွက်ဖို့အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်က တိုက်ရိုက်ခန့်အပ်တဲ့ ကော်မရှင် ဖြစ်ပါတယ်။ (ဥပမာ ယူကေနိုင်ငံရှိ တော်ဝင်ကော်မရှင်များ၊ အမေရိကန်နိုင်ငံရှိ သမ္မတက စေခိုင်းသော ကော်မရှင်များပုံစံ ဖြစ်ပါတယ်။) ဤနည်းလမ်းဖြင့် ထိုအဖွဲ့အစည်းများဟာ လက်ရှိ အာဏာရအစိုးရတစ်ရပ်ကိုသာ တာဝန်ခံရမှာဖြစ်ပြီး လွှတ်တော်ကသာ ဆောင်ရွက်ရမည်ဖြစ်သော ဥပဒေပြုရေး ကိစ္စများကို ဝင်ရောက်ပါဝင်ဖို့ မလိုတော့ပါဘူး။ မကြာသေးခင်က မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဦးဆောင် ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီအနေနဲ့ ကော်မရှင်များဖွဲ့စည်းခွင့်ကို ခွင့်ပြုထားတဲ့ အခြေခံဥပဒေပုဒ်မတွေကို ပယ်ဖျက်ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ပါတယ်။ အဲဒီလို ပယ်ဖျက်လိုက်ရင်လည်း လွှတ်တော်အနေဖြင့် ဥပဒေတစ်ခုခုကို လေ့လာဆန်းစစ်တဲ့အခါ ဒါမှမဟုတ် အစိုးရရဲ့စွမ်းဆောင်ရည်ကို စောင့်ကြပ်ကြည့်ရှုတဲ့အခါတွေမှာ အစိုးရပြင်ပမှ လူပုဂ္ဂိုလ်များကို ကြားနာစစ်ဆေးခြင်း ၊ အကြံဉာဏ်တောင်းခံခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်စွမ်း ရှိရပါမည်။ လွှတ်တော်ကော်မတီတွေဟာ သက်ဆိုင်ရာဘာသာရပ်တစ်ခုခုရဲ့ ကျွမ်းကျင်ပညာရှင်တွေ ဒါမှမဟုတ် အများပြည်သူတွေကို မိမိတို့အတွက် လိုအပ်သည့်အချက်အလက်များ တောင်းခံရန်ရှိပါက လွှတ်တော်သို့ ဆင့်ခေါ်ပြီး ခေါ်ယူတိုင်ပင်နိုင်ပါတယ်။ ကြားနားပွဲတွေ ပြုလုပ်နိုင်ဖို့နဲ့ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန်အတွက် ရှင်းလင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို ထားရှိပေးထားရမှာဖြစ်ပါတယ်။ ဤနည်းလမ်းဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြင်ပမှ အကူအညီတစ်ခုခု လိုအပ်တဲ့ အခါတိုင်း အထူးကော်မရှင်များ သို့မဟုတ် အုပ်စုများဖွဲ့စည်းရန် လိုအပ်တယ်လို့ ယူဆနေတာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော်ကော်မတီတစ်ခုက ကြားနာမှု တစ်ခုခု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုရင် စီးပွားရေးနယ်ပယ်နဲ့အရပ်ဘက်လူ့အဖွဲ့အစည်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များကို ကော်မတီရှေ့မှာ လာရောက်ဖြေကြားပေးဖို့ ဖိတ်ခေါ်နိုင်ပါတယ်။ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရတဲ့ လွှတ်တော်ကော်မတီများဟာလည်း ပြည်သူလူထုရဲ့ စောင့်ကြပ်လေ့လာမှုကို အပြည့်အဝခံယူရမှာ ဖြစ်ပါတယ်။ ကြားနာပွဲတွေအားလုံးကို လွှတ်တော် အင်တာနက်စာမျက်နှာများတွင် ဖော်ထုတ်တင်ပြထားခြင်း၊ အလွယ်တကူ ဖတ်ရှုနိုင်သော ပုံစံများဖြင့် ဖော်ပြထားခြင်း၊ အကယ်၍ နည်းပညာပိုင်းတွင် အဆင်ပြေပါက တိုက်ရိုက်ထုတ်လွှင့်ပြသမှုများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကော်မတီတွေဟာ လွှတ်တော်ရဲ့အလွန်အရေးကြီးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်။ လွှတ်တော်ကို ဥပဒေကြမ်းတင်သွင်းခြင်းမပြုမီ အားလုံးသောအချက်အလက်များကိုစဉ်းစားခြင်း၊ ရည်ရွယ်ချက်ကောင်းမွန်တယ်လို့ ယူဆရတဲ့ ဥပဒေတစ်ခုရဲ့ ရည်ရွယ်မထားတဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် လွှတ်တော်ကော်မတီတွေက ဆောင်ရွက်ပေးရမည့် တာဝန်ရှိပါတယ်။ဒီလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီများကိုယ်စား လိုအပ်တဲ့ သုတေသနလုပ်ငန်းနဲ့ အကြံဉာဏ်တောင်းခံခြင်းတို့ကို ဆောင်ရွက်နိုင်ဖို့အတွက် ရန်ပုံငွေနှင့်လူသားအရင်းအမြစ်များလည်း ရှိဖို့လိုအပ်ပါတယ်။ ဒီလိုနေရာတွေမှာ ငွေအနည်းငယ် ပိုမိုသုံးစွဲလိုက်ခြင်းဖြင့် အလျင်အမြန်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတစ်ခုကနေပြီး ပေါ်ပေါက်လာမည့် ကုန်ကျစရိတ်တွေကြောင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးရမှုများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်းတာဝန်တွေ ထပ်မနေစေဖို့အတွက် လက်ရှိ လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရန် လိုအပ်နေပြီဖြစ်တာကိုလည်း အသိအမှတ်ပြုလက်ခံဖို့လိုနေပါပြီ။ ဥပမာ ယူကေနိုင်ငံမှာ အောက်လွှတ်တော် (House of Commons)က အစိုးရဝန်ကြီးဌာနတွေအလိုက် ကော်မတီများဖွဲ့စည်းလေ့ရှိပြီး အစိုးရရဲ့လုပ်ငန်း ဆောင်ရွက်ချက်တွေကို စောင့်ကြပ်ကြည့်ရှုကြပါတယ်။ အထက်လွှတ်တော် (House of Lords) ကတော့ ကော်မတီ အနည်းငယ်ကိုပဲ ဖွဲ့စည်းကြပြီး အဲဒီကော်မတီတွေကလည်း အရေးကြီးတဲ့ ကိစ္စရပ်တွေကိုသာ သီးသန့်စောင့်ကြပ်ကြည့်ရှုကြပါတယ်။ ဥပမာ စီးပွားရေးရာကော်မတီလို အစိုးရကို မဟာဗျူဟာမြောက် အကြံဉာဏ်များပေးအပ်တဲ့ ကော်မတီတွေကိုသာ ဖွဲ့စည်းပါတယ်။ မတူကွဲပြားတဲ့ ကော်မတီတွေရဲ့ တာဝန်နှင့်ဝတ္တရားများကို ရှင်းလင်းစွာ ဖော်ပြထားခြင်းဖြင့် အလုပ်များထပ်နေခြင်းကို ရှောင်ရှားနိုင်ပြီး ဒီမိုကရေစီနည်းလမ်းအရ တာဝန်ခံမှုကိုလည်း တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။ဥပမာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးမှာ ပညာရေးမြှင့်တင်မှုကော်မတီရှိနေပြီး၊ကော်မတီနှစ်ခုက လုပ်ငန်းတာဝန်ကွဲပြားစွာ ဘယ်လိုဆောင်ရွက်နေကြတယ်ဆိုတာကိုမူ ဘယ်သူမှမသိနိုင်ချေ။

အစိုးရတစ်ရပ်က ကော်မရှင်များ ဖွဲ့စည်းတည်ထောင်ပေးမည်ဆိုပါကလည်း သက်ဆိုင်ရာဥပဒေအရ ဖွဲ့စည်းသင့်ပါတယ်။ (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခြင်းမျိုးကို ဆိုလိုပါတယ်။) သို့မှသာ ထိုကဲ့သို့ ကော်မရှင်တစ်ရပ် မပေါ်ပေါက်မီကတည်းကပင် ထိုကော်မရှင်နှင့် သက်ဆိုင်သော အချက်အလက်များကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်း ခံထားရသော လွှတ်တော်၏ လေ့လာသုံးသပ် အတည်ပြုချက်ကို ရယူနိုင်မှာဖြစ်ပါတယ်။အုပ်ချုပ်ရေးမဏ္ဍိုင်မှ အခြေခံဥပဒေအရ ဒါမှမဟုတ် ဥပဒေတစ်ခုခုအရမဟုတ်ဘဲ သီးခြားကော်မရှင်တစ်ရပ်ကို တိုက်ရိုက်ခန့်အပ်လိုပါကလည်း ( ယူကေနှင့် အမေရိကန်နိုင်ငံတို့ရှိ တော်ဝင် နှင့် သမ္မတ ကော်မရှင်တို့ကဲ့သို့ ) ထိုသို့ခန့်အပ်ရန်အတွက် အရေးပေါ်လိုအပ်သော အခြေအနေ သို့မဟုတ် အလွန်အရေးကြီးသော အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်ကြောင်း ထင်ရှားစွာ ပြသနိုင်သော အခြေအနေမျိုးတွင်သာ ကော်မရှင်ကို ဖွဲ့စည်းနိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ ထို့ပြင် ထိုကော်မရှင်၏ လုပ်ငန်းတာဝန်သည်လည်း အချိန်ကာလ အကန့်အသတ် (ဥပမာ သုံးလ မှ ခြောက်လ အများဆုံး)ဖြင့်သာ ဖွဲ့စည်းရမှာဖြစ်ပြီး အများပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရမှာ ဖြစ်ပါတယ်။ (ဆိုလိုတာက အများပြည်သူနဲ့ သတင်းစာတွေက ထိုကော်မရှင် ကျင်းပသည့် အစည်းအဝေးတိုင်းတွင် တက်ရောက်နားထောင်ခွင့် ရရှိရမည် ဖြစ်သည်။) ကော်မရှင်တွေကို ဖွဲ့စည်းတည်ထောင်တဲ့အခါမှာလည်း ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များ ခန့်အပ်ရာမှာ ပွင့်လင်းမြင်သာတဲ့ လုပ်ထုံးလုပ်နည်းများဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရမှာဖြစ်ပြီး ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်စွမ်းရှိသော အရည်အချင်းနှင့်အတွေ့အကြုံများအပေါ်တွင်သာ အခြေခံရမှာဖြစ်ပါတယ်။ အကောင်းဆုံးမှာ ဥက္ကဋ္ဌကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးထဲမှ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ သို့မှသာ အာဏာရအစိုးရအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးကို ချီးမြှောက်လိုတာကြောင့် ဒါမှမဟုတ် အခွင့်ထူးပေးလိုတာကြောင့် ရာထူးအာဏာပေးအပ်သည်ဆိုသော စွပ်စွဲချက်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးသမားအားလုံးနဲ့ နိုင်ငံသားတွေကလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရများက ကော်မရှင်များ၊ အထူးလုပ်ငန်းအဖွဲ့များ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းတဲ့အခါမှာ ကျင့်သုံးလေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းများကို နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့သော အဖွဲ့အစည်းများက အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း မပြုနိုင်ရန် အချိန်ဆွဲခြင်း၊ သို့မဟုတ် နိုင်ငံခေါင်းဆောင် သို့မဟုတ် အာဏာရပါတီအပေါ် ဝေဖန်မှုများကို ရှောင်ရှားနိုင်ရန်အတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးချခြင်း သို့မဟုတ် အစိုးရမဟာမိတ် တစ်ဦးဦးအား ရာထူးနေရာ ဖန်တီးပေးသည့်သဘော မဖြစ်ရပါ။ ဒီမိုကရေစီ နိုင်ငံတိုင်းရှိ ပြည်သူများ၏ တာဝန်မှာ ထိုကဲ့သို့ ကော်မရှင်များ ဖွဲ့စည်းရသည့်အကြောင်းရင်း လိုလားချက်များကို မေးခွန်းထုတ်ဖို့ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရလျှင် ကော်မတီနှင့် ကော်မရှင်တွေဟာ တိကျရှင်းလင်းသော လုပ်ငန်းတာဝန်တွေလည်း ရှိရမှာဖြစ်ပြီး၊ ဒီမိုကရေစီနည်းလမ်းအရ တာဝန်ခံမှု ရှိသည်ဆိုလျှင် ဥပဒေများကို တိုးတက်စေရန်နှင့် အစိုးရကို တာဝန်ခံမှု ရှိစေရန် စောင့်ကြပ်လေ့လာသည့်နေရာတွင် အသုံးဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆိုပါယန္တရားများက အများပြည်သူရဲ့ အကျိုးစီးပွားဖြစ်ထွန်းလာစေရေးကို ဦးတည်နိုင်မည့်လမ်းကြောင်းများကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဥပမာတွေကို လေ့လာခြင်းအားဖြင့်လည်း ဒီမိုကရေစီနိုင်ငံကြီးအချို့မှာ အလုပ်ဖြစ်နေတဲ့ လုပ်ထုံးလုပ်နည်းများကို သိမြင်စေနိုင်ပါတယ်။

ပေါလ် တေလာ ရေးသားသည်။