Posted in ဥပဒေရေးရာ သုတေသန on Sep 01, 2020
ဥပဒေကြမ်းကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက တင်သွင်းလာတာဖြစ်ပြီး ဥပဒေအသက်ဝင်တဲ့နေ့ နောက်ပိုင်းမှာ စတင်ခန့်အပ်မယ့် ဝန်ထမ်းတွေ နဲ့ ဥပဒေအသက်ဝင်ချိန် ပင်စင်အကျိုးခံစားခွင့် မရှိသေးတဲ့ လုပ်သက် (၁၀) နှစ်အောက် ဝန်ထမ်းတွေနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။ လုပ်သက် (၁၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းတွေကတော့ အငြိမ်းစားအကျိုးခံစားခွင့်ကို လက်ရှိပင်စင်စနစ်ဟောင်းအတိုင်း ဆက်လက်ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဆိုတာဟာ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပုံမှန်ထည့်ဝင်ငွေတွေကို ရင်းနှီးမြှုပ်နှံမှုငွေအဖြစ် စီစဉ်ထားတာ ဖြစ်ပြီး အနားယူတဲ့အခါ ပင်စင်အကျိုးခံစားခွင့်ပုံစံနဲ့ ခံစားစေတာ ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ ဝန်ထမ်းနောင်ရေးရန်ပုံငွေဟာ တစ်ဦးချင်းစီရဲ့ စုငွေအကောင့်ဖြစ်ပြီး စျေးကွက်အတက်အကျတွေကြောင့် ဘယ်လောက်ထိ အကျိုးခံစားခွင့်ရှိနိုင်သလဲဆိုတာကို ပင်စင်ယူချိန်အထိ သိရှိနိုင်ခြင်း မရှိပါဘူး။
အခုဆန်းစစ်မှုမှာတော့ ဥပဒေကြမ်းရဲ့ အားနည်းချက်တွေကို လေ့လာဖော်ပြသွားမှာ ဖြစ်ပါတယ်။
တပ်မတော်သားတွေရဲ့ ပင်စင်ဟာ အရပ်ဘက်ကြီးကြပ်မှုအောက်က ကင်းလွတ်နေဆဲ
ဥပဒေနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေကို ပုဒ်မ ၃(ဃ) မှာ ဖော်ပြထားပါတယ်။ အစိုးရဝန်ကြီးဌာနတွေ၊ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေ နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ဟာ ဒီဥပဒေပါ ကိစ္စရပ်တွေနဲ့ အကျုံးမဝင်ဘူးလို့ ဆိုထားပါတယ်။
အလားတူပြဋ္ဌာန်းချက်ကို နိုင်ငံ့ဝန်ထမ်းဥပဒေ (၂၀၁၃) မှာလည်း တွေ့နိုင်ပြီး "ဝန်ထမ်း" ဆိုတဲ့ စကားရပ်ကို ဖွင့်ဆိုရာမှာ "တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်း မရှိစေ" လို့ ဆိုပါတယ်။
ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၀(ခ) “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်" ကြောင့်လို့ ဆိုနိုင်စရာ ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်ကို ၎င်းရဲ့ ကိစ္စရပ်တွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပိုင်ခွင့် ပေးထားပေမယ့်လည်း လွှတ်တော်ရဲ့ ကြီးကြပ်မှုနဲ့ ဥပဒေပြုပိုင်ခွင့်ကိုတော့ မတားမြစ်သင့်ပါဘူး။ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းမှာ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေး ဥပဒေ" ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၄ အရ ပြဋ္ဌာန်းပေးခဲ့တာကို တွေ့နိုင်ပါတယ်။ အဆိုပါ ဥပဒေအရဆိုရင် နိုင်ငံတော်ကနေ မသန်မစွမ်းဖြစ်သွားတဲ့ တပ်မတော်သားတွေ၊ သေဆုံးသွားတဲ့ တပ်မတော်သားတွေရဲ့ မိသားစုတွေအတွက် ခြံမြေ၊ နေထိုင်ရန် အိမ် နဲ့ တိုက်ခန်း ကို စီစဉ်ပေးရပါတယ်။
ဥပဒေကြမ်းထဲမှာ တပ်မတော်ကို ဖယ်ထုတ်ထားခြင်းက မြန်မာ့တပ်မတော်ရဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေအပေါ် လွှတ်တော်ရဲ့ ကြီးကြပ်မှု အားနည်းနေခြင်းကို ပိုထင်ရှားစေပါတယ်။ လက်ရှိမှာဆိုရင် တပ်မတော်သားတွေရဲ့ သက်ပြည့်ပင်စင်၊ အငြိမ်းစားခံစားခွင့်၊ ကျန်းမာရေးအာမခံ စတဲ့ လူမှုလုံခြုံရေးကွန်ယက်တွေအတွက် တပ်မတော်အက်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ လူမှုဖူလုံရေးဥပဒေတွေမှာ ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒါက စိုးရိမ်စရာ နှစ်ခုကို ဖြစ်စေပါတယ် -
- (၁) တပ်မတော်ရဲ့ ပင်စင် နဲ့ အကျိုးခံစားခွင့်နဲ့ စပ်လျဉ်းတဲ့ ဥပဒေမူကြမ်းတွေကို လွှတ်တော်အနေနဲ့ ပြန်လည်သုံးသပ် စစ်ဆေးဖို့ အခွင့်အရေး မရှိတော့ပါဘူး။ အကျိုးဆက်အနေနဲ့ အရပ်ဘက်ကြီးကြပ်မှုကနေ ကင်းလွတ်နေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်သူ့ဘဏ္ဍာငွေထဲကနေ ကျခံနေရတဲ့ ပင်စင်စရိတ်တွေကို တပ်မတော်သားတွေအနေနဲ့ ဘယ်လောက် အတိုင်းအတာ ပမာဏနဲ့ ရနေတယ်ဆိုတာကိုလည်း မသိနိုင်တော့ပါဘူး။
- (၂) တပ်မတော်ရဲ့ ပင်စင်အတွက် ဥပဒေပြဋ္ဌာန်းထားခြင်း မရှိတာက တပ်မတော်သားတွေကိုယ်တိုင်အတွက် စိုးရိမ် ကြောင့်ကြမှုတွေ ဖြစ်ပေါ်စေပြီး အကြောင်းရင်းကတော့ အဲ့ဒီအကျိုးခံစားခွင့်တွေ ရရှိပိုင်ခွင့်အတွက် ဥပဒေအရ အာမခံချက် ပျောက်နေတာကြောင့် ဖြစ်ပါတယ်။
စစ်ဘက် နဲ့ အရပ်ဘက် ဝန်ထမ်းတွေအတွက် ပင်စင်တွေကို စီမံရာမှာ သီးခြားလုပ်ဆောင်တာအတွက် အကြောင်းပြချက်ကောင်း ရှိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်ခံရဖို့ အန္တရာယ်များတာကြောင့် တပ်မတော်သားတွေဟာ မတူညီတဲ့ ကာကွယ်မှုတွေကို ရရှိသင့်ပါတယ်။ ဒါပေမယ့် စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေအတွက် ဥပဒေရဲ့ အကာအကွယ်တွေကို တန်းတူ ရရှိရမှာ ဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီပင်စင်စနစ်တွေကို စီမံတာနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကိုလည်း လွှတ်တော်ကြီးကြပ်မှုကတစ်ဆင့် နိုင်ငံသားတွေအနေနဲ့ သိရှိပိုင်ခွင့် ရှိပါတယ်။
တကယ်လို့သာ စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေဟာ လွှတ်တော်ရဲ့ ကြီးကြပ်မှုအောက်က ရှိရမယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်လာခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၂၀(ခ) ပါ "တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး" ဆိုတဲ့ စကားရပ်ကို အနက်ဖွင့်ဆိုနိုင်စေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တာဝန်ပေးသင့်ပါတယ်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဒါရိုက်တာအဖွဲ့
အလုံးစုံတာဝန်ယူကျခံတဲ့ စနစ်ကနေ ရန်ပုံငွေအခြေပြု ခံစားခွင့်ပြုမယ့် စနစ် (အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အောက်တွင် ကြည့်ပါ) ကို ကူးပြောင်းခြင်းဆိုတာက အနားယူမယ့် နိုင်ငံ့ဝန်ထမ်းတွေအတွက် ပင်စင်ကို အထွေထွေအခွန်ကောက်ခံမှုမှ ကျခံတော့မှာ မဟုတ်ဘဲ အစိုးရကနေ ဖွဲ့စည်းပေးမယ့် ဒါရိုက်တာအဖွဲ့က စီမံခန့်ခွဲတဲ့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေခေါ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေထဲကနေ ကျခံသွားမှာကို ဆိုလိုတာ ဖြစ်ပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနဟာ ဒါရိုက်တာအဖွဲ့မှာ ပါဝင်မယ့် အစိုးရကိုယ်စားလှယ်၊ ဝန်ထမ်းကိုယ်စားလှယ် နဲ့ ပြင်ပကျွမ်းကျင်ပညာရှင်တွေရဲ့ အမည်စာရင်းကို အစိုးရအဖွဲ့ထံ တင်ပြရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းဟာ ဝန်ထမ်းကိုယ်စားလှယ် နဲ့ ပြင်ပကျွမ်းကျင်ပညာရှင်တွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပါရှိမထားပါဘူး။
ရန်ပုံငွေအတွက် ထည့်ဝင်ရာမှာ နိုင်ငံတော်ထည့်ဝင်ကြေး ရာခိုင်နှုန်းနဲ့ ဝန်ထမ်းထည့်ဝင်ကြေး ရာခိုင်နှုန်းကို အစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်နဲ့ ဝန်ကြီးဌာနကနေ သတ်မှတ်နိုင်တဲ့အပြင် လိုအပ်ရင်လည်း ပြင်ဆင်သတ်မှတ်နိုင်တယ်လို့ ပုဒ်မ ၉(က) က ဆိုပါတယ်။ ဒီ့အတွက်ကြောင့် ဒါရိုက်တာအဖွဲ့ထဲမှာ ဝန်ထမ်းတွေကို အမှန်ကိုယ်စားပြုနိုင်တဲ့ ဝန်ထမ်းကိုယ်စားလှယ်တွေ ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဥပမာ ဗြိတိန်နိုင်ငံမှာဆိုရင် နိုင်ငံ့ဝန်ထမ်းပင်စင်ဘုတ်အဖွဲ့မှာ နိုင်ငံ့ဝန်ထမ်း အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ဥပဒေကြမ်းမှာ ဝန်ထမ်းကိုယ်စားလှယ်ကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာ ထည့်သွင်းဖော်ပြမထားတဲ့အတွက် အမိန့်နာခံမှု ဒါမှမဟုတ် အစိုးရအပေါ် သစ္စာရှိမှုကို ဦးစားပေး ရွေးချယ်ဖို့ အန္တရာယ် ရှိနေပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကို အမှန်ကိုယ်စားပြုပေးမယ့် မက်လုံး နည်းစေပါတယ်။ ဒါဟာ ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေကို တားဆီးဖို့ ခဲယဉ်းနိုင်စေပါတယ်။
ဒါရိုက်တာအဖွဲ့ဟာ ရန်ပုံငွေတိုးပွားအောင် ငွေတိုက်စာချုပ်တွေ၊ အစုရှယ်ယာတွေဝယ်တာစတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် နဲ့ ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေတွေပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ အတက်အကျ နှစ်မျိုးလုံး ဖြစ်နိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှုက ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖို့ ဘဏ္ဍာရေး၊ စီးပွားရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ခန့်အပ်နိုင်ဖို့ လိုအပ်ပါတယ်။ စီမံခန့်ခွဲစရိတ် ကြီးမြင့်တာကို လျှော့ချဖို့နဲ့ အပြောင်းအလဲကာလ စရိတ်စက ကြီးမားတာကို ရှောင်ကွင်းဖို့အတွက် အတွေ့အကြုံရှိတဲ့ သူတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ပြင်ပကျွမ်းကျင်ပညာရှင်တွေကို ခန့်အပ်ဖို့ ဥပဒေကြမ်းက အရည်အချင်းသတ်မှတ်ရာမှာ ပုဒ်မ ၅(က) ပါ "မြန်မာနိုင်ငံသား ဖြစ်ခြင်း" ဆိုတဲ့အချက်က အရည်အချင်းပြည့်ဝတဲ့ ကျွမ်းကျင်ပညာရှင်တွေကို ရရှိနိုင်ဖို့အတွက် အဟန့်အတား တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါရိုက်တာအဖွဲ့ထဲမှာ ပါရှိမယ့် အစိုးရဝန်ထမ်းတွေ နဲ့ ဝန်ထမ်းကိုယ်စားလှယ်တွေကို အထောက်အကူ ဖြစ်ဖို့ အတွေအကြုံရှိတဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေကို ဘယ်လို ဆွဲဆောင်သင့်တယ် ဆိုတဲ့ အချက်ကို ပြန်လည် စဉ်းစားသင့်ပါတယ်။
အကျိုးစီးပွားပဋိပက္ခကို ကိုင်တွယ်ခြင်း နှင့် အဂတိလိုက်စားမှုကင်းစေခြင်း
ဒါရိုက်တာအဖွဲ့ဝင်ဖြစ်တဲ့ ပြင်ပကျွမ်းကျင်ပညာရှင်တွေဟာ လုပ်ငန်းတာဝန်တွေကို အချိန်ပြည့် ထမ်းဆောင်ရမှာဖြစ်ပြီး အကျိုးစီးပွားဆက်နွယ်တဲ့ အခြားအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်သူ မဖြစ်ရဘူးလို့ ပုဒ်မ ၁၉ က ဆိုထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၆၆ အရ သူနဲ့ သူ့မိသားစုဝင်တွေရဲ့ ငွေကြေး ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းစတဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ဝန်ကြီးဌာနကို တင်ပြထားရမှာ ဖြစ်ပါတယ်။ 'အကျိုးစီးပွားမှတ်ပုံတင်ခြင်း' (register of interests) လို့ အများသိကြတဲ့ ဒီအချက်ဟာ အကျိုးစီးပွားဆက်နွယ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ထည့်သွင်းထားတဲ့ ပြဋ္ဌာန်းချက်ကောင်းတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အဂတိတရားတွေကို ကြိုတင်တားဆီးနိုင်စေပါတယ်။ အလားတူ ပြဋ္ဌာန်းချက်မျိုးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (၂၀၁၃) မှာလည်း ဗဟိုဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့နဲ့ ပတ်သက်လို့ ထည့်သွင်းထားတာမျိုး ရှိပါတယ်။
အထက်ပါပြဋ္ဌာန်းချက်ဟာ ပင်စင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒါရိုက်တာအဖွဲ့ရဲ့ အတွင်းရေးမှူးလို အခြားဒါရိုက်တာအဖွဲ့ဝင်တွေ ဒါမှမဟုတ် အစိုးရက ခန့်အပ်မယ့် အဖွဲ့ဝင်တွေအတွက် ဥပဒေကြမ်းထဲမှာ အကျုံးဝင်ပုံ မရပါဘူး။ ဒီလို အကျိုးစီးပွားပဋိပက္ခကို ကိုင်တွယ်ခြင်းအတွက် ထည့်သွင်းထားတဲ့ ပြဋ္ဌာန်းချက်ကနေ အစိုးရကိုယ်စားလှယ်တွေက ဘာကြောင့် ကင်းလွတ်နေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဒီအချက်ကို ပြန်လည် စဉ်းစားသင့်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ နေရာကို ရယူထားသူတွေဟာ ၎င်းတို့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ပွင့်လင်းမြင်သာရှိရမှာ ဖြစ်ပြီး ဒါမှလည်း ၎င်းတို့ ဒါမှမဟုတ် ၎င်းတို့ရဲ့ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် မျှတမှု ကင်းမဲ့စွာ အကျိုးစီးပွားရှာဖွေခြင်းကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ အကျိုးစီးပွားပဋိပက္ခတွေအတွက် ပွင့်လင်းမြင်သာမှု နည်းပါးခြင်းဟာ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတွေမှာ အဓိက တွေ့နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ နောက်ပြီး ဒီလို အကျိုးစီးပွားဆိုင်ရာဆက်နွယ်မှုတွေဖြစ်တဲ့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုဆိုင်ရာတွေနဲ့ ပတ်သက်ရင် ဒါရိုက်တာအဖွဲ့ရဲ့ ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းမှာတင် လမ်းဆုံးမသွားသင့်ဘဲ ကျူးလွန်မှုတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့အတွက် ဥပဒေထဲမှာ ရေးဆွဲပြဋ္ဌာန်းထားသင့်ပါတယ်။
ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက် ရပိုင်ခွင့် နဲ့ အချက်အလက် ကာကွယ်မှု
အတွင်းရေးမှူးရုံးက ဒါရိုက်တာအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဗဟိုရန်ပုံငွေဆိုင်ရာ စီမံခန့်ခွဲမှု၊ ရင်းနှီးမြှပ်နှံမှုနဲ့ လက်ကျန်ရှင်းတမ်းဆိုင်ရာ စာရင်းအချက်အလက် စုဆောင်းခြင်း၊ တွက်ချက်ခြင်း၊ ထုတ်ပြန်ခြင်းပြုနိုင်ဖို့ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် ထူထောင်ခြင်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗဟိုရန်ပုံငွေနဲ့ စပ်လျဉ်းပြီး ထုတ်ပြန်သင့်တဲ့ စာရင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ဥပဒေကြမ်းထဲမှာ ဆိုထားပါတယ်။ ဒါဟာ (နိုင်ငံသားစိစစ်ရေးနံပါတ် ဒါမှမဟုတ် နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ထည့်ဝင်မှုပမာဏလို) ပုဂ္ဂလိကဆိုင်ရာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်က လွဲပြီး အများဆိုင်ရာ သတင်းအချက်အလက်ကို ချပြရမယ်ဆိုတဲ့ နိုင်ငံတကာကျင့်သုံးမှု၊ ပွင့်လင်းဘတ်ဂျက်စံနှုန်းတွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
နောက်ပြီး ဥပဒေကြမ်းထဲပါရှိတဲ့ "လျှို့ဝှက်ထိန်းသိမ်းထားရမည့် အချက်အလက်များမှတပါး" ဆိုတဲ့ စကားရပ်ဟာလည်း ဝေဝါးနေပြီး အဓိပ္ပာယ်မျိုးစုံဖွင့်ဆိုနိုင်တာကြောင့် ပြဿနာ ထပ်ဆင့် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ထုတ်ပြန်သင့်တဲ့ အချက်အလက်တွေဖြစ်တဲ့ နိုင်ငံတော်ထည့်ဝင်ကြေး၊ ဝန်ထမ်းထည့်ဝင်ကြေး၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အချက်အလက်၊ နှစ်စဉ် အရှုံးအမြတ်ရှင်းတမ်း၊ ဒါရိုက်တာအဖွဲ့နဲ့ သူတို့က ဖွဲ့စည်းလာနိုင်တဲ့ ကော်မတီဝင်တွေရဲ့ လစာ၊ စရိတ်၊ အကျိုးခံစားခွင့်တွေအပါအဝင် စာရင်းစစ်အစီရင်ခံစာစတဲ့ အများပြည်သူ သိကိုသိသင့်တဲ့ အချက်အလက်တွေကို အများပြည်သူ သိရှိစေဖို့ တာဝန်ခံကော်မတီခွဲတစ်ရပ်ရပ်က မဖြစ်မနေ ထုတ်ပြန်ရမယ်ဆိုတဲ့အချက်မျိုးကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘယ်လို ပုဂ္ဂလိကဆိုင်ရာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်နေစေသင့်ပါတယ်။
ထည့်ဝင်မှု ပျက်ကွက်တာအတွက် အရေးယူရန် နည်းလမ်းများ
နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ ဗဟိုရန်ပုံငွေအဖွဲ့ဝင်တွေဟာ ရန်ပုံငွေထည့်ဝင်ကြေးကို လစဉ် ထည့်ဝင်ရမှာ ဖြစ်ပြီး အငြိမ်းစားအကျိုးခံစားခွင့် အပြည့်အဝ ရရှိဖို့ အနည်းဆုံး ၁၅ နှစ် ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ထည့်ဝင်ဖို့ ပျက်ကွက်ရင် အရေးယူခံရမှာ ဖြစ်ပြီး အရေးယူရမည့် နည်းလမ်းတွေကိုတော့ ဝန်ကြီးဌာနက သတ်မှတ်ပေးရမယ်လို့ ပုဒ်မ ၉(င) က ဆိုထားပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ထည့်ဝင်မှု ပျက်ကွက်တာအတွက် အပြစ်ပေးဖို့ နည်းလမ်းတွေဟာ လစာနည်းပါးပြီး နေ့စဉ်လူနေမှုစရိတ်ကို အမီလိုက်နေရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ထိခိုက်နစ်နာမှု မရှိစေရပါဘူး။
ပြင်ပဝန်ထမ်းစည်းကမ်းချက်တွေနဲ့ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ရင်တော့ ၄င်းတို့ကို ခေါ်ယူတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းကနေ နိုင်ငံတော်ထည့်ဝင်ကြးအတွက် သတ်မှတ်ချက်အတိုင်း ထည့်ဝင်ရမှာဖြစ်ပြီး မထည့်ဝင်ခဲ့ရင် ဝန်ထမ်းကိုယ်တိုင် နိုင်ငံတော်နဲ့ဝန်ထမ်းထည့်ဝင်ကြေးအတွက်ပါ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ထည့်ဝင်ဖို့ ပျက်ကွက်ရင် သတ်မှတ်ချက်နဲ့အညီ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဆိုတဲ့ စကားရပ်ရဲ့ ရှင်းလင်းမှုမရှိတဲ့ အားနည်းချက် ရှိနေပါတယ်။ အဲဒီစကားရပ်နဲ့ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေဟာ အချိန်ကာလ အကန့်အသတ်တွေနဲ့ ခန့်အပ် တာဝန်ပေးခြင်းမျိုးတွေ ရှိနေနိုင်ပြီး နိုင်ငံဝန်ထမ်းတွေနဲ့ လစာ၊ စရိတ်နဲ့ ခံစားခွင့်တွေလည်း ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ဒီ့အတွက် အဲဒီ ဝန်ထမ်းတွေကို ထည့်ဝင်ကြေး မဖြစ်မနေ ထည့်ဝင်ဖို့အတွက် သတ်မှတ်ဖို့ လိုအပ် မလိုအပ် စဉ်းစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ထည့်ဝင်မှုကို ရှောင်ရှားဖို့အတွက် အစိုးရဌာနတွေဟာ ပြင်ပဝန်ထမ်းစည်းကမ်းချက်တွေနဲ့ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း ဆိုတဲ့ စကားရပ်ကို အသုံးချလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
ကာလရှည်တာဝန်ထမ်းဆောင်ခြင်းကိုသာ ချီးမြှင့်ခြင်းရဲ့ အားနည်းချက်များ
ထုံးစံအရပြောရင် ပင်စင်ဆိုတာ အကျိုးခံစားခွင့်တွေကို ရယူဖို့အတွက် ရှည်ကြာတဲ့ တာဝန်ထမ်းဆောင်ခြင်းကို လိုအပ်တာကြောင့် သစ္စာရှိမှု နဲ့ ကာလရှည်တာဝန်ထမ်းဆောင်ခြင်းကို ဖြစ်ပေါ်စေပါတယ် (ဒီဥပဒေကြမ်းမှာတော့ ၁၅ နှစ်) ။ ဒါပေမယ့် အစိုးရဌာနတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို တိုးတက်ဖို့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရချိန် နဲ့ အစိုးရဝန်ကြီးဌာနတွေမှာ ဆန်းသစ်မှုတွေ၊ အကြံဉာဏ်သစ်တွေ နည်းပါးနေချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေကို ကာလအတိုင်းအတာတစ်ခုထိ အဖွဲ့အစည်းတစ်ခုထဲမှာပဲ ဆက်ရှိနေစေဖို့ အားပေးတာက ကောင်းတဲ့အချက် ဟုတ်မဟုတ် ဆိုတာကို မေးခွန်းထုတ်ရပါမယ်။ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာအဖွဲ့အစည်း နဲ့ ပရဟိတအဖွဲ့အစည်းတွေကနေ ရရှိလာတဲ့ အတွေ့အကြုံအမျိုးမျိုးကို ကိုယ်စားပြုတဲ့ အစိုးရဝန်ထမ်းအင်အားကသာလျှင် အဖွဲ့အစည်းတစ်ခုမှာ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ သူတွေထက် ပိုပြီး ကျွမ်းကျင်မှု နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်မှုတွေ ရှိနိုင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဘဝကို စွန့်ခွာသွားတဲ့ သူတစ်ဦးချင်းစီကို အဆိုပါပင်စင်စနစ်မှာ ဆက်ရှိနိုင်စေဖို့ လမ်းဖွင့်ပေးခြင်းအားဖြင့် ပိုကျယ်ပြန့်တဲ့ အလုပ်အကိုင်အတွေ့အကြုံတွေကို အားပေးမြှင့်တင်တဲ့ ပင်စင်စနစ်ကသာ ပိုပြီး လိုလားစရာ ကောင်းပါတယ်။
ပင်စင် - ထည့်ဝင်မှု ပြုလုပ်ပုံ နဲ့ ငွေကိုင်တွယ်/ရင်းနှီးမြှုပ်နှံပုံအပေါ် မူတည်ပြီး အသုံးများတဲ့ ပင်စင်ဆိုင်ရာ အသုံးအနှုန်းများ
ထည့်ဝင်မှုအပေါ် မူတည်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလုံးစုံတာဝန်ယူကျခံတဲ့ စနစ် (Defined benefit scheme)– တစ်နှစ်တာဝန်ထမ်းဆောင်ချိန် ရရှိတဲ့ လစာရဲ့ ပမာနှုန်းထားတစ်ရပ် ဒါမှမဟုတ် လစာရဲ့ ရာခိုင်နှုန်းတစ်ရပ် ဒါမှမဟုတ် တာဝန်ထမ်းဆောင်တဲ့ နှစ်တွေအပေါ် တွက်ချက်တဲ့ ရာခိုင်နှုန်းတစ်ရပ် စတဲ့ ပုံသေနည်းတွေကို သုံးကာ အကျိုးခံစားခွင့်ပမာဏကို တွက်ချက်ပြီး တိကျတဲ့ အကျိုးခံစားခွင့်ပေးတဲ့ ပင်စင်စနစ် ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းနဲ့ပတ်သက်လာရင် ဝန်ထမ်းတွေဟာ အဲ့ဒီစနစ်ထဲ အကျုံးဝင်စေဖို့အတွက် ၎င်းတို့လစာထဲမှ ပုံမှန် ထည့်ဝင်မှု ပြုလုပ်ဖို့ ရံဖန်ရံခါ လိုအပ်တတ်ပါတယ်။
ရန်ပုံငွေအခြေပြု ခံစားခွင့်ပြုမယ့် စနစ် (Defined contribution scheme)– အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်လုံးက ထည့်ဝင်မှု ပြုလုပ်ရပြီး စုဆောင်းငွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီထည့်ဝင်ငွေတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့ ရန်ပုံငွေထဲ ရောက်သွားပြီး ရန်ပုံငွေကိုတော့ အစိုးရ ဒါမှမဟုတ် ပုဂ္ဂလိက ကဏ္ဍထဲက ပင်စင်ဝန်ဆောင်မှု ပေးသူက စီမံခန့်ခွဲပါတယ်။ အနားယူပြီး ရရှိတဲ့ ပင်စင်အကျိုးခံစားခွင့်တွေဟာ ရင်းနှီးမြှုပ်နှံမှုကနေ ပေါ်ထွက်လာတဲ့ အကျိုးအမြတ်အပေါ် မူတည်တာကြောင့် ပင်စင်အတွက် အာမခံထားတဲ့ သတ်မှတ်ချက်အဆင့် မရှိပါဘူး။
ရန်ပုံငွေအပေါ် မူတည်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
ရန်ပုံငွေအခြေပြု ပင်စင် (Funded pensions)– ပင်စင်အကျိုးခံစားခွင့်ပမာဏဟာ ဝန်ထမ်းရဲ့ အလုပ်လုပ်စဉ်တစ်လျှောက် ထည့်ဝင်ကြတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ အမှန်ထည့်ဝင်မှုအပေါ် အခြေခံပါတယ်။ အနားယူပြီးနောက် ခံစားရမယ့် အကျိုးခံစားခွင့် အတိုင်းအတာဟာ ရင်းနှီးမြှုပ်နှံမှုရဲ့ ရလဒ်အပေါ် တည်ပြီး အတက်အကျ ဖြစ်နိုင်ပါတယ်။
ရန်ပုံငွေအခြေမပြု ပင်စင် (Unfunded pensions)– ပင်စင်အကျိုးခံစားခွင့်ဟာ ရန်ပုံငွေအနေနဲ့ တည်ရှိနေတာမဟုတ်ဘဲ အလုပ်ရှင်ရဲ့ တာဝန် ဒါမှမဟုတ် ကတိတစ်ခုပုံစံနဲ့ ရှိနေတာ ဖြစ်ပါတယ် (များသောအားဖြင့် အဲ့ဒီလို ပင်စင်စနစ်ကို နိုင်ငံတော် ဒါမှမဟုတ် ပုဂ္ဂလိကကဏ္ဍကနေ လုပ်ဆောင်ဖို့ ဥပဒေအရ ခွင့်မပြုထားပါဘူး) ။ နိုင်ငံ့ဝန်ထမ်းနဲ့ပတ်သက်လာရင် ဒါဟာ အထွေထွေအခွန်ကောက်ခံမှုကနေ ကျခံတယ်လို့ ဆိုလိုပါတယ်။
သမိုင်းကြောင်းအရတော့ အစိုးရပင်စင်တွေဟာ ရန်ပုံငွေအခြေမပြုတဲ့ အလုံးစုံတာဝန်ကျခံတဲ့ စနစ် ဖြစ်တတ်ကြပါတယ်။ အသက်ကြီးလာပြီး စွမ်းဆောင်ရည်နိမ့်ကျလာတဲ့ ဝန်ထမ်းတွေကို အနားယူဖို့ နဲ့ ငယ်ရွယ်တဲ့ လုပ်သားအင်အားကို ဆွဲဆောင်ဖို့ မူလက ရည်ရွယ်ခဲ့ပြီး နိုင်ငံတော်တော်များများမှာတော့ ပုဂ္ဂလိကကဏ္ဍထက် လစာနိမ့်ပါးတဲ့ အစိုးရအလုပ်ရဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်အဖြစ် ရှုမြင်ကြပါတယ်။ ကောင်းမွန်တဲ့ ပင်စင်စနစ်တစ်ခုဟာ အစိုးရအတွက် ၎င်းရဲ့ ဝန်ထမ်းတွေဆီက သစ္စာရှိမှုကို သေချာစေဖို့အတွက် အကူအညီ ရစေပါတယ်။
ဒါပေမယ့် မျှော်မှန်းလူ့သက်တမ်းမြင့်တက်လာတာကြောင့် အဲ့ဒီလို ပင်စင်ကို ပေးဖို့ဟာ နိုင်ငံများစွာမှာ ကြီးမားတဲ့ ဝန်တစ်ခု ဖြစ်လာပြီး အခွန်တိုးတာ၊ ပြည်သူ့ဝန်ဆောင်မှု လျှော့ချတာ နဲ့ ပင်စင်ယူရမယ့် အသက်ကို မြင့်တာလို လုပ်ဆောင်မှုတွေကို ဆောင်ရွက်ဖို့ အစိုးရကို တွန်းအား ပေးလာနေပါတယ်။ ဒါကြောင့် အစိုးရတွေဟာ ရန်ပုံငွေအခြေပြု ခံစားခွင့်ပြုမယ့် စနစ်ကို ပြောင်းလဲလာပြီး အခွန်ထမ်းပြည်သူတွေရဲ့ ပေးရန်တာဝန် ပြဿနာကို အနားယူဖို့အတွက် ငွေတွေ (real money) ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဖြေရှင်းလာကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်ပါလာတဲ့ အန္တရာယ်တွေနဲ့တော့ ချိန်ဆဖို့ လိုပါတယ်။ ဒီလို အန္တရာယ်တွေကို ကိုင်တွယ်ဖို့ မပြင်ဆင်ထားဘဲ အဆိုပါပြောင်းလဲကျင့်သုံးမှုကို လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီက အတွေ့အကြုံအရဆိုရင် အကူးအပြောင်းဟာ ပြည်သူ့ဘဏ္ဍာကို ကြီးကြီးမားမား ကုန်ကျစေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ စီးပွားရေးအကြပ်အတည်းတွေလို အချိန်ကာလမှာဆိုရင် ပင်စင်ရန်ပုံငွေတွေက အကျိုးအမြတ်အလွန်နည်းပါးစေနိုင်ပြီး ဒီအချက်က ရန်ပုံငွေတွေကို ကောင်းမွန်ပြီး သတင်းအချက်အလက်တွေ ရရှိနေတဲ့ စီမံခန့်ခွဲမှုတစ်ခုနဲ့ လည်ပတ်နေဖို့ လိုအပ်နေကြောင်း၊ နောက်ပြီး စီမံခန့်ခွဲမှု အဆင့်အတန်းမြင့်မှုနဲ့ လွှတ်တော်ကြီးကြပ်မှုတွေ မဖြစ်မနေ ရှိဖို့ အရေးကြီးကြောင်းကို ပြဆိုနေပါတယ်။
နိဂုံး
ဒီဆောင်းပါးဟာ ဥပဒေကြမ်းမှာ ပါရှိတဲ့ ပြဿနာတွေကို အသေးစိတ်နီးပါး ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ ခြုံပြီးပြောရရင် ရန်ပုံငွေအခြေပြု ခံစားခွင့်ပြုမယ့် စနစ်ဆီ ပြောင်းလဲလိုက်ခြင်းက မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကို ဘယ်လို အကြောင်းပြချက်၊ ဘယ်လို အထောက်အထားတွေပေါ်မှာ အခြေတည်ပြီး ဆွဲလိုက်တယ်ဆိုတာ မရှင်းလင်းပါဘူး။ အစိုးရရဲ့ စဉ်းစားချက်နဲ့ အထောက်အထားတွေဟာ မြင်ကွင်းကနေ ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်ရင် နိုင်ငံတော်တော်များများဟာ ရန်ပုံငွေအခြေပြု ခံစားခွင့်ပြုမယ့် စနစ်ဆီ ပြောင်းလဲမယ်ဆိုတဲ့ ယခင်က ဆုံးဖြတ်ချက်တွေနဲ့ ပြောင်းပြန် ပြန်သွားနေတာကို တွေ့နေရပြီး မလေးရှား နဲ့ စင်ကာပူလို နိုင်ငံတွေမှာဆိုရင် ရင်းနှီးမြှုပ်နှံမှု ကျရှုံးတာ၊ စီမံခန့်ခွဲမှုစရိတ် ကြီးမြင့်တာ၊ ခံစားခွင့်တွေက သင့်တော်မှု မရှိတာ၊ အန္တရာယ်တွေ စုဝေးနေတာနဲ့ အကူးအပြောင်းစရိတ် ကြီးမားတာတွေကို သိသိသာသာ ရင်ဆိုင်နေရပါတယ်။
အခြား အသစ်အသစ်သော ဥပဒေတွေလိုပဲ ဒီဥပဒေကြမ်းဟာဆိုရင် ဖော်ဆောင်မယ့် ပင်စင်စနစ်ပုံစံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး အကြံယူမှု နည်းပါးပါတယ်။ ဒါဟာ ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို အထောက်အထားပေါ် အခြေပြုတဲ့ ဓမ္မဒိဋ္ဌာန်ကျကျ တွက်ဆနိုင်ဖို့ အခွင့်အရေးကို လက်လွတ်သွားစေပါတယ်။ ဆန်းစစ်နိုင်ဖို့ အခွင့်အရေးအစား နိုင်ငံ့ဝန်ထမ်းများစွာကို သိသာတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်တဲ့ အလောတကြီး ရေးဆွဲထားတဲ့ ဥပဒေကြမ်းတစ်ခုသာ ရရှိလာပြီး (လေးနက်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ဒါမှမဟုတ် ကုန်ကျစရိတ်-အကျိုးအတွက် ခွဲခြမ်းစိတ်ဖြာမှု မရှိလှတဲ့) ပြည်သူ့ဘဏ္ဍာကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။
နောက်ဆုံးအနေနဲ့တော့ ပင်စင်စနစ်တစ်ခု နဲ့ ဆက်စပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို စီမံခြင်းဟာ အထူးကျွမ်းကျင်မှုတွေ၊ အားကောင်းတဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေ လိုအပ်ပြီး တကယ်ကို ရှုပ်ထွေးပွေလီလှတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အစိုးရက ဖော်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ပင်စင်စနစ်ဟာ ရှိနှင့်ပြီးသား လူမှုဖူလုံရေးအဖွဲ့နဲ့ ဘယ်လို ပေါင်းစည်းမလဲ ဆိုတဲ့ အချက်အပေါ် ဥပဒေကြမ်းက ဆိုမထားတာဟာ အစိုးရအနေနဲ့ ဝန်ကြီးဌာနကြား ရှုပ်ထွေးနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံမှုတွေကို ကိုင်တွယ်နိုင်တယ်ဆိုတဲ့ အချက်အပေါ် သံသယ ကြီးကြီးမားမား ဝင်စေပါတယ်။ မေးခွန်းထုတ်ရမှာက နိုင်ငံ့ဝန်ထမ်း နဲ့ ပြည်သူတွေဟာ ဒီရှုပ်ထွေးပွေလီလှတဲ့ အလုပ်တစ်ခုအတွက် အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်အပေါ် ယုံကြည်မှု ရှိမရှိ ဆိုတာပဲ ဖြစ်ပါတယ်။ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေက ကြီးမားတာကြောင့် အဖြေသာ 'မရှိဘူး' ဆိုပါက ဒီဥပဒေကြမ်းကို ရပ်တန့်သင့်ပါတယ်။