Posted in ဥပဒေရေးရာ သုတေသန on Nov 04, 2019

ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်အရဆိုရင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ စာပို့တိုက်ကဏ္ဍတွေမှာ စနစ်တကျ ကြီးကြပ်ကွပ်ကဲမယ့် လွတ်လပ်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ဖို့အတွက် ရည်ရွယ်ထားပြီး ပေါ်ထွက်လာမယ့် ဆက်သွယ်ရေးကော်မရှင်ဟာ နည်းပညာနဲ့ ကျွမ်းကျင်မှုကို အခြေခံကာ မျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ဥပဒေနဲ့အညီ ချမှတ်နိုင်ဖို့လို့ ဆိုထားပါတယ်။

ကော်မရှင်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်သမျှ

ကော်မရှင်ဖွဲ့စည်းဖို့ ကော်မရှင်လောင်းရွေးချယ်ရေးကော်မတီကို ဦးစွာ ဖွဲ့စည်းရမှာ ဖြစ်ပြီး ကော်မတီက ကော်မရှင်လောင်းအမည်စာရင်းကို အဆိုပြုလျှောက်လွှာတွေနဲ့ ခေါ်ယူရမှာ ဖြစ်ပါတယ်။ဒါဟာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်နေရာအတွက် ပထမဆုံးသော လျှောက်လွှာခေါ်ယူတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ ကော်မရှင်လောင်း အမည်စာရင်းကို နိုင်ငံတော်သမ္မတဆီ ပေးပို့ရမှာ ဖြစ်ပြီး သမ္မတက အပြီးသတ် ရွေးချယ်ကာ ကော်မရှင်ကို အနည်းဆုံး သုံးဦးကနေ အများဆုံး ငါးဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ကော်မရှင်လောင်းအဖြစ် အမည်တင်သွင်းနိုင်ဖို့အတွက်ကို ဝက်ဘ်ဆိုက်နဲ့ သတင်းမီဒီယာတွေကနေ ခေါ်ယူရမှာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာပြီး၊ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ နိုင်ငံသားတွေ ယှဉ်ပြိုင်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။ ဒီလို ပွင့်လင်းမြင်သာတဲ့ လျှောက်လွှာခေါ်ယူမှုဟာ အခြားဥပဒေတွေအရ နားလည်ရခက်တဲ့ ကော်မတီတွေ ဖွဲ့စည်းခြင်းနဲ့ နှိုင်းယှဉ်ရင်တော့ အပြုသဘောဆောင်တဲ့ တိုးတက်မှု ခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီအချက်မှာ ပုဂ္ဂိုလ်စွဲနဲ့ အခြားအဂတိဆိုင်ရာတွေ ကင်းမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

မူဝါဒပိုင်းဆိုင်ရာနဲ့ တာဝန်ခံမှုအပိုင်း

စိုးရိမ်စရာကောင်းတဲ့အချက်က ကော်မရှင်ဥက္ကဋ္ဌဟာ ပြည်ထောင်စုဝန်ကြီးအဆင့်လို့ ဥပဒေကြမ်းက ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီလိုမျိုး ကော်မရှင်အတွက် ဝန်ကြီးအဆင့် ရာထူးကို ဥပဒေတွေနဲ့ ဖန်တီးတာက မူဝါဒပိုင်းဆိုင်ရာမှာရော တာဝန်ခံမှုပိုင်းဆိုင်ရာမှာပါ အလွန်အန္တရာယ်များလှပါတယ်။

လက်ရှိမှာတော့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာဥပဒေတွေနဲ့ ပတ်သက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းကျောင်းတာနဲ့ မူဝါဒပိုင်းဆိုင်ရာ ချမှတ်တာကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ ဆက်သွယ်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်းပြီး ကော်မရှင် ပေါ်ပေါက်လာခဲ့ရင် မူဝါဒပိုင်းချမှတ်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထိန်းကျောင်းမယ့် နောက်ထပ် အဖွဲ့အစည်းတစ်ရပ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ ဝန်ကြီးဌာနကို တာဝန်ခံရမှာ မဟုတ်ဘဲ နိုင်ငံတော်သမ္မတကို တိုက်ရိုက်တာဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းဟာ မူဝါဒပိုင်းဆိုင်ရာရော၊ ဆုံးဖြတ်ချက်ချမှတ်ဖို့ရော လုပ်ဆောင်ဖို့ ဌာနနှစ်ခုကို ဖန်တီးသလို ဖြစ်နေပြီး ပိုမိုရှုပ်ထွေးတဲ့ အဆင့်တွေကို ထပ်ပေါင်းထည့်သလို ဖြစ်နေပါတယ်။

နောက်ထပ် မေးခွန်းထုတ်စရာရှိနေတာက ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ‌်ယောက်ပါတဲ့ ကော်မရှင်ဟာ ဝန်ကြီးဌာနအသစ်တစ်ခုလို့ ဆိုလိုတယ်ဆိုရင်တော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်တဲ့ “အစိုးရအသုံးစရိတ်လျှော့ချဖို့ နဲ့ ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရတစ်ရပ်ဖွဲ့ဖို့ ဝန်ကြီးဌာနအရေအတွက်ကို လျှော့ချရန်” အချက်နဲ့ ဆန့်ကျင်မနေဘူးလားဆိုတာ ဖြစ်ပါတယ်။

အကြံပြုချက်များ

(၁) တခြားဥပဒေတွေနဲ့ဆက်စပ်ပြီး ရှုပ်ထွေးနေမှု

ပေါ်ပေါက်လာမယ့် ကော်မရှင်သစ်ရဲ့ အခန်းကဏ္ဍဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ လက်ရှိကျင့်သုံးနေတဲ့ တာဝန်တွေနဲ့ ဘယ်လိုများ ကွဲပြားနေသလဲ။ ရှင်းရှင်းလင်းလင်းရော ရှိရဲ့လား။ ကော်မရှင်သစ်ရဲ့ တာဝန်တွေဟာ တည်ဆဲဥပဒေတွေနဲ့ဆက်စပ်ပြီး ရှုပ်ထွေးနေနိုင်တာတွေ အများကြီး ရှိနေပါတယ်။

သာဓကအနေနဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဥပဒေတွေဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေတို့မှာပါတဲ့ စီမံခန့်ခွဲရေးပြစ်ဒဏ်တွေနဲ့ အဆုံးအဖြတ်တွေဟာ ၎င်းဥပဒေတွေအရ သီးခြားသက်သက် ဖြစ်နေပါတယ်။ ဒီ့အတွက် အဲဒီလို ပြဋ္ဌာန်းချက်တွေကို ဆက်သွယ်ရေးကော်မရှင် ဥပဒေပြဋ္ဌာန်းခဲ့ရင် မူလအတိုင်း ဆက်လက်ထားရှိမလား ဒါမှမဟုတ် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲကို ထည့်သွင်းမလားဆိုတဲ့ မေးခွန်းမျိုး ရှိနေပါတယ်။

ကော်မရှင်ဥပဒေကြမ်းရဲ့ ပုဒ်မ (၆၀)မှာ ဆက်သွယ်ရေးဥပဒေပါ အခန်း (၁၆)၊ (၁၇)နဲ့ (၁၈)ပါ ပြဋ္ဌာန်းချက်တွေကို ကော်မရှင်က ကျင့်သုံးဆောင်ရွက်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဆက်သွယ်ရေးဥပဒေ အခန်း(၁၆)၊ (၁၇)၊ (၁၈) မှာ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်း၊ အယူခံခုံရုံး ဖွဲ့စည်းခြင်းဆိုင်ရာတွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်ပါတယ်။

ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူတာကို မကျေနပ်သူဟာ ဝန်ကြီးဌာနကို အယူခံနိုင်ပြီး၊ အဲဒီကနေ အယူခံအဖွဲ့ကို ဆက်ပြီး အယူခံဝင်နိုင်ပါတယ်။ အယူခံအဖွဲ့ကိုတော့ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကော်မရှင်ဥပဒေကြမ်းအရဆိုရင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကော်မရှင်ရဲ့ ရုံးအဖွဲ့ဖြစ်သွားမှာဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေအရ အယူခံဝင်မှုကို ဝန်ကြီးဌာနက ဆက်လက်ကိုင်တွယ်မလား၊ ကော်မရှင်ကိုပဲ လွှဲပေးမလားဆိုတာ မရှင်းလင်းဘူး ဖြစ်နေပါတယ်။

အဲဒီလိုမျိုးစီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူတာနဲ့ အယူခံဝင်မှုမျိုးတွေဟာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေမှာလည်း ပါရှိနေပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ နဲ့ ကြီးကြပ်မှုအဖွဲ့တို့ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် တည်ဆဲဥပဒေတွေနဲ့ တိုက်ဆိုင်ဆန်းစစ်ပြီးမှ အငြင်းပွားစရာဖြစ်နိုင်တဲ့အချက်တွေအတွက် တိကျတဲ့ ပြဋ္ဌာန်းချက်မျိုး ရရှိလာဖို့ ဥပဒေကြမ်းမှာ လုပ်ဆောင်သင့်ပါတယ်။

ဒီ့အပြင် ကော်မရှင်ဥပဒေကြမ်းရဲ့ အထွေထွေအခန်း ပုဒ်မ (၅၃)အရဆိုရင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဥပဒေတွေအရ ထုတ်ပြန်ခဲ့တဲ့ နည်းဥပဒေတွေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲရင် ကော်မရှင်ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေရဲ့ ပုဒ်မ (၅၁)အရ တည်ဆဲဥပဒေတွေမှာ ပြဋ္ဌာန်းထားချက်တွေဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွှတ်မှုမရှိရင် ဒါမှမဟုတ် ဆန့်ကျင်ကွဲလွဲရင် အီလက်ထရောနစ်ဥပဒေပါ ပြဋ္ဌာန်းချက်တွေက လွှမ်းမိုးစေရမယ်လို့လည်း ဆိုထားပါတယ်။ ဒါဆိုရင် ဆက်သွယ်ရေးကဏ္ဍက ပုဂ္ဂိုလ်တွေအပါအဝင် အခြားအကျိုးသက်ဆိုင်သူတွေ ဒါမှမဟုတ် တရားရုံးတွေဟာ ဥပဒေနှစ်ခုရဲ့ အပြိုင်အဆိုင် လွှမ်းမိုးနိုင်တယ်ဆိုတဲ့အချက်ကို ဘယ်လိုမျိုး အဓိပ္ပာယ်ကောက်ယူကြရမလဲ။

ဒီလိုသဘာဝရှိတဲ့ ပြဋ္ဌာန်းချက်မျိုးတွေကို ဥပဒေကြမ်းထဲမှာ ထည့်လိုက်တာက ဝိရောဓိဖြစ်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့နဲ့ ပြန်သုံးသပ်ဖို့ လုပ်ငန်းစဉ်ကို ရှောင်ကွင်းပြီး အလွယ်လိုက်တဲ့ နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။ ဒါဟာ ဥပဒေကြမ်းတစ်ခုကို မရေးဆွဲခင်ကတည်းက တည်ဆဲဥပဒေတွေကို ဆန်းစစ်တဲ့ လုပ်ငန်းစဉ်တစ်ခု လိုအပ်တယ်ဆိုတာကို ပြဆိုနေပါတယ်။

(၂) တည်ဆဲဥပဒေတွေကို ပြင်ဆင်/ပယ်ဖျက်ဖို့ လိုအပ်လာမလား

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဟာ စစ်အစိုးရလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ခေတ်စနစ်နဲ့လည်း လျော်ညီမှု အားနည်းနေပါတယ်။ နောက်ပြီး အဆိုပါဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့နဲ့ ဖိနှိပ်ဖို့အတွက် သက်သက်ရည်ရွယ်ခဲ့တယ်လို့ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအဝန်းအဝိုင်းမှာ အများစုက ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် လွှတ်တော်မှာ ကော်မရှင်ဥပဒေကြမ်းကို ဆွေးနွေးတဲ့အခါ အီလက်ထရောနစ်ဥပဒေကိုလည်း ထည့်သွင်းစဉ်းစား ဆွေးနွေးသင့်သလို၊ လက်ရှိအချိန်မှာ ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ပေါင်းစည်းလို့ ရနိုင်မလားဆိုတာကိုလဲ သုံးသပ်သင့်ပါတယ်။

အလားတူပဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဟာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးပိတ်ပင်ဖို့ အသုံးချခံနေရတယ်လို့ သတင်းမီဒီယာတွေက ဝေဖန်ပြောဆိုကြပါတယ်။ ဒါ့ကြောင့် ကော်မရှင်ဥပဒေကြမ်းကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ လုပ်ဆောင်ခြင်း မပြုခင်မှာ ဆက်သွယ်ရေးဥပဒေနဲ့ အီလက်ထရောနစ်ဥပဒေတွေကို ပြန်လည်သုံးသပ်ခြင်းအားဖြင့် လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးသလိုဖြစ်နေတဲ့ ပုဒ်မတွေကို ပယ်ဖျက်နိုင်ဖို့အတွက်လည်း အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။

(၃) ဥပဒေလိုအပ်သလား

မြန်မာနိုင်ငံဟာ စျေးကွက်စီးပွားရေးကို ဦးတည်သွားနေတာကြောင့် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းပေးမယ့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ အမှန်တကယ် လိုအပ်နေပါတယ်။ ဒါမှလည်း ယှဉ်ပြိုင်မှု မြင့်တက်လာစေဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်သလို စားသုံးသူတွေအတွက်လည်း ရွေးချယ်စရာ များလာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအဖွဲ့တစ်ဖွဲ့လိုအပ်တယ်ဆိုတာက ဥပဒေတစ်ရပ်ပြဋ္ဌာန်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၂၅/၂၀၁၅) အရ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းရတဲ့ အကြောင်းရင်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၆ ကြောင့် ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ပုဒ်မ ၈၆ မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်တစ်ရပ် ဖွဲ့ရမယ်လို့သာ ပြဋ္ဌာန်းထားပြီး ဘယ်လိုဖွဲ့ရမယ်လို့တော့ ဆိုမထားပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့တဲ့ အဲဒီ့ အမိန့်ကြော်ငြာစာမှာတော့ ကော်မရှင်ကို ဖွဲ့စည်းရာမှာ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်နေတာက အမိန့်ကြော်ငြာစာက ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်နေသလားဆိုတာ ဖြစ်ပါတယ်။

နောက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၄ အရ အမျိုးသားဆက်သွယ်ရေးအကြံပေးကော်မတီကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၄) နဲ့ ဖွဲ့စည်းခဲ့တာကို တွေ့ရပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ကိုလည်း အမိန့်ကြော်ငြာစာနဲ့ပဲ ဖွဲ့စည်းဖို့ ဖြစ်နိုင် မဖြစ်နိုင်ကို ထည့်သွင်းစဉ်းစားရပါမယ်။ ကော်မတီနဲ့ ကော်မရှင် သဘောသဘာ၀ မတူဘူးလို့ အကြောင်းပြရင်တောင်မှ သီးခြားဥပဒေအသစ်တစ်ခု ရေးဆွဲပြဋ္ဌာန်းတာထက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေရေးဆွဲပြီး ကော်မရှင်ကို အဲဒီဥပဒေထဲမှာ ထည့်သွင်းပေါင်းစပ်မယ်ဆိုရင်လည်းရနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီလို တမူထူးခြားတဲ့ ဥပဒေပြဋ္ဌာန်းပြီး ပြည်ထောင်စုဝန်ကြီးအဆင့် ရာထူးအသစ်တစ်နေရာကို ဖန်တီးတာရဲ့ ဦးတည်ချက်က ဘာလဲ။ ဒီဥပဒေကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တင်သွင်းခဲ့တာဖြစ်ရင် ဘာအတွက်ကြောင့် ဝန်ကြီးဌာနရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေနဲ့အပြိုင်ဖြစ်တဲ့ ကော်မရှင် ဖွဲ့စည်းဖို့ ကြိုးပမ်းရသလဲ။ ကော်မရှင်တစ်ခုဖွဲ့စည်းဖို့အတွက်ကိုပဲ ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းရတာရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ဒီလို မေးခွန်းတွေက အာဏာကို လက်ဝယ်ကိုင်ထားတဲ့ အဝန်းအဝိုင်းကြားမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတဲ့ မေးခွန်းတွေကို ထပ်ဆင့် ထုတ်နေသလို ဖြစ်နေပါတယ်။