Posted in ဥပဒေရေးရာ သုတေသန on Dec 10, 2019

ဒီဥပဒေကြမ်းဆန်းစစ်မှုထဲမှာ လွှတ်တော်ကို လက်ရှိ ပေးပို့ထားတဲ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေကြမ်း နဲ့ ၄င်းဥပဒေကြမ်းက အစားထိုးမယ့် တည်ဆဲဥပဒေတွေဖြစ်တဲ့ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ (၁၉၈၉) ၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (၁၉၉၀) ကြားက ကွဲလွဲချက်တွေကို နှိုင်းယှဉ်သွားမှာ ဖြစ်ပြီး ဥပဒေအတည်မပြုသေးမီ ထည့်သွင်းစဉ်းစားစရာတွေကိုလည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

နောက်ခံအကြောင်းအရာ

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကမ္ဘာဘဏ်နဲ့အတူ ပူးတွဲထုတ်ဝေထားတဲ့ ငါးလုပ်ငန်းကဏ္ဍအစီရင်ခံစာ ၂၀၁၉ အရ မြန်မာနိုင်ငံရဲ့ ပင်လယ်ငါးသယံဇာတွေဟာ ၁၉၇၉/၈၀ ခုနှစ်က ရှိထားတဲ့ ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို လျော့ပါးသွားတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ငါးသယံဇာတတွေ စောင့်ကြည့်ထိန်းသိမ်းဖို့၊ ယန္တရားတွေ စီမံထားဖို့ နဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းသူတွေကြား အငြင်းပွားမှုတွေ လျော့နည်းသွားအောင် စီစဉ်ဖို့ဆိုပြီး အစီရင်ခံစာက အကြံပြုထားပါတယ်။

ကွဲလွဲချက်တွေကို ဆန်းစစ်ခြင်း

‌၁၉၈၉ နဲ့ ၁၉၉၀ ခုနှစ်မှာ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ နဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေတွေကို အသီးသီး အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တွင်တော့ ဥပဒေနှစ်ခုလုံးပါ တားမြစ်ချက်နဲ့ ပြစ်မှုပြစ်ဒဏ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင်ခဲ့ပါတယ်။

အဆိုပါ ဥပဒေတွေကို အစားထိုးဖို့ တင်သွင်းလာတဲ့ လက်ရှိ ပင်လယ်ငါးလုပ်ငန်း ဥပဒေကြမ်းမှာ ခေတ်နဲ့လျော်ညီအောင် ပြဋ္ဌာန်းထားတဲ့ အချက်တွေကို တွေ့နိုင်ပါတယ်။ ဥပမာ “နိုင်ငံခြားငါးဖမ်းရေယာဉ်” အဓိပ္ပာယ်ဖွင့်ဆိုရာမှာ တည်ဆဲဥပဒေတွေအရ နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားပိုင်ရေယာဉ်လို့သာ ဆိုထားပြီး လက်ရှိ ဥပဒေကြမ်းအရဆိုရင်တော့ နိုင်ငံခြားမှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားပိုင် ငါးဖမ်းရေယာဉ်လို့ ဖွင့်ဆိုထားပါတယ်။

တည်ဆဲဥပဒေတွေနဲ့ လက်ရှိဥပဒေကြမ်းမှာ ကွဲလွဲချက်အနေနဲ့ အဓိကအချက် နှစ်ချက်ကို တွေ့နိုင်ပါတယ်။ ပထမကွဲလွဲချက်က ငါးသယံဇာတလျော့နည်းပြုန်းတီးတာကို ကာကွယ်ဖို့၊ ငါးတွေရဲ့ ဇီဝဂေဟစနစ်ကို ထိန်းသိမ်းဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ အပိုင်း ဖြစ်ပါတယ်။

ဥပဒေကြမ်းဟာ ငါးလုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး စနစ်တကျဖွံ့ဖြိုးစေဖို့၊ ငါးတွေရဲ့ ဇီဝဂေဟစနစ် ရေရည်တည်တံ့စေဖို့နဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနဲ့ နည်းပညာလုပ်ငန်းတွေ လုပ်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ရည်ရွယ်ချက်အတွက် “ငါးသယံဇာတလျော့နည်းပြုန်းတီးမှု ထိန်းသိမ်းကာကွယ်ရေး၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး” ဆိုပြီး အခန်းတစ်ခု သီးသန့် ပါရှိပါတယ်။ အဆိုပါ အခန်းမှာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးရေပြင်‌တွေကို သတ်မှတ်ဖို့ တိကျတဲ့ လုပ်ငန်းစဉ်တွေ ပါရှိပါတယ်။

ငါးဖမ်းကွက်သတ်မှတ်တာနဲ့ပတ်သက်ရင် တည်ဆဲဥပဒေအရ ငါးလုပ်ငန်းဦးစီးဌာနက လုပ်ဆောင်နိုင်ပေမယ့် လက်ရှိဥပဒေကြမ်းအရတော့ ဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့သာ ဦးစီးဌာနက လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ပင်လယ်ထွက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအတွက် လိုင်စင်လျှောက်ရာမှာ တည်ဆဲဥပဒေအရ မြို့နယ်ဦးစီးဌာနမှူးဆီ လျှောက်ရမှာ ဖြစ်ပေမယ့် ဒီဥပဒေကြမ်းမှာတော့ ခရိုင်ဦးစီးဌာနမှူးဆီကို လျှောက်ရမယ်လို့ ပြောင်းလဲလိုက်သလို၊ ပင်လယ်ငါးလုပ်ငန်းရေပြင်မှာ အပျော်တမ်းငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်ဖို့အတွက်လည်း ဦးစီးဌာနဆိုပြီး ပြောင်းလိုက်ပါတယ်။

နောက်ကွဲလွဲချက်ကတော့ ရေလုပ်သားကျွမ်းကျင်မှုသင်တန်းကို ဖွင့်ခွင့်ရှိတဲ့ ပြဋ္ဌာန်းချက် ဒီဥပဒေကြမ်းမှာ ထည့်သွင်းထား ပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ ရေလုပ်သားအဖြစ် လုပ်ကိုင်မယ့်သူတွေက ပြည်တွင်းငါးဖမ်းရေယာဉ်အတွက်ဆိုရင် ရေလုပ်သားမှတ်ပုံတင်လက်မှတ်ကို မြို့နယ်ဦးစီးဌာနမှူးဆီ လျှောက်ရမှာဖြစ်ပြီး ပြည်ပနိုင်ငံငါးဖမ်းရေယာဉ်အတွက်ကတော့ ဦးစီးဌာနဆီ လျှောက်ထားရမယ်လို့ ပါရှိလာပါတယ်။ ရေလုပ်သား မှတ်ပုံတင်လက်မှတ်လျှောက်ထားရမှာ သတ်မှတ်ချက်တွေပါရှိပြီး အဲဒီထဲကတစ်ခုကတော့ ဦးစီးဌာနက ဖွင့်လှစ်တဲ့ သင်တန်းကျောင်းကဖြစ်စေ၊ ဦးစီးဌာနက အသိအမှတ်ပြုထားတဲ့ လိုင်စင်ရသင်တန်းကျောင်းက ထုတ်ပေးထားတဲ့ သက်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ် ရရှိထားတဲ့သူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။

နောက်ပြီး နိုင်ငံခြားငါးဖမ်းရေယာဉ်တွေအနေနဲ့ လုပ်သားခန့်အပ်မှုနဲ့ပတ်သက်ရင် တည်ဆဲဥပဒေမှာ ကန့်သတ်ချက်တွေ မပါရှိပေမယ့် ဥပဒေကြမ်းမှာတော့ နိုင်ငံသား ရေလုပ်သား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၅ ကနေ ဦးစီးဌာနက သတ်မှတ်ထားတဲ့ အများဆုံး ဦးရေ ရာခိုင်နှုန်းအထိ ခန့်အပ်ထားရမယ် ဆိုပြီး သတ်မှတ်လာပါတယ်။

ငါးလုပ်ငန်းရှင်တွေရဲ့ တာဝန်တွေမှာဆိုရင်လည်း ကိုယ်စားလှယ်တစ်ဦးဦးကို တာဝန်လွှဲအပ်မယ်ဆိုရင် သက်ဆိုင်ရာ ဦးစီးဌာနမှူး ဒါမှမဟုတ် ဦးစီးဌာနကို ကြိုတင်တင်ပြတာ၊ ရေလုပ်သားတွေ အလုပ်ခွင် နာမကျန်း၊ ဒဏ်ရာရ၊ နဲ့ သေဆုံးတာတွေအတွက် လျော်ကြေးပေးဖို့ သက်ဆိုင်ရာအာမခံတွေ ထားပေးတာတွေ ဥပဒေကြမ်းမှာ ပါရှိလာပါတယ်။

ဒါ့အပြင် ဒေသခံရေလုပ်သားတွေနဲ့ ပတ်သက်ပြီး အစုအဖွဲ့ ဖွဲ့စည်းခွင့် လုပ်ငန်းလုပ်ကိုင်ခွင့် စတဲ့အချက်တွေ ပါဝင်တဲ့ အခန်းတစ်ခန်း ဥပဒေကြမ်းမှာ ပါရှိလာတာကို တွေ့ရပါတယ်။ ဒေသခံအစုအဖွဲ့တွေ ဖွဲ့စည်းခွင့်နဲ့ ပင်လယ်ကမ်းနီး ငါးလုပ်ငန်းဆိုင်ရာတွေကို မြို့နယ်ဦးစီးဌာနမှူးက ကိုင်တွယ်မှာဖြစ်ပြီး ပင်လယ်ကမ်းဝေးလုပ်ငန်းတွေအတွက်တော့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးတွေက ကိုင်တွယ်မှာ ဖြစ်ပါတယ်။

ထည့်သွင်းစဉ်းစားစရာများ

(၁) ဗဟိုချုပ်ကိုင်မှုဆီ ဦးတည်စေသလား

တည်ဆဲဥပဒေတွေက ပေးထားတဲ့ ဦးစီးဌာနမှူးတွေရဲ့ လုပ်ကိုင်ခွင့်အာဏာအချို့ဟာ ဥပဒေကြမ်းအရဆိုရင် အထက်ဌာနတွေဆီ ရောက်သွားတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ပါ ငါးသယံဇာတတွေနဲ့ ဇီဝဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကြီးကြပ်မှုအပိုင်းမှာ ဗဟိုက တာဝန်ယူတာမျိုး ဖြစ်နိုင်ပေမယ့် တစ်ဖက်မှာလည်း ရှိရင်းစွဲဖြေလျှော့မှုတွေကို ဗဟိုချုပ်ကိုင်မှုကို ပြန်ပြီးဦးတည်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

(၂) ဥပဒေစည်းနှောင်အားမရှိနိုင်တဲ့ ပုဒ်မ

နိုင်ငံခြားငါးဖမ်းရေယာဉ်တွေမှာ နိုင်ငံသား ရေလုပ်သား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၅ ကနေ ဦးစီးဌာနက သတ်မှတ်ထားတဲ့ အများဆုံး ဦးရေ ရာခိုင်နှုန်းအထိ ခန့်အပ်ရမယ်လို့ဆိုထားပါတယ်။ အဲဒါမျိုး ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေ မှာလည်း တွေ့နိုင်ပြီး ကျွမ်းကျင်မှုမလိုအပ်တဲ့လုပ်ငန်းတွေမှာ နိုင်ငံသားတွေကိုသာ ခန့်အပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ပါရှိပေမယ့် ၎င်းဥပဒေမှာရော နည်းဥပဒေမှာပါ နိုင်ငံသားတွေကို အလုပ်ခန့်ထားခြင်း မရှိခဲ့ရင် အရေးယူမယ့်နည်းလမ်း မပါရှိတာကြောင့် ဥပဒေရဲ့ စည်းနှောင်အား မကောင်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီအတွက် ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေကြမ်းမှာ ဒီအချက်ကို ထည့်သွင်း ပြဋ္ဌာန်းမယ်ဆိုရင်လည်း ဥပဒေရဲ့ စည်းနှောင်အားကောင်းရေးအတွက် စဉ်းစားစေလိုပါတယ်။

(၃) ရေလုပ်သားမှတ်ပုံတင်လက်မှတ်

ရေလုပ်သားမှတ်ပုံတင်လက်မှတ်လျှောက်ထားရာမှာ ဦးစီးဌာနနဲ့ ဦးစီးဌာနက အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားတဲ့ သင်တန်းကျောင်းတွေက သက်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ်ရရှိထားသူ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီအတွက် လက်တွေ့အကောင်အထည်ဖော် အောင်မြင်နိုင်ဖို့ ကိစ္စရပ်ကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ ရေလုပ်သားကျွမ်းကျင်မှုသင်တန်းကျောင်းတွေ ဖွင့်လှစ်ခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေနဲ့ ဦးစီးဌာနတွေရဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေက ရေလုပ်သားမှတ်ပုံတင်လက်မှတ် ထုတ်ပေးရာမှာ အကန့်အသတ် ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

နောက်ပြီး ဒီလို လုပ်ငန်းစဉ်အသစ်တွေ ထည့်သွင်းလိုက်တာက အဂတိလိုက်စားတာကို အားပေးသလို ဖြစ်နေသလားဆိုတာကိုလည်း သတိထားရပါမယ်။ ဒါ့အပြင် ရေလုပ်သားမှတ်ပုံတင်တာတွေနဲ့ပတ်သက်ရင်လည်း ငါးလုပ်ငန်းကြီးတွေနဲ့ အငယ်စားငါးလုပ်ငန်းတွေအတွက် သီးခြား ခွဲခြားပြဋ္ဌာန်းထားတာ မရှိပါဘူး။ အငယ်စား ဒါမှမဟုတ် မိရိုးဖလာ ငါးလုပ်ငန်းတွေမှာ လုပ်မယ့် ရေလုပ်သားတွေဟာ လုပ်ငန်းကြီးတွေက သူတွေလို ရေလုပ်သားမှတ်ပုံတင်လက်မှတ်ရရှိရန် သင်တန်းကျောင်း တက်ရောက်ပြီးစီးဖို့ လိုအပ်ပါသလား။ သင်တန်း နဲ့ မှတ်ပုံတင်တွေအတွက် ကုန်ကျစရိတ်တွေကို ရေလုပ်သားတွေကနေ ကျခံရမယ်ဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ လုပ်ခအနည်းငယ်သာ ရတဲ့ သူတွေအတွက် ဒီလို ကုန်ကျစရိတ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နိုင်ပါတယ်။

(၄) တာဝန်ယူမှု တာဝန်ခံမှု

ဝန်ထမ်းတွေကို တာဝန်ခံခိုင်းတာနဲ့ ပတ်သက်ပြီးလည်း စဉ်းစားစရာ ရှိပါတယ်။ တည်ဆဲဥပဒေတွေမှာ တာဝန်ရှိသူတွေဟာ ပြစ်မှုကျူးလွန်သူကို အစားထိုးတာ ဒါမှမဟုတ် အရေးမယူတာ၊ သက်သေခံပစ္စည်းတွေကို ဖျောက်ဖျက်တာတွေအတွက် ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ချမှတ်ခံရမှာလို့ ပါရှိပါတယ်။ ဒါဟာ တာဝန်ယူမှု တာဝန်ခံမှုအတွက် ကောင်းမွန်တဲ့ ပြဋ္ဌာန်းချက် ဖြစ်ပေမယ့် လက်ရှိဥပဒေကြမ်းမှာတော့ အဲဒီပြဋ္ဌာန်းချက်မျိုး ပါမလာတာကို တွေ့ရပါတယ်။

(၅) သုတေသန နဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ

တည်ဆဲဥပဒေအရ ငါးလုပ်ငန်းဦးစီးဌာနဟာ ငါးလုပ်ငန်းကနေ ရရှိတဲ့ အခွန်ရဲ့ ငါးရာခိုင်နှုန်းကို ငါးလုပ်ငန်းသုတေသန၊ တိုးချဲ့ဖွံ့ဖြိုးရေး၊ ငါးမျိုးထိန်းသိမ်းရေးအတွက် သုံးစွဲနိုင်တယ်လို့ ဆိုထားပါတယ်။ တကယ် သုံးစွဲနိုင်ခဲ့ခြင်း ရှိမရှိ ဆိုတဲ့ကိစ္စရပ်ကတော့ အခုဆန်းစစ်မှုဘောင်ရဲ့ ပြင်ပကဖြစ်တဲ့အတွက် သုံးသပ်နိုင်ခြင်း မရှိပါဘူး။ ငါးလုပ်ငန်းကရတဲ့ အခွန်ဝေစုရဲ့ ရာခိုင်နှုန်းတစ်ခုကို အဲဒီလုပ်ငန်းရဲ့ ဖွံ့ဖြိုးရေးအပါအဝင် ငါးလုပ်ငန်းဆိုင်ရာသုတေသနတွေမှာ ပြန်လည်သုံးစွဲတာမျိုးက ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး လက်ရှိဥပဒေကြမ်းမှာတော့ အဲဒီလို ပြဋ္ဌာန်းချက်မျိုး ပါမလာပါဘူး။ အဲဒီအစား ငါးသယံဇာတအရင်းအမြစ်ထိန်းသိမ်းတာနဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသန လုပ်ငန်းတွေကို ဦးစီးဌာနက ဆောင်ရွက်ခွင့်ရှိတယ်လို့သာ ပါလာတာကို တွေ့ရပါတယ်။