Posted in ဥပဒေရေးရာ သုတေသန on Jan 25, 2019

အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တင်ဘာမှာ ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ ပြင်ဆင်တဲ့ ဥပဒေကို ထပ်မံအတည်ပြုခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ပညာရေးဆိုင်ရာကဏ္ဍအားလုံးကို လွှမ်းခြုံထားတဲ့ ပင်မဥပဒေဖြစ်တဲ့အတွက် အခြေခံပညာရေးကဏ္ဍ၊ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍစတဲ့ ကဏ္ဍတစ်ခုစီအတွက် ဥပဒေတွေ ရေးဆွဲဖို့ လိုအပ်လာခဲ့ပါတယ်။ ပထမအကြိမ်လွှတ်တော်မှာလည်း နည်းပညာနှင့်သက်မွေးပညာရေးဥပဒေကြမ်း၊ အခြေခံပညာရေးဥပဒေကြမ်း၊ သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေကြမ်းနဲ့ ပုဂ္ဂလိကပညာရေးဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်ကို အစိုးရက ပေးပို့ခဲ့ဖူးပါတယ်။ အခု ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာလည်း သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေကို ၂၀၁၈ ဇွန်လမှာ ဥပဒေအဖြစ် ပြဌာန်းခဲ့တာ တွေ့ရပါတယ်။ နည်းပညာနှင့်သက်မွေးပညာရေးဥပဒေကြမ်း၊ အဆင့်မြင့်ပညာရေးဥပဒေကြမ်းနဲ့ ပုဂ္ဂလိကပညာရေးဥပဒေကြမ်းတွေကိုတော့ အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားခြင်းတော့ မတွေ့ရသေးပါဘူး။ အခြေခံပညာရေးဥပဒေကြမ်းကို အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားသော်လည်း ဘယ်လွှတ်တော်တွင်မှာမှ စတင်ဆွေးနွေးမှုမပြုလုပ်ရသေးပါဘူး။ ပြည်သူ့လွှတ်တော်မှာ စဆွေးနွေးရမလား၊ အမျိုးသားလွှတ်တော်မှာ စဆွေးနွေးရမလားဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဦးတီခွန်မြတ်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အခြေခံပညာရေးကဏ္ဍအတွက် ရည်မှန်းချက်အဖြစ် “ကလေးအားလုံး အရည်အသွေးရှိ အခြေခံပညာကို သင်ယူခွင့်ရရှိပြီး အတန်းစဉ်အဆင့်ဆင့် ဆက်လက် သင်ယူပြီးမြောက်နိုင်ကြရန်”၊ “နည်းပညာ၊ သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးအတွက် အခြေခံကောင်းများရရှိရန်” နဲ့ “အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိရန်”ဆိုပြီး ဖော်ပြထားပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်းမှာ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံကိန်းအနှစ်ချုပ်ဖော်ပြချက်မှာ အခြေခံပညာရေးနဲ့ စပ်လျဉ်းပြီး မဟာဗျူဟာမြောက်အပြောင်းအလဲတွေ ဆောင်ရွက်ရာမှာ "မူဝါဒ၊ ဥပဒေနှင့် စနစ်များကို အားကောင်းစေခြင်း" ဆိုတဲ့ မဟာဗျူဟာတစ်ရပ်ပါရှိပါတယ်။ ဒါက အခုလို ဥပဒေတစ်ရပ်ရေးဆွဲ တင်သွင်းရာမှာ အရေးပါတဲ့ တွန်းအားတစ်ရပ်အနေနဲ့ ယူဆနိုင်သလို၊ ပညာရေးမဟာဗျူဟာစီမံကိန်းနဲ့ ဒီဥပဒေကြမ်းအကြား အဆက်အစပ်လို့လည်း ယူဆနိုင်ပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတဲ့ အစိုးရရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဦးစားပေးသတ်မှတ်ချက်တွေထဲမှာလည်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးမှာပါ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေ ပါဝင်လာပြီး တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကိုပါ မြှင့်တင်ဖို့ဆိုတဲ့ ဦးစားပေးချက်ကလည်း တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ဒီဥပဒေမှာလည်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး သင်ရိုးညွန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီကို ပြည်ထောင်စုအဆင့်ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းဖို့ ပြဌာန်းချက်တွေ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။​

အမျိုးသားပညာရေးဥပဒေနဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတဲ့ ပညာရေးကဏ္ဍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအတွက် ပညာရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းမှုကိုလည်း ဒီဥပဒေကြမ်းမှာ ဖော်ပြပါရှိလာတာကိုလည်း တွေ့ရပါတယ်။​