Posted in ဥပဒေရေးရာ သုတေသန on Jan 10, 2019

ဘာလဲ - ၂၀၁၉ မှာ အစိုးရက လွှတ်တော်ကို ပထမဆုံး ပေးပို့လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။​ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန်” လို့ ဖော်ပြထားပြီး၊ အထူးသဖြင့် ကျေးလက်ဒေသရေရရှိရေးနဲ့ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေ ကိုယ်တိုင် ပါဝင်တင်ပြအဆိုပြုနိုင်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။​ အစိုးရပိုင်းက ကြီးကြပ်ရေးကော်မတီဖွဲ့ပြီး ကျေးရွာအလိုက် အရင်းမပျောက်မတည်ရန်ပုံငွေ တည်ထောင်ပေးပြီး၊ သက်ဆိုင်ရာ ကျေးရွာလုပ်ငန်းအဖွဲ့တွေက စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲ - ရည်ရွယ်ချက်ထဲမှာ အခြေအနေနှစ်ရပ်ကို တင်ပြထားပါတယ်။ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” နဲ့ “ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း” ဖြစ်ပါတယ်။ လက်ရှိကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းတွေဟာ အစိုးရဘတ်ဂျက်ကို အကောင်အထည်ဖော် သုံးစွဲတဲ့နေရမှာ “ပြည်ထောင်စုအဖွဲ့အစည်းများ၏ ပျမ်းမျှအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုထက် လျှော့နည်း”တယ်လို့ ၂၀၁၈ ဒီဇင်ဘာလထဲ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။ ဒါက ဒီဥပဒေကြမ်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအစိုးရယန္တရားက လုံလုံလောက်လောက် စွမ်းဆောင်ရည်မပြည့်မီတာကြောင့်ဆိုတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။

“ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း” နဲ့ ပတ်သက်ရင်တော့ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ပါ မဟာဗျူဟာ ပန်းတိုင် (၃) “အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးရေး” ဆိုတဲ့ပန်းတိုင်အတွက် အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ လုပ်ငန်းစဉ်အမှတ် (၃.၁.၈) “ကျေးလက်နေပြည်သူများ ဦးဆောင်လျက် အားလုံးပါဝင်ပြီး ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို စတင်လုပ်ဆောင်နိုင်စေရေး စွမ်းရည်မြှင့်တင်ပေးရန်” ဆိုတဲ့အချက်ကို ဒီဥပဒေကြမ်းနဲ့ ပုံဖော်ဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။

အခြားရွေးချယ်စရာများ - “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” အတွက် လက်ရှိ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်နေတဲ့အဖွဲ့အစည်းတွေရဲ့ ထိရောက်မှုကို မြှင့်တင်ဖို့ ဆောင်ရွက်နိုင်သလို၊ “ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း” အတွက် အစိုးရဘတ်ဂျက်ရေးဆွဲ၊ စိစစ်တဲ့လုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ အခြားသော ရွေးချယ်စရာတွေလည်း ရှိနေနိုင်ပါသေးတယ်။ စာဖတ်သူရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ အာနန္ဒာ ကို စာရေးသားပေးပို့နိုင်ပါတယ်။

ဥပဒေကြမ်းကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။​