Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2019
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ အစိုးရက ၂၀၁၈ ဇွန်လ ကတည်းက ပေးပို့ထားပြီးဖြစ်ပေမယ့် ဘယ်လွှတ်တော်မှာမှ စဆွေးနွေးခြင်း မရှိသေးပါဘူး။ ဥပဒေကြမ်းမှာ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ပေါက်လာစေဖို့၊ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူအကြား ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိစေဖို့ဆိုတဲ့အချက်တွေအပြင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တာကို တွေ့ရပါတယ်။
အဲ့ဒိ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်တဲ့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကြီးကြပ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းမှာ ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးကော်မတီများကိုလည်း ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီဥပဒေကိုပြဌာန်းပြီးရင်တော့ အိမ်ခြံမြေဌားရမ်းရောင်းဝယ်ခြင်းကိစ္စတွေမှာ ဥပဒေမှာပါရှိတဲ့အချက်တွေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုရယူသူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို ခံစားရမှာဖြစ်သလို ဝန်ဆောင်မှုပေးသူတွေဟာလည်း ဥပဒေနဲ့အညီ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဗဟိုစာရင်းအင်းအဖွဲ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မြန်မာစီးပွားရေးစစ်တမ်းမှာ တစ်နည်းနည်းနဲ့ မှတ်ပုံတင်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၂၉ ခုကိုပါ စစ်တမ်းမှာ ထည့်သွင်းကောက်ခံခဲ့ပါတယ်။ သူတို့ထဲက ၆၅.၇ ရာခိုင်နှုန်းက စည်ပင် သို့မဟုတ် မြို့နယ်ကော်မတီရုံးတွေမှာ မှတ်ပုံတင်ထားတယ်လို့ဆိုပြီး၊ ၅၉.၃ ရာခိုင်နှုန်းက ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန သို့မဟုတ် ဆက်စပ်အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားတယ်လို့ဆိုပါတယ်။ ၁၃.၁ ရာခိုင်နှုန်းကတော့ ကုမ္ပဏီမှတ်ပုံတင်ထားတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေပြု ကြပ်မတ်မှု အားနည်းနေသေးတာကိုလည်း ဖော်ပြနေပါတယ်။
စစ်တမ်းအရဆိုရင်တော့ တစ်နည်းနည်းနဲ့ မှတ်ပုံတင်ထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေတောင်မှ အစဉ်အဆက်မိသားစု စီးပွားရေးဆန်ဆန် လုပ်ငန်းငယ်လေးတွေ ဖြစ်ပါတယ်။ (၅၆.၃ ရာခိုင်နှုန်းသည် နှစ် ၂၀ အထက် လုပ်ငန်းသက်တမ်းရှိ၊ ၇၈.၆ ရာခိုင်နှုန်း လုပ်သားအင်အား လေးယောက်အောက်သာရှိ၊ ၅၃.၅ ရာခိုင်နှုန်းသော အိမ်ခြံမြေလုပ်ငန်းများ၏ တစ်နှစ်ဝင်ငွေ/လည်ပတ်ငွေ သိန်း ၁၀၀ အောက်တွင်သာရှိ)
ဒီဥပဒေကို ပြဌားန်ခြင်းအားဖြင့် အစိုးရအနေနဲ့လည်း အခွန်၊ ဥပဒေနည်းလမ်းများနဲ့ ကြပ်မတ်မှု အားနည်းနေသေးတဲ့ အိမ်ခြံမြေဌားရမ်းရောင်းဝယ်မှုတွေကနေတဆင့် အခွန်ရလာနိုင်မယ်လို့ မျှော်မှန်းရသလို အိမ်ခြံမြေဌားရမ်းရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒိ သတင်းအချက်အလက်တွေက အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။