Posted in ဥပဒေရေးရာ သုတေသန on May 29, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ပထမနှစ်နှစ်ခန့်ကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည့် ဦးဝင်းမြင့် သမ္မတရာထူးကို သမ္မတဦးထင်ကျော်ထံမှ လွှဲပြောင်းလက်ခံပြီး ရက်ပိုင်းအတွင်း အဦးဆုံး တွေ့ဆုံသည့် အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ပါဝင်သည်။ အဆိုပါ တွေ့ဆုံပွဲများက လူ့အဖွဲ့အစည်းအတွင်းရှိ နှစ်ပေါင်းများစွာ ယိုယွင်းပျက်ဆီးခဲ့သော အဓိက ပြုပြင်ပြောင်းလဲရမည့် အကျင့်ပျက်ခြစားအဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို စနစ်တကျ အားသွန်ခွန်စိုက် ကိုင်တွယ်နိုင်ရေးအတွက် တွန်းအားပေးရန်ဖြစ်မည်ဟု ယူဆရပါသည်။ သမ္မတဦးဝင်းမြင့်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရစဉ်က လွှတ်တော်တွင် သမ္မတနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို အများပြည်သူအား ထုတ်ဖော်ကြေညာရန်အတွက် အဆိုတစ်ခုတင်သွင်းခဲ့ဖူးသူဖြစ်သည်။ ယင်းမှာ အကျင့်ပျက်ခြစားမှုများကို ပွင့်လင်းမြင်သာမှုနည်းလမ်းဖြင့် တုံ့ပြန်တိုက်ဖျက်ရန် ကြိုးစားမှုတစ်ခုဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ယခုဆောင်းပါးတွင် အကျင့်ပျက်ခြစား အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်သော်လည်းကောင်း၊ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရေးအတွက်သော်လည်းကောင်း၊ နိုင်ငံပိုင်ပစ္စည်းများနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက်သော်လည်းကောင်း ရည်ရွယ်၍ ရေးဆွဲထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေတွင် ပါရှိသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပုံဖော်ထားမှုအား လေ့လာဖော်ပြသွားပါမည်။ ယခုဆောင်းပါးရေးသားနေချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများအား ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်ပြဌာန်းရသည်မှာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်များ၏ တာဝန်ပင်ဖြစ်သည်။ ဥပဒေများသည် နိုင်ငံတစ်ခု၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများဖြစ်သည့်အလျောက် ဥပဒေပြုရေးဖြစ်စဉ်တွင် နိုင်ငံသားများအနေဖြင့်လည်း ပါဝင်အကြံပြု၍ ထိုသို့ဝေဖန်အကြံပြုမှုများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ဥပဒေမူဘောင်များကို ချမှတ်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားဖော်ပြလိုက်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်း
ကော်မရှင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်၏ အကြီးအကဲ သမ္မတနှင့် ဥပဒေပြုရေးမဏ္ဍိုင်၏ အကြီးအမှူးများဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့မှ ဥပဒေပါ သတ်မှတ်ချက်များနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ် ငါးဦးစီ ရွေးချယ်ဖွဲ့စည်းခြင်းဖြစ်သည်။ အသက် ၄၅ နှင့် ၇၀ ကြား “သမာသမတ်ရှိသူ” များအဖြစ် သမ္မတနှင့် လွှတ်တော်ဥက္ကဌများမှ သတ်မှတ်ခံရသူများကို ရွေးချယ်ရခြင်းဖြစ်သည်။သမ္မတက ယင်းပုဂ္ဂိုလ် (၁၅) ဦးအနက်မှ ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးကို ရွေးချယ်၍ အဖွဲ့ဝင်များအားလုံး၏ အမည်စာရင်းကို စုပေါင်း၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့အတည်ပြုရသည်။ ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း သက်သေထင်ရှားပြနိုင်မှသာ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ငြင်းပယ်ခွင့်ရှိပါသည်။
ကော်မရှင်သည် နိုင်ငံတော်သမ္မတအား တိုက်ရိုက် တာဝန်ခံရသည်။ ကော်မရှင်သည် အဂတိလိုက်စားမှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာများနှင့် နှစ်ပတ်လည် အစီရင်ခံစာကို သမ္မတ၊ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့ထံ တင်ပြရမည်ဖြစ်သည်။
ကော်မရှင်၏ သက်တမ်းသည် သာမန်အားဖြင့် သမ္မတ၏ သက်တမ်းနှင့် အညီဖြစ်ရမည်ဟု သတ်မှတ်ထားပြီး ကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်းခန့်အပ်တာဝန်ပေးပြီးချိန်အထိ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်များသည် သက်တမ်းနှစ်ခုထက်ပို၍ တာဝန်ထမ်းဆောင်ခွင့်မရှိပေ။ အဂတိလိုက်စားမျု တိုက်ဖျက်ရေးဥပဒေစတင်ပြဌာန်းစဉ်က ကော်မရှင်အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟုသာ ပါရှိပြီး၊ ဥပဒေအား ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ရာကော်မရှင်ဥက္ကဌအား ပြည်ထောင်စုဝန်ကြီးအဆင့်၊ အတွင်းရေးမှူးနှင့် ကျန်အဖွဲ့ဝင်များအား ဒုတိယဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ပြဌာန်းခဲ့ရာ ကော်မရှင်ကို သမ္မတက ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်လာခဲ့သည်။
စီးပွားရေးအရ ကော်မရှင်၏ လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှု
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖွဲ့စည်းရာတွင် အရေးကြီးသည့် စီးပွားရေး အကျိုးစီးပွား ပဋိပက္ခကို တားဆီးနိုင်ရန်အတွက် ဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည်ကိုလည်း တွေ့ရှိရသည်။ အစိုးရလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေတစ်မျိုးမျိုး ရရှိသည့် ရာထူး သို့မဟုတ် တာဝန်တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်း၊ ဘုတ်၊ ကော်ပိုရေးရှင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ အရာထမ်း၊ အမှုထမ်းမျာ၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့အစည်းတွင် အကျိုးအမြတ်သို့မဟုတ် ဝင်ငွေခွဲဝေရယူရန် လုပ်ကိုင်နေသူ သို့မဟုတ် တစ်စုံတစ်ဦး၏ ဝန်ထမ်းဖြစ်သူများသည် ကော်မရှင်အဖွဲ့ဝင်မဖြစ်စေရဟု ပြဌာန်းပါရှိသည့်အတွက် ကော်မရှင်အဖွဲ့ဝင်များသည် ယင်းအခြေအနေမှ ကင်းလွတ်ပြီးသူများဖြစ်ရမည်ဖြစ်သည်။ တာဝန်ပေးအပ်ခြင်း ခံရသည့် ကော်မရှင်အဖွဲ့ဝင်များသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေးပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကိုလည်း တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံပေးပို့ထားရမည်။ တစ်နည်းအားဖြင့် တိုက်ရိုက် စီးပွားရေး အကျိုးစီးပွား မရှိစေရဟု သတ်မှတ်ထားသည်ကို တွေ့ရသည်။
နိုင်ငံရေးအရ ကော်မရှင်၏ လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှု
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ကော်မရှင်သည် သမ္မတကို တာဝန်ခံရပြီး အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးချက်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ တင်ပြခြင်းနှင့် နှစ်ပတ်လည် အစီရင်ခံစားများကို သတ်မှတ်ချက်နှင့် အညီတင်ပြခြင်းများ ပြုလုပ်ရသည်။ ကော်မရှင် ဥက္ကဌအား ပြည်ထောင်စုဝန်ကြီးအဆင့်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဒုတိယဝန်ကြီးများအဖြစ် ပထမအကြိမ် ပြင်ဆင့်သည့် ဥပဒေ၌ ပြင်ဆင်ပြဌာန်းခဲ့ခြင်းကြောင့် ကော်မရှင်သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရသည်။ ကော်မရှင်အဖွဲ့ဝင်များသည် လွတ်လပ်၍ အနှောင်အဖွဲ့နှင့် အဂတိကင်းစေရန်အတွက် အခြား မည်သည့် ရာထူးအလုပ်အကိုင်နှင့် ငွေကြေးခံစားခွင့်များ မရှိစေရန် တားမြစ်ထားခြင်းနှင့် ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ စာရင်းနှင့်တကွ တင်ပြရန် ပါရှိကြောင်းတွေ့ရသည်။ ကော်မရှင်သည် စီးပွားရေးဆိုင်ရာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်ချေမှ ကင်းရှင်းစေရန် ဥပဒေဖြင့် ဖော်ဆောင်ထားသည့်တိုင် နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုများမှ ကင်းလွတ်မှုမှာမူ မေးခွန်းထုတ်စရာဖြစ်ပါသည်။ လွှတ်တော်နှစ်ရပ်လုံးကို ပါတီတစ်ခုတည်းက ထိန်းချုပ်ထားနိုင်သော အခြေအနေတွင် ကော်မရှင်သည် ပါတီတစ်ခုတည်း၏ ရွေးချယ်မှုသက်သက်အဖြစ် ပေါ်ပေါက်လာနိုင်ပြီး နိုင်ငံရေးအရ ကော်မရှင်၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုကို ထိခိုက်နိုင်ပါသည်။
ဘဏ္ဍာရေးအရ ကော်မရှင်၏ လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှု
ကော်မရှင်နှင့် ကော်မရှင်ဥပဒေအရ ဖွဲ့စည်းသည့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များ၊ ပဏာမစိစစ်ရေးအဖွဲ့များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ အသုံးစရိတ်များ၊ ကော်မရှင်ရုံး၏ အသုံးစရိတ်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဘဏ္ဍာငွေခွဲဝေသတ်မှတ်ပေးရမည်ဟု သတ်မှတ်ပြဌာန်းထားသည်ကို တွေ့ရှိရရာ ဘဏ္ဍာရေးနည်းလမ်းအားဖြင့် အစိုးရအဖွဲ့ကို မှီခိုနေရသည်ကို တွေ့ရသည်။ ကော်မရှင်သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လွတ်လပ်၍ အမှီအခိုကင်းစေရန် မိမိ၏ ဘဏ္ဍာငွေအရအသုံးကို ကိုယ်တိုင်ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်တွင် တောင်းခံခွင့်ရှိသည်ဟု ဥပဒေတွင် ထည့်သွင်းရေးဆွဲထားလျှင် ဘဏ္ဍာရေးလွတ်လပ်မှုကို ပိုမိုပီပြင်စေနိုင်ပါသည်။
အဂတိလိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
ကော်မရှင်နှင့် ကော်မရှင်က ဖွဲ့စည်းသည့် အဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအနက်မှအဓိက ကျမည်ဟု ယူဆသော အကြောင်းအချက်များနှင့် ကော်မရှင်လုပ်ငန်းလည်ပတ်ပုံကို ကောက်နုတ်ဖော်ပြပါမည်။ အသေးစိတ်သိရှိလိုပါက မူရင်းဥပဒေကို ကိုးကားနိုင်ပါသည်။
ကော်မရှင်သည် ပဏမစိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် စိစစ်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။ ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းပြုစုတင်ပြရမည့် လုပ်ပိုင်ခွင့်အာဏာရှိသူများ အမျိုးအစားနှင့် ရာထူးတာဝန်အဆင့်များကို ကော်မရှင်က သတ်မှတ်နိုင်သည်။ လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာရမည်။ လုပ်ပိုင်ခွင့် အာဏာရှိသူဟူသည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်အသီးသီးမှ ရာထူးတာဝန်ရှိသူများကို ဆိုလိုသည်။ ကော်မရှင်အနေဖြင့် မည်သည့် ရာထူးအဆင့်နှင့်အထက် ရှိသူသည် မိမိ၏ ပိုင်ဆိုင်မှုများကို တင်ပြကြေညာရန် တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သည်။တာဝန်ရှိသော လုပ်ပိုင်အာဏာရှိသူများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းကို ကော်မရှင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ကြေညာလွှာများ ပေးပို့ရမည်။ ကြေညာလွှာမှန်ကန်မှု ရှိမရှိ စုံစမ်းစစ်ဆေးခြင်းကိုကော်မရှင်က ပြုလုပ်နိုင်သည်။ ကြေညာလွှာပေးပို့ရန် တာဝန်ရှိသည့်သူ ကွယ်လွန်သွားပါက ထိုသူ၏ အမွေဆက်ခံသူ၊ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် ပစ္စည်းထိန်းက ဆက်လက်၍ သတ်မှတ်ချက်နှင့်အညီ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
ပိုင်ဆိုင်မှုစာရင်းကို ကြေညာလွှာနှင့် တင်သွင်းရမည်ဟု ပါရှိသည့်အပြင် ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းတွင် ယင်းကြေညာလွှာ တင်ပြရမည့် ပုဂ္ဂိုလ်များသည် ကော်မရှင်၏ သတ်မှတ်သည့်အချိန်ကာလအတွင်း တင်ပြရန် တမင်ပျက်ကွက်ကြောင်း သို့မဟုတ် မမှန်မကန် တင်ပြကြောင်း သို့မဟုတ် အချက်အလက်များကို ထိန်ချန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရမည်ဟု ပြဌာန်းထားခြင်းဖြင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေဖြင့် ပံ့ပိုးထားသည်ကို တွေ့ရပါသည်။
စုံစမ်းစစ်ဆေးခံရသူသည် လုပ်ပိုင်ခွင့်အာဏာရှိသူဖြစ်လျှင် ကော်မရှင်မှ တရားစွဲဆိုရန် ဆုံးဖြတ်ခံရလျှင် ဆုံးဖြတ်ခံရသည့်နေ့မှစ၍ ၎င်း၏ လုပ်ငန်းများကို ရပ်နားထားရမည်ဖြစ်သည်။
ကော်မရှင်သည် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား ဦးဆောင်ပြီး သင့်လျော်သည့် နိုင်ငံသားများ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးကာ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှု ပြီးစီးသည့်အခါ ကော်မရှင်ဥက္ကဌထံ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်ပြရမည်။ အစီရင်ခံစာရရှိပြီးနောက် ကော်မရှင်သည် ရက်ပေါင်း (၃၀) အတွင်းဆွေးနွေးဆုံးဖြတ်ရန် ကော်မရှင်အစည်းအဝေးခေါ်ယူကျင်းပရသည်။ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ ခိုင်လုံသော အထောက်အထား မပေါ်ပေါက်ဟု ယူဆပါက စွပ်စွဲတိုက်တန်းချက်ကို ပယ်ချခြင်း၊ ပြစ်မှုကျူးလွန်သည်ဟု ယူဆပါက တရားစွဲဆိုနိုင်ရန် ကြိုတင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းများ ပြုနိုင်သည်။ တရားစွဲဆိုနိုင်ရန် ကြိုတင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်အား နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့ထံဆောလျင်စွာ အသိပေးတင်ပြရမည်ဖြစ်သည်။ တရားစွဲဆိုရန် တာဝန်ပေးအပ်ခြင်း ခံရသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် စုံစမ်းစစ်ဆေးရေးမှူးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူတစ်ဦးဦးကို တရားစွဲဆိုရန်ဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကော်မရှင်က ထုတ်ပေးသော ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အား တရားစွဲဆိုရန် ဖြစ်ပါက တည်ဆဲဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက် ရယူရမည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများတွင် လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးခြင်း၊ တရားရုံးသို့ သက်သေဆင့်ခေါ်ခြင်းအတွက် လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်ကို ရရှိရန် လိုအပ်ရာ လွှတ်တော်ဥက္ကဌထံ ကြိုတင်ခွင့်ပြုချက်ရယူရမည့် သဘောကို တွေ့ရသည်။ ယင်းတို့မှအပ အခြားသူတစ်ဦးဦးကို တရားစွဲဆိုနိုင်ရန် ဖြစ်ပါက ကော်မရှင် ထုတ်ပေးသော ကြိုတင်ခွင့်ပြုချက်ရယူရမည်။
အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများ မှန်ကန်ကြောင်း အထောက်အထား ခိုင်လုံပါက ပိုင်ဆိုင်မှုများ သိမ်းဆည်းနိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များ ပါဝင်သည့် ပဏာမစိစစ်ရေးအဖွဲ့ကို ကိစ္စရပ်အလိုက် ဖွဲ့စည်းနိုင်သည်။ ပဏာမစိစစ်ရေးအဖွဲ့သည် အဆိုပါ ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် သင့်မသင့် သဘောထားမှတ်ချက်ပါသည့် စိစစ်တွေ့ရှိချက်အစိရင်ခံစာကို ကော်မရှင်သို့ တင်ပြရပြီး အဂတိလိုက်စားမှုဖြင့် ရရှိသော ငွေကြေးပစ္စည်းဖြစ်ကြောင်းထင်ရှားလျှင် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသည့် အမိန့်ကို ကော်မရှင်က ချမှတ်နိုင်သည်။
အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ကော်မရှင်သို့ တိုင်ကြားခြင်း
နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့ကလည်း အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးတင်ပြရန် ကော်မရှင်ကို တာဝန်ပေးအပ်နိုင်သည်။ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူတစ်ဦးဦးအပေါ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်း၊ ရာထူးဆိုင်ရာ အလွဲသုံးစားပြုခြင်းစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်သို့ အဆိုပြုတင်ပြခွင့်ရှိသည်။ သက်ဆိုင်ရာလွှတ်တော်ဥက္ကဌသည် ယင်းတင်ပြချက်ကို လက်ခံရရှိသည့်အခါ လိုအပ်သလို စုံစမ်းစစ်ဆေးပြီး တင်ပြရန် ကော်မရှင်ကို တာဝန်ပေးအပ်ရမည်။ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိသူက အဂတိဖြင့် ကြွယ်ဝချမ်းသာလာခြင်းကြောင့်ဖြစ်စေ၊ နစ်နာသူများနှင့် မည်သူမဆို ကော်မရှင်၊ ကော်မရှင်ရုံး၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများသို့ သတင်းပေးချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။ သို့သော် သတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက်ပေးပို့သူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ပြုလုပ်ကြောင်း ပေါ်ပေါက်လျှင်၊ မမှန်သတင်းပေး တိုင်ကြားလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်သည်။
ကော်မရှင်လုပ်ငန်းများတွင် အများပြည်သူပါဝင်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု
အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်နှင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းလာစေရန် နိုင်ငံတစ်နိုင်ငံကို လည်ပတ်မောင်းနှင်နေသာ အဖွဲ့အစည်းများအပြန်အလှန် ထိန်းကျောင်းနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် လျှောက်လှမ်းသော နိုင်ငံများအတွက် များစွာ အရေးကြီးပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ကော်မရှင်၏ အခန်းကဏ္ဍမှာ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားလာစေရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် အလွန်အရေးပါပါသည်။ ကော်မရှင်သည် သမ္မတကို တာဝန်ခံရပြီး ကော်မရှင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းများကို သမ္မတထံတွင် စာရင်းပြုစုတင်ပြရခြင်း၊ ပိုင်ဆိုင်မှုကြေညာလွှာတင်သွင်းရမည့် ပုဂ္ဂိုလ်များသည် ကော်မရှင်သို့ ပိုင်ဆိုင်မှုစာရင်းနှစ်စဉ် တင်သွင်းရခြင်းတို့ကို တွေ့ရှိရပါသည်။ ယင်းကော်မရှင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်း၊ ကော်မရှင်က သတ်မှတ်သော ပိုင်ဆိုင်မှု တင်သွင်းရမည့် ပုဂ္ဂိုလ်များ၏ စာရင်းတို့ကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာသင့်ပေသည်။ ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် အများပြည်သူ သိသင့်သိထိုက်သော စာရင်းအမျိုးအစားနှင့် ချွင်းချက်အနည်းငယ်ဖြင့်သာ ကန့်သတ်ထားသော အများပြည်သူ မသိသင့်ဟု ယူဆသော စာရင်းအမျိုးအစားကို ခွဲခြား၍လည်း ထုတ်ပြန်ကြေညာနိုင်ပါသည်။ သို့မှသာ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံသားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှ ပူးပေါင်းပါဝင်၍ ထိန်းကျောင်းနိုင်ပြီး အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ပေမည်။
ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးတွေ့ရှိချက်၊ နှစ်ပတ်လည်အစီရင်ခံစာများကို သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ တင်သွင်းရသည်။ စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် နှစ်ပတ်လည် အစီရင်ခံစားများကိုမူ အများပြည်သူသိရှိလေ့လာနိုင်ရန် ထုတ်ပြန်ရမည်ဟု ဥပဒေတွင် ထည့်သွင်း ပြဌာန်းသင့်ပါသည်။ ယင်းသို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် အရေးယူမှုများ၊ နှစ်ပတ်လည်အစီရင်ခံစာများကို အများပြည်သူတို့ သိရှိ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုပါဝင်လာပေမည်။
ယခုလွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သော စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒတွင် ထည့်သွင်းပြင်ဆင်ထားသည့် အချက်အချို့
-
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ဆိုသည်ကို မူရင်းဥပဒေပြဌာန်းခဲ့စဉ်က “ကော်မရှင်က ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူဟု အခါအားလျော်စွာ အမိန့်ကြေငြာစာ ထုတ်ပြန်၍ ကြေညာခြင်းခံရသူ” သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခုပြင်ဆင်ချက်တွင် “ဒုတိယဝန်ကြီးအဆင့်၊ ယင်းနှင့် ရာထူးအဆင့်တူသူများနှင့် ဒုတိယဝန်ကြီး အဆင့်အထက်ရှိသော ပုဂ္ဂိုလ်များဖြစ်သည်ဟု ဥပဒေ၏ ပြင်ဆင်ချက်တွင် တွေ့ရသည်။”
-
မူလဥပဒေပြဌာန်းစဉ်က နိုင်ငံတော်သမ္မတသည် ကော်မရှင်ရုံးကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်ဟု ပါရှိခဲ့ခြင်းကို ယခုပြင်ဆင်သည့် ဥပဒေကြမ်းတွင်မူ “ကော်မရှင်ရုံးအား တိုးချဲ့နိုင်ရေးနှင့် ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်နိုင်ရန် ကော်မရှင်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူရန်” လိုအပ်ကြောင်း တွေ့ရသည်။ ယင်းမှာ ကော်မရှင်၏ လွတ်လပ်မှုနှင့် ဘဏ္ဍာရေးအရ မှီခိုနေရမှုကို ပိုမိုထင်ရှားစွာ မြင်လာရစေသည့် ပြင်ဆင်ချက်ဖြစ်သည်။
-
အဂတိလိုက်စားမှုဖြင့် ရရှိလာကြောင်း သက်သေထင်ရှားဖြစ်သည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ကို ကော်မရှင်က ချမှတ်နိုင်ကြောင်း မူလဥပဒေတွင် ပြဌာန်းပါရှိပြီး၊ စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် အမိန့်ချမှတ်ခံရသူသည် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ထဲတွင် အယူခံခွင့်ရှိပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့သည့် ကော်မရှင်က ချမှတ်သည့်အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ လိုအပ်ပါကပြန်လည်စုံစမ်းစစ်ဆေးပြီး သင့်လျော်သည့် အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်ဟု ပြင်ဆင်ထားသည်။ ထိုအချက်က ကော်မရှင်သည် အဂတိလိုက်စားမှုများနှင့် စပ်လျဉ်း၍ စတင်စုံစမ်းစစ်ဆေးရန် ကြိုးပမ်းစဉ်ကပင် သမ္မတနှင့် လွှတ်တော်ဥက္ကဌများကို ကြိုတင်အသိပေး အကြောင်းကြားရခြင်း၊ အမှုအား စီရင်ဆုံးဖြတ်ရန် အမိန့်ချမှတ်ရာတွင်လည်း အယူခံခွင့်ရှိနေခြင်းတို့ကြောင့် လုပ်ထုံးလုပ်နည်းများအား ရှည်ကြာစေသည့် သဘောသက်ရောက်နေပြီး၊ ကော်မရှင်၏ ဆုံးဖြတ်စီရင်ပိုင်ခွင့်ကို အဟန့်အတားဖြစ်စေနိုင်ကြောင်း တွေ့ရသည်။