Posted in ဥပဒေရေးရာ သုတေသန on Sep 09, 2019
မြန်မာနိုင်ငံမှာ အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို စိတ်ဝင်စားမှု မြင့်တက်နေပေမယ့် လက်ရှိ ဥပေဒကြမ်းကတော့ အသေးစားနှင့် အလတ်စား အရင်းအနှီးရှိတဲ့ လယ်ပိုင်ရှင်တွေကို အကျိုးဖြစ်ထွန်းစေနိုင်တဲ့ အချက်အလက်တွေ ပါဝင်မှု အားနည်းပါတယ်။ ဆင်းရဲသား လယ်သမားတွေကို ဦးစားပေးတဲ့ စီမံအုပ်ချုပ်မှု ပုံစံနဲ့ ကျေးလက်ဘဏ္ဍာရေး စနစ်တို့ကို ဦးစွာပထမ အဆင့်မြှင့်တင်ခြင်း မရှိခဲ့ရင် အကျိုးတူပူးပေါင်းလယ်ယာစနစ်က လယ်သမားတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အပြင် အခြေအနေတွေကိုတောင် ပိုဆိုးဝါးစေနိုင်ပါတယ်။ ဆင်းရဲသား လယ်သမားတွေကို ဦးစားပေးတဲ့ စာချုပ်နဲ့ လယ်လုပ်ခြင်းကို ဖြစ်ပေါ်လာစေဖို့အတွက် အဓိက တားဆီးထားတဲ့ အချက်တွေကတော့
- ရုပ်ပိုင်းဆိုင်ရာနဲ့ ဈေးကွက် အခြေခံအဆောက်အအုံ မရှိခြင်း
- အစိုးရရဲ့ ကျေးလက် ဘဏ္ဍာရေးကဏ္ဍ မရှိသလောက်နည်းပါးခြင်း
- လယ်သမားတွေ ဦးဆောင်တဲ့ သမဝါယမတွေနဲ့ သမဂ္ဂတွေ မရှိခြင်း
- ဆင်းရဲတဲ့ လယ်သမားတွေနဲ့ ဒေသခံ အထက်တန်းလွှာကြားမှာ မညီမျှတဲ့ အခွင့်အာဏာတွေ ပိုင်ဆိုင်ထားခြင်း ( ဝုဒ်၊ ၂၀၁၅)
အသေးစိတ်ကို PDF အနေဖြင့် ဖတ်ရှူလိုပါက ဒေါင်းလုဒ်ရယူနိုင်ပါသည်။
အဆိုပါ နောက်ခံ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်း အနာဂတ်ကို ဖန်တီးနိုင်ဖို့အတွက်လည်း အကျိုးပြုမယ်၊ ကျေးလက်လူမှုအသိုက်အဝန်းတွေရဲ့ အခွင့်အရေးတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို အကာအကွယ်ပေးနိုင်မယ် ဆိုပါက အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေတစ်ခု အဆိုတင်သွင်းလာတာကို “မူ“အားဖြင့် လက်ခံကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ဥပဒေကြမ်းက အထက်ပါ အချက်တွေကို တစ်ခုမှ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာကို တွေ့ရတဲ့အပြင် အားနည်းချက်များစွာလည်း ရှိနေပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ရေးဆွဲခဲ့တဲ့ ဥပဒေမူကြမ်းက ဆင်းရဲတဲ့ မိသားစုတွေကို ကာကွယ်ပေးနိုင်ခြင်း ဒါမှမဟုတ် ဈေးကွက်တည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စောင့်ကြပ်ထိန်းသိမ်းနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ မဖြစ်စေပါဘူး။ တကယ်တော့ ဥပဒေကြမ်းက ပဲခူးတိုင်းဒေသကြီးရဲ့ စီးပွားရေး အလားအလာတွေကို ထိခိုက်စေနိုင်ရုံသာမက ဒေသတွင်းနဲ့ ဒေသခံ အထက်တန်းလွှာ လူတန်းစားတွေကို အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။ ဥပဒေကြမ်းကြောင့် လယ်ယာ အနည်းငယ် ပိုင်ဆိုင်သူတွေအတွက် အထက်တန်းလွှာတွေနဲ့ ညှိနှိုင်းနိုင်မှု အင်အားအနေအထားကို အားလျော့စေနိုင်ပါတယ်။
လက်ရှိ ဥပဒေကြမ်းက စာချုပ်နဲ့ လယ်လုပ်ခြင်းကို အကာကွယ်ပေးတဲ့ ဥပဒေမူဘောင် ချမှတ်ပေးနိုင်ခြင်း လုံးဝ မရှိဘဲ ယေဘူယျဆန်တဲ့ ဖော်ပြချက်တွေ၊ လယ်ယာစိုက်ပျိုးသည့် အလေ့အထတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ သဘောသာပါဝင်တဲ့ ဖန်တရာထပ်နေသည့် စကားလုံးတွေနဲ့သာ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့်လည်း ပြဌာန်းချက်တွေအားလုံးက ဖတ်ရှုသူရဲ့ ဘက်လိုက်မှုပေါ်မူတည်ပြီး အမျိုးမျိုး အဓိပ္ဗါယ် ဖွင့်ဆိုနိုင်တာကိုလည်း တွေ့ရပါတယ်။ စည်းမျဉ်းစည်းကမ်းကို အခြေခံတဲ့ စနစ်တစ်ခု ဒါမှမဟုတ် စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် (SOP) တွေကို ချမှတ်ရမယ့်အစား ဥပဒေကြမ်းက ဒေသအတွင်း အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုကို သဘောတူ၊ ငြင်းပယ်နိုင်တဲ့ တိုင်းအဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ကော်မတီအသစ်တွေကိုသာ ဖန်တီးခဲ့ပါတယ်။
ဥပဒေကြမ်းက ကော်မတီ အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်အာဏာတွေ ပေးအပ်ထားပေမယ့်လည်း သူတို့ ဆုံးဖြတ်ချက်ချမှတ်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ရင် ဥပဒေကြမ်းထဲမှာ ခိုင်ခိုင်မာမာ ထည့်သွင်းရေးဆွဲ ထားနိုင်မှု မရှိတာကလည်း အလွန် စိုးရိမ်ဖွယ် ကောင်းလှပါတယ်။ ငွေကြေးအင်အား ကြီးမားတဲ့ လယ်ပိုင်ရှင်တွေ၊ သူတို့ရဲ့ လယ်ယာစီးပွားရေး လုပ်ငန်းတွေနဲ့ ဒေသတွင်း အထက်တန်းလွှာတွေကို မျက်နှာသာပေးနိုင်တဲ့အပြင် ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ ဈေးဆစ်နိုင်တဲ့ စွမ်းအား နည်းပါးနေသူတွေဖြစ်တဲ့ လယ်သမားတွေကို ထပ်ပြီး အားလျော့စေမယ့် ဆုံးဖြတ်ချက် ချမှတ်မှုတွေ ပြုလုပ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
ဒါကြောင့် လောလောဆယ် အခြေအနေမှာ ဥပဒေပြုရေး လုပ်ငန်းစဉ်ကို ခေတ္တရပ်တန့်ထားပြီး ဥပဒေရဲ့ မူဘောင်ကို အရင်သတ်မှတ်ဖို့နဲ့ ဒီလို ဥပဒေတစ်ရပ် ပြဋ္ဌာန်းအတည်ပြုဖို့ ဘာ့ကြောင့်လိုအပ်သလဲဆိုတာကို အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လယ်သမားတွေအပါအဝင် အခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒီလိုဆွေးနွေးပြီးတဲ့ နောက်မှာမှ ဒေသဆိုင်ရာ ဥပဒေတစ်ခု ရှိဖို့ လိုအပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ထွက်ပေါ်လာခဲ့ရင် အစိုးရ အနေနဲ့ အကျိုးစီးပွား ပါဝင်ဆက်နွယ်သူ အားလုံးနဲ့ တိုင်ပင်ပြီး ဥပဒေကို ဆက်လက် အကောင်အထည် ဖော်သင့်ပါတယ်။ ဥပဒေပြုတော့မယ်ရင်လည်း ဥပဒေထဲမှာ စီးပွားရေး တိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိရောက်တဲ့ အုပ်ချုပ်မှုကို ကူညီပေးနိုင်တဲံ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ရပါမယ်။ ဖွဲ့စည်းမယ့် ကော်မတီတွေက ကြိုက်သလို ဆုံးဖြတ်ချက် ချနိုင်တဲ့ လိုသလို အဓိပ္ဗါယ် ဖွင့်ဆိုနိုင်တဲ့ မရှင်းမလင်း ဝေဝါးတဲ့ စကားရပ်တွေကို စာရင်းပြုစုရေးသားထားတဲ့ ဥပဒေမျိုး မဖြစ်စေဖို့လည်း အထူးဂရုစိုက်ရပါမယ်။
ပဲခူးတိုင်းဒေသကြီး စာချုပ်နဲ့ လယ်လုပ်ခြင်း ဥပဒေမူကြမ်း - အထွေထွေ သုံးသပ်ချက်များ
ဥပဒေမူကြမ်းက အထက်အောက် ဗဟိုဦးစီးမှု အခြေခံတဲ့ စီမံကိန်းချ စီးပွားရေး စနစ်ကို ပြန်လည် အသက်သွင်းခြင်းသာ ဖြစ်ပါတယ်။ အစိုးရ ကော်မတီတစ်ခုက လယ်သမားနဲ့ လုပ်ငန်းရှင်ကြား ချုပ်ဆိုမယ့် စာချုပ်စာတမ်းတိုင်းကို စစ်ဆေးပိုင်ခွင့်၊ အတည်ပြု ဒါမှမဟုတ် ငြင်းပယ်ပိုင်ခွင့် ရှိနေပါတယ်။ စာချုပ်နဲ့ လယ်လုပ်ခြင်း ဆိုင်ရာ ဥပဒေကြမ်း တစ်ခုကို ရေးဆွဲမယ်ဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍကို ရှင်းလင်းစွာ ဖော်ပြရမှာ ဖြစ်ပါတယ်။
အစိုးရတစ်ရပ်အနေနဲ့ -
- အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ခြင်း
- လယ်သမားတွေနဲ့ အခြား ပါဝင်ပတ်သက်သူတွေအနေနဲ့ စာချုပ်ပါ တာဝန်နဲ့ ဝတ္တရားတွေကို ရှင်းလင်းစွာ နားလည်စေဖို့ ဆောင်ရွက်ခြင်း
- လယ်သမားတွေအနေနဲ့ ကုမ္ပဏီနဲ့ အကျိုးခံစားခွင့် ဆိုင်ရာ သဘောတူညီချက်တွေကို ညှိနှိုင်းနိုင်ဖို့ အာမခံချက်ရှိစေဖို့ ဆောင်ရွက်ခြင်း
- ရှင်းလင်းစွာ ဖော်ပြထားတဲ့ စာချုပ်နဲ့ လယ်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အငြင်းပွားမှု တစုံတရာ ဖြစ်ပေါ်လာပါက ဖြေရှင်းညှိနှိုင်းပေးခြင်း
တို့ကို လုပ်ဆောင်သင့်ပါတယ်။
ဥပဒေကြမ်းထဲမှာ အထက်ပါ တာဝန်တွေကို အချို့နေရာတွေမှာ ပါဝင်ပေမယ့်လည်း ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေက များစွာ ဝေဝါးပြီး ကော်မတီတွေအနေနဲ့ စိတ်ကြိုက် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကာ ရှင်းလင်းတိကျတဲ့ လိုက်နာစရာ စည်းမျဉ်းတွေ မပါဝင်ပါဘူး။ ဒီအတွက်ကြောင့် အောက်ပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
- အစိုးရ အနေနဲ့ မျှတမှုမရှိဘူးလို့ ဝေဖန်ပြစ်တင်ခံရနိုင်ပါတယ်။
- ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဗျူရိုကရေစီ ယန္တရား နောက်တစ်ခုနဲ့ ထပ်မံ တားဆီးခံရမှာ ဖြစ်ပါတယ်။ ( အစိုးရက အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး စာချုပ်တွေကို ဝင်ရောက် ထိန်းချုပ်ဖို့ ကြိုးပမ်းရင် ဒါမှမဟုတ် ဒဏ်ကြေးတွေ သတ်မှတ်မယ်ဆိုရင် ကုမ္ပဏီတွေအနေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ )
- ကျေးလက်ဒေသခံ ပြည်သူတွေအနေနဲ့လည်း သူတို့ရဲ့ ဘဝတွေကို သက်ရောက်မှု များစွာ ရှိနိုင်မှာဖြစ်တဲ့ ဆုံးဖြတ်ချက်တွေကို သိရှိနားလည်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် အတည်ပြုဆုံးဖြတ်ချက် ပေးရာမှာ လုပ်ထုံးလုပ်နည်း ရှင်းလင်းမှု မရှိခြင်း၊ ကြိုတင်ခန့်မှန်း မရနိုင်ခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ကုမ္ပဏီတွေက နောက်ဆုတ်သွားမယ်ဆိုရင် အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးမှုကြောင့် လယ်သမားတွေ ဝင်ငွေတိုးစေဖို့ဆိုတဲ့ မူလ ရည်ရွယ်ချက်လည်း အောင်မြင်တော့မှာ မဟုတ်ပါဘူး။
နောက်ဆုံး ပြဿနာ တစ်ခုကတော့ ပဲခူးတိုင်းဒေသကြီး အစိုးရက ချဉ်းကပ်ခဲ့တဲ့ နည်းလမ်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်နေတဲ့ နည်းလမ်းနဲ့ ကွဲပြားနေတာကိုလည်း တွေ့ရပြီး အထူးသဖြင့် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ကွဲလွှဲနေတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ချဉ်းကပ်ပုံ နည်းလမ်းက စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်း (SOP) ကို ဖော်ထုတ်တည်ဆောက်ပြီး အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်မယ်ဆိုရင် အစိုးရက ကြားဝင် ကြပ်မတ်ပေးမယ့်ပုံစံ ဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး စာချုပ်နဲ့ လယ်လုပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း - အခြား အခက်အခဲများ
ဥပဒေကြမ်းရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုမှာ လယ်သမားတွေရဲ့ လူမှုဘဝကို မြှင့်တင်ပေးဖို့ဆိုပြီး ပါရှိပါတယ်။ ထိုစကားရပ်၏ အဓိပ္ပါယ်က ဘာပါလဲ။ ထို့ပြင် ဥပဒေကြမ်းရဲ့ဘယ်ပုဒ်မက ဒီအချက်ကို အထောက်အပံ့ဖြစ်စေပါသလဲ။
တိုင်းအဆင့် အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကွပ်ကွဲမယ့် ကော်မတီကို ကျွမ်းကျင်ပညာရှင်တွေ၊ ပုဂ္ဂလိကနှင့် လယ်သမားကိုယ်စားလှယ်နဲ့ အစိုးရ အရာရှိတွေနဲ့ ဖွဲ့စည်းထူထောင်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒီ ကိုယ်စားလှယ်ထဲမှာ အားနည်းတဲ့ လယ်သမားကိုယ်စားလှယ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ရွေးချယ်မလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ သူတို့က လယ်သမားတွေကို ဘယ်လောက်အထိ ကိုယ်စားပြုနိုင်ပြီး ကျေးလက်နေ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုပေးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။
တိုင်းဒေသကြီး အဆင့် ကော်မတီလိုပဲ ခရိုင်အဆင့်နဲ့ မြို့နယ် အဆင့် ကော်မတီတွေကိုလည်း အုပ်ချုပ်ရေးမှူးတွေ၊ လုပ်ငန်းရှင်နဲ့ လယ်သမား ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အစိုးရ အရာရှိတွေက ၄င်းတို့ရဲ့ မိတ်ဆွေတွေကို ကော်မတီတွေမှာ ခန့်အပ်ကြမလား ဒါမှမဟုတ် လယ်သမားတွေ စုပေါင်းတိုင်ပင်ကြပြီး ၄င်းတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်နိုင်မလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ခြင်းအားဖြင့် လွတ်လပ်ပြီး ကျယ်ပြန့်တဲ့ ဈေးကွက်တွေကတဆင့် လယ်သမားတွေ အကျိုးခံစားခွင့် ရရှိစေမယ်ဆိုတဲ့ သဘောတရားကို အကောင်အထည် ဖော်ရမယ့်အစား ဒီ ကော်မတီတွေက ဒေသတွင်း လယ်ယာဈေးကွက်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရှိနေတာကို တွေ့ရှိရပါတယ်။ ဒီနည်းလမ်းတွေကတော့ လယ်ယာထွက်ကုန်တင်ပို့ခြင်းမှာ ဦးစားပေး ထွက်ကုန် သတ်မှတ်နိုင်ခြင်း၊ ဒေသတွင်း ထုတ်လုပ်ရေးဇုန် တည်ဆောက်ခွင့် ဆုံးဖြတ်ပေးနိုင်ခြင်း၊ ထုတ်လုပ်မှုဖြစ်စဉ်တွေမှာ ဝင်ရောက်ဆောင်ရွက်နိုင်ခြင်း နဲ့ အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးပမာဏ အရွယ်အစားကို သတ်မှတ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက အခြားပုံမှန် စီးပွားရေးစနစ်တွေမှာ ဈေးကွက်က ဆုံးဖြတ်ရတဲ့ အရာတွေသာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ တာဝန်က ဈေးကွက်ကို ဥပဒေ စည်းကမ်းတွေနဲ့ ထိန်းကျောင်းခြင်း နဲ့ ဥပဒေ စိုးမိုးမှု ရှိစေဖို့ ဆောင်ရွက်ခြင်းတွေကိုသာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး သဘောအရ လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုက အနည်းဆုံးထားပြီး စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ရဲ့ အားနည်းချက်တွေဖြစ်တဲ့ သတင်းအချက် ရရှိမှု မညီမျှခြင်း (ဥပမာ ဈေးနှုန်း) ၊ အလုပ်သမားတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတွေကလည်း တစ်ဖက်မှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကော်မတီတွေ လုပ်ဆောင်ရမယ့် အချက်တွေဖြစ်တဲ့ လယ်ယာသွင်းအားစု၊ အပင်မျိုးစိတ် အမျိုးမျိုး၊ လယ်ယာထွက်ကုန်အမျိုးမျိုးတို့ အတွက် စံနှုန်း ချမှတ်ပေးခြင်း၊ လယ်ယာစိုက်ပျိုးနည်းတွေကို လေ့လာဆန်းစစ်ခြင်း၊ နည်းပညာ ဖြန့်ဝေခြင်း၊ စာချုပ်နဲ့ စာချုပ် အကောင်အထည်ဖော်ခြင်းတို့ကို စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းစတဲ့ တာဝန်တွေက အစိုးရ တစ်ရပ်က လုပ်ဆောင်ရမယ့် အရာတွေ ဖြစ်လို့ ကော်မတီက လုပ်ဆောင်ခြင်းကသာ သဘာဝ ကျတယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းမှာ ရှင်းလင်းမှုမရှိတဲ့ကိစ္စက ဒေသဆိုင်ရာ ကော်မတီတစ်ခု အနေနဲ့ ဒီလိုတာဝန်တွေ ဖြည့်ဆည်းဖို့ ဘာကြောင့် တာဝန်ရှိနေရတာပါလဲ။ အခြား အစိုးရ ဝန်ကြီးဌာနတွေ၊ ကော်မတီတွေနဲ့လည်း လုပ်ပိုင်ခွင့်တွေ ထပ်နေပါတယ်။ ဥပမာ ပြည်ထောင်စု အဆင့်ရှိ (လယ်ဆည်ဝန်ကြီးဌာန) ရဲ့ လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ၊ အမျိုးသား စီးပွားရေး စတဲ့ အရာတွေနဲ့ တာဝန်တွေ ထပ်နေတာကို တွေ့ရပါတယ်။
ဥပဒေကြမ်းထဲမှာ အထက်ပါ ရည်မှန်းချက်တွေ ရရှိနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ အသေးစိတ် နည်းဥပဒေတွေတော့ မရေးဆွဲရသေးပါဘူးလို့ ယူဆရပါတယ်။ ကော်မတီတွေက ဘယ်လို ဥပဒေစည်းမျဉ်းကို လိုက်နာပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှာလဲ။ ကော်မတီအတွက် အထက်ပါ အချက်တွေနဲ့ အညီ စာချုပ်တိုင်းကို သုံးသပ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ၊ ကျွမ်းကျင်မှု ၊ အချိန် အစရှိတဲ့ အရင်းအမြစ်တွေကို ရရှိနိုင်ပါမလား။
ဥပဒေကြမ်းမှာ စာချုပ်နဲ့ လယ်လုပ်ခြင်းဆိုင်ရာ ပုံစံငါးမျိုး ဖော်ပြထားပြီး ၄င်းတို့မှာ ကုမ္ပဏီဗဟိုပြုစနစ်၊ မြေငှားရမ်း ဆောင်ရွက်တဲ့စနစ်၊ ခြံဗဟိုပြုစနစ်၊ ကြားခံအဖွဲ့အစည်းစနစ်နဲ့ ရာသီအလိုက်ချုပ်ဆိုတဲ့စနစ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို ဥပဒေကြမ်းထဲမှာ ထည့်သွင်းရေးဆွဲဖို့ လိုအပ်ခြင်း ရှိမရှိ မသေချာပါဘူး။ စိတ်ဝင်စားဖို့ကောင်းပေမယ့်လည်း ဒီအချက်တွေကို စာချုပ်နဲ့ လယ်လုပ်ခြင်း ပုံနိုပ်စာအုပ် ဒါမှမဟုတ် အချက်အလက်ဆိုင်ရာ စာရွက်စာတမ်းတွေအနေနဲ့ ဖော်ပြထားရင် လုံလောက်ပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို လုပ်ဆောင်လိုတဲ့ ကုမ္ပဏီတွေနဲ့ လယ်သမားတွေက ကော်မတီတွေရဲ့ ခွင့်ပြုချက် ရယူဖို့ လိုပေမယ့် ဒီ့အတွက် ခွင့်ပြုချက်လိုအပ်ရတဲ့ အကြောင်းရင်းကို ဖော်ပြထားခြင်း မတွေ့ရပါဘူး။ ပုံမှန် အခြေအနေတစ်ခုအောက်မှာ စာချုပ်ဝင် နှစ်ဦးကြားမှာရှိတဲ့ စာချုပ်တစ်ခုက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတစ်ခုသာ ဖြစ်ပါတယ်။ သို့သော် ရှင်းလင်းစွာ ရေးသားထားသော စာချုပ်စာတမ်း ဥပဒေက စာချုပ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ပေးပြီး တရားရုံးများ၊ လွှတ်တော်များက စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် လုံလောက်မှု ရှိမည် ဖြစ်ပါသည်။
ထိုအချက်မှာ ကော်မတီတွေက ပါမစ် ၊လိုင်စင်၊ လုပ်ပိုင်ခွင့်တွေ ချပေးနိုင်ပြီး ကျေးလက်ပြည်သူတွေရဲ့ ဘဝကို ထပ်မံ ထိန်းချုပ်ဖို့နဲ့ ဗျူရိုကရေစီ ယန္တရား ရှုပ်ထွေးမှုကို ထပ်မံ ဖန်တီးသလို ဖြစ်နေပါတယ်။
ဥပဒေကြမ်းမှာ စာချုပ်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း အချို့ ပါရှိပေမယ့် ပြဋ္ဌာန်းချက်တွေက ဝေဝါးနေပါတယ်။ ဥပမာ စာချုပ်ချုပ်ရာမှာထည့်သွင်းရမယ့်အချက်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်မှုတွေကို ရှောင်ရှားရမယ်လို့ ပါရှိပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ရှင်းလင်းမှု မရှိဖြစ်နေပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်ရမယ်လို့ ဆိုလိုခြင်းနဲ့ လူမှုရေး ထိခိုက်မှုကို ကာကွယ်ဖို့ဆိုတဲ့ ရည်ညွှန်းမှုတွေက ဥပဒေရဲ့ ရည်ရွယ်ချက် ဖြစ်တယ်ဆိုရင် တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကို ဖော်ပြထားရမှာ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပါက ဒဏ်ကြေးကို ကော်မတီတွေထံ စာချုပ်နဲ့ လုပ်ကိုင်သူတွေက ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ချမ်းသာတဲ့ မြေပိုင်ရှင် တစ်ဦး ဒါမှမဟုတ် လယ်ယာလုပ်ငန်းရှင်တစ်ဦးက အလွယ်တကူ ဒဏ်ကြေးကို ပေးနိုင်မှာဖြစ်ပေမယ့်လည်း အသေးစား လယ်ပိုင်ရှင် လယ်သမားတွေကတော့ ဒီလို ဒဏ်ကြေးတွေ ပေးဆောင်ရမယ် ဆိုရင် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းမှာ လုံးဝ ပျက်စီးဆုံးရှုံးသွားနိုင်ချေ ရှိနေပါတယ်။
စာချုပ်စာတမ်း အငြင်းပွားမှုတွေကို မြို့နယ်ကော်မတီတွေမှာ ဖြေရှင်းရမယ်ဆိုတဲ့ အချက်ကလည်း ကြီးမားတဲ့ လုပ်ငန်းရှင်တွေနဲ့ မြေပိုင်ရှင်တွေကိုသာ အခွင့်သာစေပြီး လယ်သမား အငယ်စားတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းတွေ မရှိတာကြောင့် အငြင်းပွားမှု ဖြေရှင်းခြင်း ဖြစ်စဉ်တွေမှာ ဘယ်လိုနည်းတွေက လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မလဲဆိုတာ ရှင်းလင်းမှု မရှိပါဘူး။
ကိုးကား
APSID (2018) Contract Farming Pros & Cons. https://www.apsid.org/2018/06/16/contract-farming-pros-and-cons/
AgriProFocus/Holtland (2017) Contract farming in Ethiopia: Concept and practice. https://images.agri-profocus.nl/upload/Contract_Farming_in_Ethiopia_-_Concept_and_Practice1495022084.pdf
FAO (2017) Contract farming and the law: What do farmers need to know? http://www.fao.org/3/a-i7581e.pdf
Woods (2015) CP maize contract farming in Shan State, Myanmar: A regional case of a place-based corporate agro-feed system. https://www.tni.org/en/publication/cp-maize-contract-farming-in-shan-state-myanmar-a-regional-case-of-a-place-based
World Bank (2014) An Analytical Toolkit For Support to Contract Farming. http://documents.worldbank.org/curated/en/575871468204575206/pdf/881810REVISED00y020140WB0Internal02.pdf