Posted in ဥပဒေရေးရာ သုတေသန on Sep 09, 2019
စတင်ဖို့အတွက် ဥပဒေကြမ်းတစ်ခုကို အတည်ပြုပြဌာန်းဖို့ ကြိုးပမ်းနေပါတယ်။ တောင်သူ လယ်သမားတွေနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး ပူးပေါင်းလယ်ယာစနစ်နဲ့ ဥပဒေကြမ်းကို ရှင်းလင်းခြင်းတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်က ရရှိလာတဲ့ ဥပဒေကြမ်းကို လေ့လာပြီး ဥပဒေကြမ်းရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ထောက်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။ နောက်ထပ်လည်း အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို လုပ်ဆောင်ရာမှာ သတိကြီးကြီးထားသင့်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ဂေဟစနစ်တွေထိခိုက်မှု ရှိလာနိုင်မယ့် အခြေအနေတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။
ကော်မတီဆိုင်ရာလေ့လာသုံးသပ်ချက်
ဥပဒေပါ ရည်ရွယ်ချက်တွေ လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်တာ တွေ့ရပေမယ့် တိုင်းဒေသကြီးကြပ်မှုကော်မတီရဲ့ လုပ်ပိုင်ခွင့်ကသာ လွှမ်းမိုးထားပါတယ်။ တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီကို အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းရပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးဆောင်ပါတယ်။ ကော်မတီရဲ့ လုပ်ကိုင်ခွင့်နဲ့ တာဝန်တွေ ဥပဒေကြမ်းမှာ ပါရှိပေမယ့် ကော်မတီဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တာဝန်ယူ ဆောင်ရွက်တဲ့ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။
ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ထုတ်လုပ်ရေးဇုန်တွေကို ဒေသအလိုက် သတ်မှတ်နိုင်တယ်လို့ ပါရှိပါတယ်။ ထုတ်လုပ်ရေးဇုန် သတ်မှတ်တဲ့အခါမှာ သက်ရောက်နိုင်တဲ့ အကျိုးအပြစ်က ကြီးမားပေမယ့် တိုင်းဒေသကြီးကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့တင် ပြီးပြတ်တာက တာဝန်ခံမှုပိုင်းမှာ များစွာအားနည်းမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအတွက် ထုတ်လုပ်ရေးဇုန် သတ်မှတ်ခြင်းနဲ့ ပတ်သက်လာရင် တာဝန်ယူ တာဝန်ခံမှု ပိုမိုမြင့်မားစေဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ခံယူဖို့လိုအပ်တာမျိုးတွေကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ လူမှုစီးပွား ထိခိုက်မှုဆိုင်ရာ
စာချုပ်ချုပ်ဆိုရာမှာ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားဆိုင်ရင် သက်ရောက်နိုင်တဲ့ ထိခိုက်မှုတွေမဖြစ်ပေါ်စေရေးနဲ့ ဖြစ်ပေါ်လာရင် တာဝန်ယူရမယ်လို့ ဥပဒေကြမ်းမှာ ယေဘုယျ ထည့်သွင်းထားပါတယ်။ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားတွေကို ထိခိုက်မယ့် အကျိုးဆက်တွေကို သေချာလေ့လာဆန်းစစ်နိုင်ဖို့အတွက် ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ရပ်ကို တာဝန်ယူစေတာမျိုးကို ဥပဒေကြမ်းမှာ ထည့်သွင်းပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ ဒီလိုကိစ္စရပ်မျိုးတွေဟာ ဖြစ်ပေါ်လာမှ ဖြေရှင်းရင် ပြန်လည်ကုစားနိုင်ဖို့အတွက် အချိန်များစွာ ပေးရတဲ့အပြင် ဆုံးရှုံးနစ်နာမှုဟာလည်း များစွာကြီးမားပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်း လုပ်ကိုင်ရာမှာ မြေယာတွေကို တစ်ဆက်စပ်တည်း ဖြစ်လာစေဖို့အတွက် မြေယာပြုပြင်ခြင်းနဲ့ ရေးလမ်းကြောင်းတွေကို ပြင်ဆင်ခြင်းတွေ မလွဲမသွေ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှု၊ ဂေဟစနစ်ပျက်ယွင်းမှုနဲ့ လူမှုစီးပွား (အလုပ်အကိုင်အခွင့်အလမ်း) ထိခိုက်နစ်နာမှုတွေဟာ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ဒီအတွက် အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်းရဲ့ ပမာဏအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှု၊ ပျက်ယွင်းသွားမယ့် ဂေဟစနစ်နဲ့ လူမှုစီးပွားဆိုင်ရာ ထိခိုက်နစ်နာနိုင်မှုတွေကို လုပ်ငန်းတွေ မစတင်ခင်မှာ လေ့လာဆန်းစစ်နိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ရပ် ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနရဲ့ တာဝန်ယူမှုမျိုးကို ဥပဒေထဲမှာ မဖြစ်မနေ ထည့်သွင်းပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာ "တာဝန်ယူရမယ်"ဆိုတဲ့ စကားရပ်လောက်နဲ့ လုံးဝ မလုံလောက်ပါဘူး။
အကျိုးတူပူးပေါင်းလယ်ယာစနစ်
ဥပဒေကြမ်းမှာ ပူးပေါင်းလယ်ယာစနစ် (၅)မျိုးကို ဖော်ပြထားပါတယ်။ စနစ် (၅)မျိုးမှာ မြေငှားရမ်းဆောင်ရွက်တဲ့စနစ်က တောင်သူက မြေကို ရှယ်ယာအဖြစ်ထည့်ဝင်ခြင်း ဒါမှမဟုတ် မြေနဲ့ လုပ်အားပါ ရှယ်ယာအဖြစ်ထည့်ဝင်ခြင်းနဲ့ အကျိုးအမြတ်ခွဲဝေ ရယူတဲ့စနစ် ဖြစ်ပါတယ်။ လုပ်ငန်းရှင်က မြေယာတွေကို တစ်ဆက်စပ်တည်း ပြုပြင်ပြီး ဦးဆောင်စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။
မြေငှားရမ်းတဲ့စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက်လုပ်ကွက်ငယ် တောင်သူတွေကို ပထမဆုံး နားလည်အောင် စည်းရုံးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြေငှားရမ်းစနစ်ကို လုပ်ဆောင်ပြီဆိုရင် ပထမဆုံး စတင်ရင်ဆိုင်ရမှာက အလုပ်အကိုင်အခွင့်အလမ်းကိစ္စ ဖြစ်ပါတယ်။ တစ်ဆက်စပ်တည်း မြေယာတွေကို ပြုပြင်ပြီး စက်မှုလယ်ယာလုပ်ငန်းကို အကောင်အထည်ဖော်လိုက်တာနဲ့ လုပ်သားလိုအပ်ချက်က များစွာလျော့နည်းသွားမှာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်ခြင်းနဲ့ အလုပ်အကိုင်ရှာဖွေခြင်းတွေဟာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အတွက် ရွှေ့ပြောင်းနေထိုင်ကြပြီဆိုရင် ရွာတွေပျောက်ကွယ်သွားပြီး မြို့ပေါ်ကို ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာကြတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးနဲ့ ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးတွေကို ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။ အကယ်၍များ ထုတ်ကုန်တွေအတွက် ပို့ကုန်ဈေးကွက်က နိုင်ငံတစ်ခုတည်းကိုသာ မှီခိုအခြေပြုနေရရင် ဈေးနှုန်းနဲ့ အရေအတွက်ပမာဏဟာလည်း တည်ငြိမ်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် အဆုံးမှာ ထိခိုက်နစ်နာနိုင်ခြေက တောင်သူတွေဆီကို ရောက်လာမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က မျိုးစေ့၊ မျိုးဆံနဲ့ မျိုးစိတ် ပြဿနာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဒေသမျိုးရင်းတွေအတော်များများဟာ ပျောက်ကွယ်နေပြီး အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို လုပ်ဆောင်လို့ ကုမ္ပဏီတွေက ဈေးကွက်လိုအပ်ချက်ဖြစ်တဲ့ နိုင်ငံခြားမျိုးတွေကိုသာ ထုတ်ကုန်အဖြစ် ထုတ်လုပ်တော့မယ်ဆိုရင် ငွေကြေးအရ အကျိုးအမြတ်ရရှိမှုရှိခဲ့ရင်တောင် နောင်တစ်ချိန်မှာ ဒေသမျိုးရင်းတွေ ပျောက်ကွယ်ပြီး နိုင်ငံခြားက မျိုးစေ့၊ မျိုးဆံနဲ့ မျိုးစိတ်တွေကိုသာ မှီခိုအားထားရမယ့် အခြေအနေကို ရောက်ရှိလာနိုင်ခြေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ဒေသအလိုက် ထုတ်လုပ်ရေးဇုန်များဖော်ဆောင်ခြင်း
ဥပဒေကြမ်းကို အတည်ပြုပြီးတာနဲ့ အကျိုးတူပူးပေါင်းလယ်ယာစနစ် အောင်မြင်ဖို့အတွက် တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဟာ ဒေသဇုန်တွေ ဖော်ထုတ်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒေသဇုန်တွေ ဖော်ထုတ်လာရင် မြေယာတစ်ဆက်စပ်တည်း ပြုပြင်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေနဲ့ ဂေဟစနစ် ပျက်ယွင်းနိုင်မှုတွေကို သေချာလေ့လာဆန်းစစ်နိုင်မှသာ ထုတ်လုပ်ရေးဇုန်တွေကို ဖော်ဆောင်သင့်ပါတယ်။ ဒီအတွက် ရှေ့မှာပြောခဲ့သလို ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုစီးပွား ထိခိုက်နိုင်ချေနဲ့ ပတ်သက်တဲ့ တာဝန်ယူ တာဝန်ခံတဲ့ ပြဋ္ဌာန်းချက်မျိုးကို ဥပဒေကြမ်းမှာ မတွေ့ရပါဘူး။ ၎င်းကိစ္စရပ်တွေကို ဖြစ်ပေါ်လာမှသာ ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ပဲခူးတိုင်းဒေသကြီးတင်မက နိုင်ငံတစ်ခုလုံးအတွက်ပါ ဆုံးရှုံးနစ်နာမှုကို ခံစားရမှာ ဖြစ်ပါတယ်။
ဂေဟစနစ်နှင့် သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်
မြန်မာနိုင်ငံရဲ့ ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဆိုတဲ့ (MSDP) မှာ မဟာဗျူဟာ (၅.၁) အရ ဇီဝမျိုးစုံ မျိုးကွဲတွေဟာ ရေထု၊ လေထုနဲ့ ကုန်းမြေအခြေပြု ဂေဟစနစ်ကို ကျောထောက်နောခံပြုတယ်လို့ ဆိုထားပါတယ်။ မြေပေါ်၊ မြေအောက်နဲ့ ရေအောက်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးခြင်းကို ထိရောက်စွာ လုပ်ဆောင်သွားမယ်လို့လည်း ရေရည်ဖွံ့ဖြိုးရေးအစီအစဉ်ထဲမှာ ပါရှိပါတယ်။ ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ မဟာဗျူဟာ (၅.၁)ထဲမှာဆိုရင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျိုးစိတ်တွေကို ထိန်းသိမ်းဖို့ နဲ့ ပြင်ပက ဝင်ရောက်လာတဲ့ မျိုးစိတ်တွေကို တားဆီးထိန်းချုပ်နိုင်ဖို့တွေအတွက် ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေ ထည့်သွင်းရေးဆွဲ ထားပါတယ်။
အကျိုးတူပူးပေါင်းလယ်ယာစနစ်မှာ တစ်ကွင်းထဲ၊ တစ်ဆက်စပ်တည်း လယ်ယာမြေတွေကို ပြုပြင်ပြီဆိုတာနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေဟာ ပျက်ဆီးဆုံးရှုံးဖို့ အလားအလာ များစွာရှိပါတယ်။ ဒီအတွက် ဒေသအလိုက် ထုတ်လုပ်ရေးဇုန် ဖော်ထုတ်ခြင်းတွေကို တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ ကော်မတီရဲ့ တာဝန်ခံမှုသက်သက်နဲ့ မလုံလောက်ပါဘူး။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ တာဝန်ယူ တာဝန်ခံမှုပါ လိုအပ်ပါတယ်။