Posted in ဥပဒေရေးရာ သုတေသန on Aug 07, 2019
ရွေးကောက်ပွဲတွေကို လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ တိုင်းတာမှု ပေတံတစ်ချောင်းအနေနဲ့ အသုံးပြုလေ့ရှိပါတယ်။
လွှတ်တော်တွေမှာ တင်သွင်းဆွေးနွေးမှု မပြုလုပ်သေးပေမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့အင်တာနက်စာမျက်နှာပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ပဉ္စမအကြိမ်မြောက် ပြင်ဆင်ချက်ဥပဒေကြမ်းဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေကြမ်းတွေကို အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှ တင်သွင်းရတဲ့ အကြောင်းရင်းက စဉ်းစားစရာ ဖြစ်လာပါတယ်။
ပြင်ဆင်ချက်တင်သွင်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကြမ်းတွေမှာ ပြင်ဆင်ချက် (၅)ချက်စီ ပါရှိပြီး ပထမဆုံးပြင်ဆင်ချက်တွေကတော့ ဥပဒေခေါင်းစဉ်ကို ပြောင်းလဲတဲ့ ပြင်ဆင်ချက်တွေပဲ ဖြစ်ပါတယ်။
နောက်ထပ်ပြင်ဆင်ချက် ၃ ရပ်
ဒုတိယမြောက် ပြင်ဆင်ချက်ကတော့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတွေက "မဲစာရင်းတွေ ပြုစုရမယ်"ဆိုတဲ့ မူလဥပဒေပါ ပြဋ္ဌာန်းချက်ကို "မဲစာရင်းတွေ ပြုစုခြင်း၊ ပြင်ဆင်ခြင်းနဲ့ ဖြည့်စွက်ခြင်း"တို့ ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။
တတိယမြောက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲကို "မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်တယ်"လို့ ထပ်မံ ဖြည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
စတုတ္ထမြောက်ကတော့ "ရွေးကောက်ခံကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ် မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်မည်သူမဆို ၎င်းမဲဆန္ဒနယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ကန့်ကွက်လိုရင် အကျိုးအကြောင်းခိုင်လုံပါက ကန့်ကွက်လွှာတင်သွင်းနိုင်တယ်"လို့ ပြင်ဆင်ထားပါတယ်။
ဒုတိယပြင်ဆင်ချက်အရဆိုရင်တော့ မဲစာရင်းတွေ မှန်ကန်တိကျဖို့အတွက် မြို့နယ်နဲ့ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတွေကို တာဝန်ပိုမိုပေးလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တတိယက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်မူဘောင်ထဲမှာရှိနိုင်ပြီး နည်းဥပဒေအနေနဲ့ ရေးဆွဲပြဋ္ဌာန်းလို့ ရနိုင်ပေမယ့် ဘာကြောင့် ဥပဒေအနေနဲ့ ထည့်သွင်းပြင်ဆင်လာတာလဲဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
စတုတ္ထပြင်ဆင်ချက်က မူလဥပဒေအတိုင်းဆိုရင် မည်သည့်ရွေးကောက်ခံကိုယ်စားလှယ်ကိုမဆို နိုင်ငံတဝန်းလုံးမှာရှိတဲ့ မဲဆန္ဒရှင်တိုင်းက ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိကြောင်း ကန့်ကွက်နိုင်တယ် ဆိုတဲ့သဘောကနေ ရွေးကောက်ခံကိုယ်စားလှယ်ရဲ့မဲဆန္ဒနယ်က မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်ကသာ ကန့်ကွက်နိုင်တယ်လို့ တိတိကျကျ ဖွင့်ဆိုနိုင်ဖို့အတွက် ပြင်ဆင်တဲ့အတွက် ကောင်းမွန်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ပဉ္စမမြောက်ပြင်ဆင်ချက်
ပဉ္စမမြောက်ပြင်ဆင်ချက်ကတော့ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ခြင်းဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်မှုဖြစ်လာခဲ့ရင် "လွှတ်တော်ရဲ့ပုံမှန်သက်တမ်းကာလအတွင်းမှာ ဥပဒေနဲ့အညီ အစားထိုး ရွေးကောက်တင်မြှောက်ရမယ်"လို့ ဖော်ပြထားပါတယ်။
ပထမအကြိမ်လွှတ်တော်သက်တမ်းကာလမှာရော၊ ဒုတိယအကြိမ်လွှတ်တော်ရဲ့ အစပိုင်းကာလမှာပါ ဒီပုဒ်မကို ပြင်ဆင်ခဲ့ဖူးပါတယ်။ ၂၀၁၀ ခုနှစ်၊ မူလဥပဒေမှာက လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ လစ်လပ်ခဲ့ရင် ဥပဒေနဲ့အညီ အစားထိုးရွေးကောက်ရမယ်လို့ ပါရှိပြီး တတိယအကြိမ် ရွေးကောက်ပွဲဥပဒေတွေကို ပြင်ဆင်ခဲ့စဉ်အခါမှာတော့ လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ လစ်လပ်ခဲ့ရင် ဥက္ကဋ္ဌတွေက ကော်မရှင်ကို အကြောင်းကြားပါက ခြောက်လအတွင်း ဥပဒေနဲ့အညီ အစားထိုးရွေးကောက်ရမယ်လို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်ရဲ့ သက်တမ်းကုန်ဆုံးမယ့် တစ်နှစ်အတွင်းမှာတော့ အစားထိုးရွေးကောက်ခြင်း မပြုရလို့တော့ ကန့်သတ်ထားပါတယ်။
လစ်လပ်မဲဆန္ဒနယ်နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်ကိုပဲ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ အစပိုင်းကာလမှာ စတုတ္ထအကြိမ် ပြင်ဆင်တဲ့ဥပဒေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်လို့ လွှတ်တော်ဥက္ကဋ္ဌတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားရင် လွှတ်တော်ရဲ့ ပုံမှန်သက်တမ်းအတွင်း ပထမနှစ်ကာလမှာဆိုရင် တစ်နှစ်အတွင်း အစားထိုး ရွေးကောက်တင်မြှောက်ရမယ်လို့ ပြင်ဆင်ခဲ့ပါတယ်။ ဒုတိယ၊ တတိယနဲ့ စတုတ္ထနှစ်တွေ အတွင်းမှာဆိုရင်တော့ ခြောက်လအတွင်း ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို တတိယနဲ့ စတုတ္ထအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့တာမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတာနဲ့ပတ်သက်ပြီး ဘယ်အချိန်ကာလတွေမှာ ပြုလုပ်မယ်ဆိုပြီး တိကျတဲ့ သတ်မှတ်ချက်မျိုးဖြစ်လာအောင် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ပဉ္စမအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေအရဆိုရင် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတာနဲ့ ပတ်သက်လာရင် တိကျတဲ့ အချိန်ကာလအတွင်းမှာ ကျင်းပရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဖြုတ်လိုက်တဲ့သဘောမျိုး သက်ရောက်သွားပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ သဘောချင်း တူသွားတယ်လို့ ဆိုနိုင်ပါတယ်။
ကော်မရှင်အတွက်လား၊ မဲဆန္ဒရှင်တွေအတွက်လား
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်မျိုးဟာ ဒုတိယအကြိမ်လွှတ်တော်ရဲ့ သက်တမ်းကာလအတွင်း လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကပဲ ဥပဒေကြမ်းအဖြစ် တင်သွင်းပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲဆိုင်ရာဥပဒေကြမ်းတွေကိုလည်း ကော်မရှင်က တင်သွင်းတာဆိုရင်တော့ ကော်မရှင်ရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြင်ဆင်နိုင်ဖို့အတွက် စတုတ္ထအကြိမ်ပြင်ဆင်ချက်ဥပဒေမူကြမ်း တင်သွင်းခဲ့စဉ်က ရွေးကောက်ပွဲကော်မရှင်ဟာ ဥပဒေကြမ်းတင်သွင်းရတဲ့ ရည်ရွယ်ချက်ကို လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။ ရှင်းလင်းရာမှာတော့ အထွေထွေရွေးကောက်ပွဲအပြီး ပထမနှစ်မှာ ကန့်ကွက်လွှာအမှုများ စစ်ဆေးရခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရခြင်းနဲ့ ပဉ္စမနှစ်မှာ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ရခြင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရခြင်း ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့ အထွေထွေရွေးကောက်ပွဲအပြီး လုပ်ငန်းဆောင်တာတွေများပြားတာကြောင့် ခြောက်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အခက်အခဲရှိတဲ့အတွက် တစ်နှစ်အတွင်း ကျင်းပမယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြင်ဆင်ရာမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တစ်ခုတည်းကိုသာ ပြင်ဆင်ခဲ့တာကိုလည်း သတိပြုရပါမယ်။
ပဉ္စမအကြိမ်မြောက် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြင်ဆင်ဖို့ လုပ်ဆောင်ရာမှာလည်း ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ပြန်ပါလာပါတယ်။ ဒီတစ်ကြိမ် ပြင်ဆင်ရာမှာတော့ မူလ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ သဘောချင်းတူသွားပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခြင်းနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အဖြစ် အပြည့်အဝ ပြန်လည်ပေးအပ်လိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်ရခြင်းရဲ့ အနှစ်သာရက လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ကိုယ်စားပြုမှုကို ပြန်လည်ရရှိစေဖို့ဆိုတဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ရပ် ပါရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရတဲ့ အနှစ်သာရကို မစဉ်းစားဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ သတ်မှတ်ထားသော တိကျတဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြုတ်လိုက်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲ ပေးအပ်လိုက်ခြင်းဟာ မူလရည်ရွယ်ချက်တွေအပေါ်မှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က လွှမ်းမိုးလိုက်သလိုမျိုး ဖြစ်နေပါတယ်။
ဥပဒေတွေကို ပြင်ဆင်ရာမှာ
ဥပဒေတွေကို ပြင်ဆင်တယ်ဆိုတာက မိမိတို့တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ပေါ်ထွက်လာဖို့နဲ့ ခေတ်စနစ်နဲ့လိုက်လျောညီထွေရှိစေဖို့ ရည်ရွယ်လိုရင်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို တည်ဆောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍက များစွာအရေးပါပါတယ်။ ကော်မရှင်ဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လုပ်ဆောင်ရသလို နိုင်ငံရေးပါတီတွေ အားကောင်းရှင်သန် ကြီးထွားလာစေရေးနဲ့ မဲဆန္ဒရှင်တွေက ရွေးကောက်ပွဲတွေအပေါ်မှာ ယုံကြည်လာကြပြီး ဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံကျင့်သုံးလာစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်လို့ နိုင်ငံသားအများစုက ယုံကြည်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကနေ တာဝန်ပေးထားတဲ့ (Democratic Institution) အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ပေးမယ်လို့ ယုံကြည်ထားခြင်းခံရတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ကာလအပိုင်းအခြား တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားချက်ကို ဖြုတ်လိုက်ပြီး အချိန်ကာလအပိုင်းအခြားထားရှိခြင်း မလုပ်တော့ဘဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အဖြစ် အပ်နှင်းလိုက်တဲ့ ပြင်ဆင်မှုမျိုးက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ တရားမျှတမှုမျိုးအတွက် အန္တရာယ်ရှိနိုင်ပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာအားကောင်းရေးအတွက်လည်း အထောက်အပံ့ကောင်းတစ်ခု မဟုတ်ပါဘူး။
လှမျိုးကျော် ရေးသားသည်။