Posted in Budget Transparency, Political Institutions on Apr 02, 2019

တနင်္သာရီတိုင်းအစိုးရအဖွဲ့က လာမယ့် ၂၀၁၉-၂၀၂၀ အတွက် ဘက်ဂျက်အကြိုထုတ်ပြန်ချက် (Pre-Budget Statement) ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဘက်ဂျက်အကြိုထုတ်ပြန်ချက်မှာ တိုင်းအစိုးရရဲ့ ရငွေနဲ့ သုံးငွေတွေကို ဖော်ပြထားတဲ့အပြင် ဦးစားပေး လုပ်ဆောင်မယ့် ဦးစားပေးကဏ္ဍတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်အကြိုထုတ်ပြန်ချက် ရေးဆွဲတဲ့အခါ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို အထောက်အကူပြုစေဖို့ မူဝါဒအခြေပြု ဘက်ဂျက် ရေးဆွဲတဲ့ပုံစံနဲ့ ရေးဆွဲထားတာဖြစ်တယ်လို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့က ဆိုထားပြီး ဒီပုံစံကို ၂၀၁၇-၂၀၁၈ ခုနှစ် ကတည်းက စတင်ကျင့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်းအစိုးရရဲ့ ဝင်ငွေရလမ်းတွေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တနင်္သာရီတိုင်းမှာ ဝင်ငွေရလမ်း (၄) ခုရှိပြီး ပြည်ထောင်စု ထောက်ပံ့ငွေ၊ အခွန်ဝေစု၊ အခြားသာမန်ရငွေနဲ့ အခွန်အကောက်ရငွေတို့ ဖြစ်ပါတယ်။ အခွန်ဝေစုဆိုတာကတော့ ပြည်ထောင်စုက ကောက်ခံတဲ့ ဝင်ငွေခွန်ထဲက ၅%၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန်ကောက်ခံမှုကနေ ၁၅%စီကို တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်တွေကို ခွဲဝေပေးတဲ့ ဝင်ငွေ ဖြစ်ပါတယ်။

တိုင်းအစိုးရရဲ့ ဝင်ငွေစုစုပေါင်းဟာ ကျပ်သန်းပေါင်း ၁၆၀၈၄၆.၈၃၄ ရှိမယ်လို့ တွက်ချက်ထားပြီး ဒီပမာဏဟာ ၂၀၁၈-၂၀၁၉ ရငွေထက် ကျပ်သန်းပေါင်း ၁၃၀ဝ ကျော် ပိုများပါတယ်။

တနင်္သာရီတိုင်းအစိုးရဟာ အခွန်အကောက်အဖြစ် အမျိုးအစား ၈ ခုမှာ ကောက်ယူနေပြီး ဒီထဲမှာ သစ်တောထွက်ပစ္စည်း ထုတ်ယူမှုကနေ ကောက်ခံတဲ့ အခွန်ဟာ အများဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ကောက်ခံတဲ့ အခွန်အမျိုးအစား တွေကတော့ ယစ်မျိုးခွန်၊ မြေယာပေါ်က ကောက်ခံတဲ့အခွန်၊ တာတမံခွန်၊ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ အင်းအိုင်ခွန်၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ ပစ္စည်းခွန်နဲ့ ဘီးခွန်တွေ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ အဖိုးတန် ပျဉ်းကတိုး၊ ပိတောက်၊ သင်္ဃန်းနှင့် သော်ကကြီးလိုမျိုး ပေါက်ရောက်တဲ့အပြင် သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ ထွက်ကုန်တွေကတော့ ထင်း၊ မီးသွေး၊ ဝါး၊ ကြိမ်၊ ရှားစေး၊ သစ်ခေါက်၊ သစ်ခွ၊ သနပ်ခါး၊ ဖာလာစေ့၊ ပျားရည်၊ ဓနိ၊ လင်းနို့ချေး၊ ဝဥခြောက်၊ တံမြတ်စည်းတို့ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ တိုင်းဒေသကြီးအတွက် အခွန်ဝင်ငွေ အများဆုံးရနေတဲ့ သစ်တောထွက်ပစ္စည်းအခွန်ကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် လျှော့ချခန့်မှန်းထားပြီး ယစ်မျိုးခွန်မှာတော့ တိုးမြှင့်ရရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ဦးစားပေးကဏ္ဍတွေက ဘာလဲ…

၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်အတွက် တနင်္သာရီတိုင်းအစိုးရရဲ့ ဦးစားပေး ကဏ္ဍပေါင်း ၁၂ ရပ် ရှိပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတွေဟာ ဗဟိုအစိုးရရဲ့ မူဝါဒတွေကို မကျော်လွန်ဘူးဆိုရင် ကိုယ့်ဒေသရဲ့ လိုအပ်ချက်အလိုက် ထပ်တိုးလုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ရှိပြီးသား ဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့်အရ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရဲ့ ဦးစားပေး ကဏ္ဍတွေမှာ ဆလုံတိုင်းရင်းသားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဦးစားပေးကဏ္ဍ စုစုပေါင်းဟာ ၁၁ ခုသာ ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ မှာတော့ ထူးခြားချက်အနေနဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတစ်ခု ထပ်တိုးထားပါတယ်။

  • လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး
  • လျှပ်စစ်မီးရရှိရေး
  • မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
  • ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
  • မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
  • စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
  • သောက်သုံးရေ ရရှိရေး
  • အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး
  • ဝန်ထမ်းများ နေထိုင်ရေးအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး
  • ဆလုံလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
  • ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (၂၀၁၉-၂၀၂၀ တွင် ထပ်တိုး)

ကဏ္ဍအလိုက် အသုံးစရိတ် ခွဲခြားထားမှုနှိုင်းယှဉ်ချက်

တနင်္သာရီတိုင်းအစိုးရရဲ့ ၂၀၁၉-၂၀၂၀ အတွက် ဘဏ္ဍာငွေ သုံးစွဲရန် ခွဲဝေသတ်မှတ်ထားမှုမှာ ဗဟိုအစိုးရရဲ့ မူဝါဒနဲ့ ကိုက်ညီစွာပဲ ကျေးလက်လမ်းနဲ့ လမ်းဦးစီးဌာနအတွက် အစိုးရအသုံးစရိတ်ရဲ့ ၅၀ % နီးပါးခန့် သုံးသွားမယ်လို့ အဆိုပြု တင်ပြထားပါတယ်။ ဒီပမာဏဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ရာခိုင်နှုန်းအားဖြင့် အနည်းငယ် လျော့နည်းပြီး ပြီးခဲ့တဲ့ နှစ်ကတော့ အသုံးစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ သုံးထားတာကို တွေ့ရပါတယ်။

သိသိသာသာ အသုံးစရိတ် တိုးသုံးမယ့်ဌာနတွေကတော့ စည်ပင်သာယာရေးနဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍတွေမှာဖြစ်ပြီး လျှပ်စစ်မှာဆိုရင် ၂၀၁၈-၂၀၁၉ ခုနှစ်ထက် ရာခိုင်နှုန်း ၂ ဆ တိုးထားပါတယ်။ လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွေရဲ့ အသုံးစရိတ် ရာခိုင်နှုန်းတွေကိုလည်း လျော့ချထား ပါသေးတယ်။

ထပ်တိုး ဦးစားပေးကဏ္ဍဖြစ်တဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဒီကဏ္ဍနဲ့ ဆက်စပ်နိုင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှာလည်း အသုံးစရိတ်ကို ဝ.၄၉ % ကနေ ဝ.၂၅ ရာခိုင်နှုန်းအထိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်နဲ့ ယှဉ်ရင် လျော့ချထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အသုံးစရိတ်အောက်မှာ ဆည်မြောင်း၊ စက်မှုလယ်ယာ စတဲ့ ကဏ္ဍခွဲတွေမှာ သုံးမယ့် ပမာဏ တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။ ထူးခြားချက်အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ထပ်တိုး ဦးစား ပေးကဏ္ဍဖြစ်တဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဖွံ့ဖြိုးမှု အသုံးစရိတ်ကို အစိုးရရုံးအသုံးစရိတ်အောက် ထည့်ထားတာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သုံးမယ့် ၁၉.၇၁ % အနက် ဝ.၇၉ % ကို အသုံးပြုမယ်လို့ စီစဉ်ထားပါတယ်။

ထူးခြားချက်အနေနဲ့ မတ်လအတွင်းက ပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း တောင်းခံထားရှိမှု အခြေအနေ ညှိနှိုင်းအစည်းအဝေးမှာ တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဌာနတွေမှာ ရုံးအဆောက်အဦနဲ့ ညွှန်ကြားရေးမှူးနေအိမ်တွေ ဆောက်လုပ်တာ၊ တခြား ဇိမ်ခံပစ္စည်း ဝယ်ယူတာတွေကို ဘက်ဂျက်ထဲမှာ ထည့်သွင်းမရေးဆွဲဖို့ ပြောဆိုထားပါတယ်။ ဒီအစည်းအဝေးကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်လည်း တက်ရောက်ခဲ့ပါတယ်။

ဗဟိုအစိုးရရဲ့ စီးပွားရေးနဲ့ အသုံးစရိတ် မူဝါဒ

ဗဟိုအစိုးရရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်အနက် ပထမဦးဆုံးအချက်မှာ “ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာအရင်းအမြစ်များကို တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်” ဆိုပြီး ချမှတ်ထားပါတယ်။

အသုံးစရိတ်မူဝါဒနဲ့ ပတ်သက်လို့ ဗဟိုအစိုးရက မူဝါဒ (၇) ရပ် ချမှတ်ထားပါတယ်။ (၁) ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲရန် (၂) ပြည်သူလူထုကို ချက်ချင်းလက်ငင်း အကျိုးပြု နိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန် (၃) ဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်အပ်မှုများကို စနစ်တကျ စိစစ်ခွင့်ပြုရန် (၄) စီမံကိန်းများအား ဦးစားပေးအဆင့်ခွဲပြီး လတ်တလော မလိုအပ်သေးသည့် စီမံကိန်းများကို ရွှေ့ဆိုင်းဆောင်ရွက်ရန် (၅) ပစ္စည်းဝယ်ယူမှုများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန် (၆) ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးငွေများကို စိစစ်ရယူရန် (၇) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မႈ ကောင်းမွန်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်တိုးမြှင့်သုံးစွဲရန်တို့ ဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

Pre-Budget Statement နဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု (Public Finance Management – PFM)

Pre-Budget Statement ထုတ်ပြန်တာဟာ ဘဏ္ဍာရေးအရ ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ တာဝန်ခံမှု ရှိခြင်း၊ ဘက်ဂျက်လုပ်ငန်းစဉ်တွေမှာ လူထုပါဝင်မှု ရှိလာစေဖို့အတွက် အရေးပါတဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ် ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု (PFM) ဆိုတာ ပြည်သူ့ဝန်ဆောင်မှုတွေကို ထိရောက်စွာ၊ အကျိုးရှိစွာပေးနိုင်ဖို့အတွက် ဘဏ္ဍာရေး အရင်းအမြစ်တွေကို စီမံတာ၊ ညွှန်ကြားတာ၊ ထိန်းချုပ်တာတွေ လုပ်တဲ့ စနစ်ပါ။ PFM ဟာ အစိုးရ တစ်ရပ်ရဲ့ အသုံးစရိတ် စီမံခန့်ခွဲခြင်းနဲ့ အရင်းအမြစ် ရွှေ့ပြောင်းခြင်းဆိုင်ရာ လုပ်ငန်းအားလုံးနဲ့လည်း ဆက်စပ်နေပါတယ်။

PFM စနစ်မှာ အပိုင်း (၂) ပိုင်းရှိပြီး ဝင်ငွေ တိုးမြှင့်အောင် လုပ်ဆောင်ခြင်းနဲ့ အသုံးစရိတ် စီမံခန့်ခွဲခြင်းတို့ ဖြစ်ပါတယ်။ ရှင်းလင်းအောင် ပြောရမယ်ဆိုရင် အခွန်အခတွေ၊ အကောက်ခွန်တွေနဲ့ အခြားသော နည်းလမ်းတွေ သုံးပြီး ဝင်ငွေ ရှာဖွေတာနဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း၊ တရားဥပဒေစိုးမိုးရေး ကဲ့သို့သော မရှိမဖြစ် အရေးပါတဲ့ ဝန်ဆောင်မှုတွေ ပေးဖို့အတွက် အသုံးစရိတ် စီမံခန့်ခွဲခြင်းတို့ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲစနစ်ကို အချက် (၇) ချက်နဲ့ တိုင်းတာလေ့ ရှိပါတယ်။ အဲဒါတွေကတော့ (၁) မူဝါဒ အခြေပြု ဘက်ဂျက်ရေးဆွဲခြင်း (၂) ပွင့်လင်းမြင်သာမှုနှင့် ကျယ်ပြန့်စွာ လွှမ်းခြုံမှု ရှိခြင်း (၃) ဘက်ဂျက်အပေါ် လူအများ လက်ခံယုံကြည်ခြင်း (၄) ဘက်ဂျက် အကောင်အထည်ဖော်ရာတွင် မှန်းဆနိုင်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း (၅) စာရင်း ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာ တင်ပြခြင်း (၆) ဌာနတွင်း၊ ဌာန ပြင်ပ စာရင်းစစ်ခြင်း နဲ့ (၇) နိုင်ငံသား များ ပါဝင်မှုတို့ပဲ ဖြစ်ပါတယ်။

ပြည်သူပါဝင်တဲ့ ဘက်ဂျက်ရေးဆွဲမှု ဖြစ်စဉ် (Participatory Budgeting – PB)

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဘက်ဂျက်ရေးဆွဲတဲ့အခါ ပြည်သူပါဝင်တဲ့ ဘက်ဂျက်ရေးဆွဲတဲ့ဖြစ်စဉ် (Participatory Budgeting- PB) ဖြစ်ဖို့အတွက် လုပ်ကိုင်လေ့ ရှိပါတယ်။ PB ကို နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေကို နိုင်ငံသားတွေ ကိုယ်တိုင် ဘယ်လိုပုံ ဘယ်လိုနည်း ခွဲဝေအသုံးချမယ်ဆိုတာကို ကိုယ်တိုင်ပါဝင် ညှိနှိုင်းတိုင်ပင်ခွင့်ပေးခြင်းနဲ့ ဆုံးဖြတ်ရွေးချယ်ခွင့် ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ဒေသန္တရအစိုးရတွေအပြင် ပြည်သူလူထုနဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အကောင်အထည်ဖော် လုပ်ကိုင်လေ့ ရှိပါတယ်။

ဒီလို လုပ်ဆောင်တာဟာ အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှု ခိုင်မြဲစေပြီး မိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို ဦးတည်စေ တာကြောင့်ပါပဲ။ ထို့အတူ နိုင်ငံသားတွေရဲ့ ဘက်ဂျက်ဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အသိအမြင်တိုးတက်စေပြီး အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ လူသားအရင်းအမြစ် တိုးပွားမှုကို ရှေ့ရှုစေပါတယ်။ PB စနစ်ကို အစိုးရက ဗဟိုအုပ်ချုပ်၊ လုပ်ကိုင်မှု လျော့ချလိုတဲ့ အဆင့်တိုင်းမှာ အသုံးပြုနိုင်ပြီး ဒေသန္တရ အုပ်ချုပ်ရေးအဆင့်၊ ဒေသဆိုင်ရာ မြူနီစပယ်အုပ်ချုပ်မှုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အားလုံးမှာ ကျင့်သုံးနိုင်ပါတယ်။

လူထု ပါဝင်နိုင်တဲ့ နည်းလမ်းအနေနဲ့ ဘက်ဂျက်ဆိုင်ရာ လူထုကြားနာပွဲတွေ ပြုလုပ်တာ၊ ပြည်သူတွေက အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ စာတမ်းတွေ တင်သွင်းကြဖို့ ကြေညာပေးတာ၊ အင်တာနက်ကို အသုံးပြုပြီး အကြံပြုစာတွေ ပေးပို့ခိုင်းတာတွေ လုပ်နိုင်ပါ တယ်။ ဒါ့အပြင် လူထုက တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေနဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာ တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

လူထုကိုယ်စားလှယ်များကို အလှည့်ပေးပြီ...

တနင်္သာရီတိုင်းဒေသကြီး အစိုးရရဲ့ အခု ထုတ်ပြန်ချက်ဟာ အဆိုပြုတင်ပြချက်ပဲ ရှိပါသေးတယ်။ ဒါကို တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေကြမ်းအဖြစ် ရေးဆွဲပြီး ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင် (Citizen's Budget) ကို ထုတ်ပြန်ပေးဦးမှာ ဖြစ်ပါတယ်။

အခုလို အဆိုပြုတင်ပြချက် ထုတ်ပြန်တာဟာ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကောင်းမွန်တဲ့ ဆောင်ရွက်မှုလို့ သတ်မှတ်ရမှာ ဖြစ်ပြီး ထုတ်ပြန်ချက်ပါ အချက်အလက်တွေအရ ဒေသခံလူထု လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အသုံးစရိတ် ဟုတ်၊ မဟုတ်ကိုတော့ လူထုကိုယ်စားလှယ် လွှတ်တော်အမတ်များက ဆွေးနွေးပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရက ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ၊ အသုံးစရိတ်မူဝါဒနဲ့ ကိုက်ညီမှု ရှိ၊ မရှိကိုလည်း တစ်ပါတည်း ဆွေးနွေးဆုံးဖြတ်ပေးကြရမှာ ဖြစ်ပါတယ်။

ဆွေးနွေးတဲ့နေရာမှာ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းစေမယ့် ဆွေးနွေးတင်ပြချက်တွေ၊ သုံးသပ်ချက်တွေ ထွက်လာဖို့ ကတော့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ လတ်တလော အခင်းအကျင်းအရ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုမှာ လူထုပါဝင်မှုအားနည်း​နေ​သေးတာ​ကြောင့် လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ စိစစ်၊ ​ဆွေး​နွေးမှု​တွေကို လုပ်​ဆောင်ရင်း လူထုပါဝင်နိုင်မယ့် တံခါး​ပေါက်​တွေ ဖွင့်​ပေးနိုင်မလားဆိုတာ ဆက်လက်​စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

ကိုးကား

  • 2018-2019 Tanintharyi Region Citizen Budget
  • ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက်
  • http://www.tniregion.gov.mm
  • Presentations at Public Fund Management Workshop in Bago Region Hluttaw by The Asia Foundation
  • Ministry of Planning and Finance