Posted in ဥပဒေရေးရာ သုတေသန on Jun 27, 2019
ဘူမိသိပ္ပံပညာနဲ့ အသုံးချဘူမိသိပ္ပံပညာရပ်တွေ ခေတ်မီတိုးတက်လာစေဖို့၊ ဘူမိသိပ္ပံပညာရှင်တွေရဲ့ ကျင့်ဝတ်နဲ့ အရည်အသွေးတွေကို ထိန်းသိမ်းမြှင့်တင်ဖို့၊ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေဖို့နဲ့ ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာအစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။
နာယကအဖွဲ့ ဖွဲ့စည်းခြင်း
မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီရဲ့နာယကအဖွဲ့ကို ပညာရေးဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေက ပုဂ္ဂိုလ်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ နာယကအဖွဲ့ကို (၇)ဦးထက် မပိုစေဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
ကောင်စီဖွဲ့စည်းခြင်း
နာယကအဖွဲ့ဟာ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် ၁၅ ဦး၊ ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံတွေက ပါမောက္ခအဆင့်ထက်မနိမ့်တဲ့ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ တာဝန်ရှိသူ ၁၅ ဦး၊ အစိုးရမဟုတ်တဲ့ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေက အဆိုပြုတဲ့ ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် ၂၅ ဦးနဲ့ ဘူမိသိပ္ပံကောင်စီကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကောင်စီသက်တမ်းက ၅ နှစ်ဖြစ်ပြီး ကောင်စီဥက္ကဌဟာ ကောင်စီသက်တမ်းတစ်ကြိမ်နဲ့ ကောင်စီဝင်တွေဟာ ကောင်စီသက်တမ်း တစ်ဆက်တည်းနှစ်ကြိမ် ဆောင်ရွက်ခွင့် ရှိပါတယ်။
အလုပ်အမှုဆောင်အဖွဲ့
အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရာမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတစ်ဦး၊ တွဲဖက်အတွင်းရေးမှူးတစ်ဦးတို့ကို နာယကအဖွဲ့ဟာ ကောင်စီဝင်တွေထဲကနေ ရွေးချယ်နိုင်ပြီး နောက်ထပ် ဒုတိယဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတစ်ဦး၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်ရှစ်ဦးတို့ကို ကျန်ကောင်စီဝင်တွေဟာ မိမိတို့ထဲက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ အလုပ်အမှုဆောင်အဖွဲ့ဟာ ကောင်စီသက်တမ်းနဲ့အညီဖြစ်ပြီး ကောင်စီကို တာဝန်ခံရမှာ ဖြစ်ပါတယ်။ အလုပ်အမှုဆောင်အဖွဲ့ဟာ မိမိရဲ့ ဆောက်ရွက်ချက်တွေကို အတည်ပြုချက်ရယူဖို့အတွက် အနီးကပ်ဆုံးကျင်းပတဲ့ ကောင်စီရဲ့အစည်းအဝေးမှာ တင်ပြရပါမယ်။
ကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်
ကောင်စီဟာ မိမိရဲ့လုပ်ငန်းတာဝန်တွေကို ပိုမိုဆောင်ရွက်နိုင်စေရန် လိုအပ်တဲ့လုပ်ငန်းကော်မတီတွေကို ကောင်စီဝင်တွေ၊ ပြင်ပက သင့်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့ တာဝန်သတ်မှတ်ပြီး ဖွဲ့စည်းပေးနိုင်ပါတယ်။ အဲဒီ လုပ်ငန်းကော်မတီတွေဟာ အလုပ်အမှုဆောင်အဖွဲ့ကတစ်ဆင့် ကောင်စီကို တာဝန်ခံရပါမယ်။
ကောင်စီရဲ့တာဝန်တွေကတော့ ပြည်တွင်းပြည်ပက ရရှိခဲ့တဲ့ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် အောင်လက်မှတ်တွေကို စစ်ဆေးအသိအမှတ်ပြုခြင်း၊ မှတ်ပုံတင်လက်မှတ်အမျိုးအစားအလိုက် လိုအပ်တဲ့ အရည်အချင်းသတ်မှတ်ခြင်းနဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာလုပ်ငန်းတွေ သတ်မှတ်ခြင်း၊ ဘူမိသိပ္ပံပညာရပ်များဆိုင်ရာ စံချိန်စံညွှန်း၊ လုပ်ငန်းဆိုင်ရာ အခြေစံနှုန်းနဲ့ ကျင့်ထုံးတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကူအညီရယူပြီး ရေးဆွဲပြဋ္ဌာန်းခြင်းနဲ့ နိုင်ငံတကာ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ သင်တန်းတွေ၊ အစည်းအဝေးတွေနဲ့ ညီလာခံတွေမှာ နိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်နိုင်ရန် စီမံခြင်း စတာတွေ ဖြစ်ပါတယ်။
ကောင်စီရဲ့လုပ်ပိုင် ခွင့်တွေကတော့ လုပ်ငန်းကော်မတီတွေရဲ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ ပြစ်ဒဏ်ချမှတ်ခြင်း၊ မှတ်ပုံတင်လက်မှတ်တွေ ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး ကဲ့သို့သော အခြားအထွေထွေဝန်ဆောင်စရိတ်တွေကို သတ်မှတ်ကောက်ခံခြင်းနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ နိုင်ငံတကာ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်းခြင်း စတာတွေ ဖြစ်ပါတယ်။
ကောင်စီဟာ မိမိရဲ့တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေကို အလုပ်အမှုဆောင်အဖွဲ့သို့ တာဝန်လွှဲအပ်ပေးနိုင်သလို ကောင်စီနဲ့ အလုပ်အမှုဆောင်အဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် မှတ်ပုံတင်အရာရှိချုပ် ဦးဆောင်တဲ့ ရုံးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ပြီး၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ မှတ်ပုံတင်အရာရှိ ဦးဆောင်တဲ့ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ပါတယ်။ ကောင်စီဟာ မိမိရဲ့ဆောင်ရွက်ချက်တွေကို ပညာရေးဝန်ကြီးဌာနကို ခြောက်လတစ်ကြိမ် တင်ပြရပါမယ်။
ကောင်စီရဲ့ပုံမှန်အစည်းအဝေးကို ခြောက်လကို တစ်ကြိမ်နဲ့ တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပရမှာ ဖြစ်ပါတယ်။ နာယကအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အထူးအစည်းအဝေး ခေါ်ဆိုနိုင်သလို ကောင်စီအဖွဲ့ဝင်အားလုံးရဲ့ အနည်းဆုံး လေးပုံ တစ်ပုံက စာရေးသားတောင်းဆိုရင် နာယကအဖွဲ့ရဲ့ သဘောတူညီမှုနဲ့လည်း ခေါ်ယူကျင်းပရမှာ ဖြစ်ပါတယ်။ အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ်နှုန်းနဲ့ တစ်နှစ်ကို အနည်းဆုံး ခြောက်ကြိမ် ကျင်းပရမှာ ဖြစ်ပြီး၊ လိုအပ်ရင် အထူးအစည်းအဝေး ခေါ်ယူကျင်းပနိုင်ပါတယ်။
မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
အစိုးရအသိအမှတ်ပြုထားတဲ့ ပြည်တွင်းပြည်ပ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာဘွဲ့ ရရှိထားတဲ့ နိုင်ငံသားကို အလုပ်သင် ဘူမိသိပ္ပံပညာရှင် မှတ်ပုံတင်လက်မှတ်ကိုသော် လည်းကောင်း၊ အလုပ်သင်ဘူမိသိပ္ပံပညာရှင် မှတ်ပုံတင်လက် မှတ်ရရှိထားတဲ့ နိုင်ငံသားကို မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင် လက်မှတ်ကိုသော် လည်းကောင်း၊ မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ်ရရှိထားတဲ့ နိုင်ငံသားကို မှတ်ပုံတင်ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် လက်မှတ်ကိုသော် လည်းကောင်း သတ်မှတ်ထားချက်တွေနဲ့အညီ ကောင်စီကိုယ်စား အလုပ်အမှုဆောင်အဖွဲ့ကနေ ထုတ်ပေးနိုင်ပါတယ်။
ဒါ့အပြင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားဘူမိသိပ္ပံပညာရှင်တွေကိုလည်း နိုင်ငံခြားသား မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ် သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် လက်မှတ်ကို ထုတ်ပေးနိုင်ပါတယ်။
အလုပ်အမှုဆောင်အဖွဲ့ဟာ နိုင်ငံသား အလုပ်သင် ဘူမိသိပ္ပံပညာရှင်လက်မှတ် လျှောက်ထားခြင်းကို သတ်မှတ်ချက်နဲ့ ညီ/မညီစစ်ဆေးပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်းနဲ့ ငြင်းပယ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ကောင်စီဟာ နိုင်ငံသား၊ နိုင်ငံခြားသား မှတ်ပုံတင် ဘူမိသိပ္ပံပညာရှင်၊ မှတ်ပုံတင် ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် လက်မှတ်တွေကို သတ်မှတ်ချက်နဲ့ ညီ/မညီ စစ်ဆေးပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ ဆိုင်းငံခြင်းနဲ့ ငြင်းပယ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ မှတ်ပုံတင်လက်မှတ်တွေရဲ့ သက်တမ်းဟာ သုံးနှစ်ဖြစ်ပါတယ်။ သက်တမ်းမကုန်မီ ရက်ပေါင်း ၆၀ အလိုနဲ့ သက်တမ်းကုန်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်တမ်းတိုးမြှင့်ရပါမယ်။
မှတ်ပုံတင်ရရှိထားသူတွေဟာ မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အလုပ်အမှုဆောင်အဖွဲ့ကနေ သတိပေးခြင်း၊ ဒဏ်ငွေဆောင်စေခြင်းနဲ့ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ အပြီးအပိုင်ပယ်ဖျက်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်အမှုဆောင်အဖွဲ့ရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ရက်ပေါင်း ၆၀ အတွင်း ကောင်စီကို အယူခံဝင်နိုင်ပြီး ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ်။
ဘဏ္ဍာရေး
ကောင်စီဟာ ပညာရေးဝန်ကြီးဌာနက ချပေးထားတဲ့ ဘဏ္ဍာငွေကြေး၊ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနဲ့ အခြား အထွေထွေဝန်ဆောင်မှုတွေမှ ရရှိတဲ့ ငွေတွေ၊ ပြည်တွင်း/ပြည်ပရှိ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက စေတနာရှင်တွေရဲ့ လှူဒါန်းထောက်ပံ့ငွေ၊ ရန်ပုံငွေမှ တရားဝင် တိုးပွားငွေတွေနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ပါတယ်။ ကောင်စီဟာ မိမိရန်ပုံငွေနဲ့ သီးခြားရပ်တည်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး ရန်ပုံငွေ မလုံလောက်ခဲ့ရင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေက ကျခံသုံးစွဲနိုင်ဖို့ ပညာရေးဝန်ကြီးဌာနကတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံရပါမယ်။
ပြစ်မှုနဲ့ ပြစ်ဒဏ်
ကောင်စီက ထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်ရင် ကျပ်သိန်း ၅၀ ထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်ပြီး၊ အစိုးရဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကတော့ ကင်းလွတ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကနဲ့ အများပိုင် စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ ကောင်စီက ထုတ်ပေးထားတဲ့ မှတ်ပုံတင်လက်မှတ်မရှိသူ ဘူမိသိပ္ပံပညာရှင်တွေကို ခန့်အပ်တာဝန်ပေးလုပ်ကိုင်စေရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀ဝ ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ အခြားတားမြစ်ချက်တွေနဲ့ ပြစ်ဒဏ်တွေကိုလည်း ဥပဒေကြမ်းမှာ သတ်မှတ်ထားပါသေးတယ်။ ဥပဒေကြမ်းပါ ပြစ်မှုတစ်ရပ်ရပ်အတွက် တရားစွဲဆိုမယ်ဆိုရင် ပညာရေးဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ကို ရယူရပါမယ်။