Posted in ဥပဒေရေးရာ သုတေသန on Jul 29, 2020
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်ကတည်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံ့အချုပ်အခြာအာဏာကို စီမံအုပ်ချုပ်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ ကြားကာလ နှစ်ကြိမ် ရှိခဲ့ဖူးပြီး (၃၅) နှစ် နီးပါး ကြာခဲ့ပါတယ်။ ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်) နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တို့ ဖြစ်ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၁၁၁ ဦး ပါဝင်တဲ့ ကော်မတီနဲ့ သုံးလတာ ရေးဆွဲပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာ တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၉၇ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်က သုံးနှစ်နီးပါး အချိန်ယူရေးဆွဲခဲ့ကာ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ အမျိုးသားညီလာခံ ခေါ်ယူကျင်းပပြီး ၁၅ နှစ်ခန့် ကြာပြီးနောက် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ပြည်သူ့လွှတ်တော် ခေါ်ယူပြီးနောက် စတင် အသက်ဝင်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ခေတ်ကာလတစ်ခုကို ထင်ဟပ်လေ့ရှိပြီး နိုင်ငံတစ်ခုရဲ့ နောက်ဆက်တွဲ ပေါ်ထွက်လာမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်တွေကို သတ်မှတ်ပေးပါတယ်။ အလားတူပဲ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းခဲ့သမျှ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာကြည့်ရင် ခေတ်ကာလဖြတ်သန်းမှုအလိုက် ကွဲပြားခြားနားချက်တွေ ရှိပေမယ့်လည်း အဓိက တူညီတဲ့ အချက်အချို့ကိုလည်း တွေ့ရှိနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးသားခြင်းနည်းလမ်းတစ်မျိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဖော်ပြသွားမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသားပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ဖွဲ့စည်းရာမှာ လူမျိုးစုနဲ့ ပြည်သူ့လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ လူမျိုးစုလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၂၅) ဦး သတ်မှတ်ထားပြီး ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်အရေအတွက်ကို လူမျိုးစုလွှတ်တော် အရေအတွက်ရဲ့ နှစ်ဆနီးပါး ရှိနိုင်သမျှ ရှိရမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ချက်ကို “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရန်ဥပဒေကြမ်း" အဖြစ် ဖော်ပြပြီး လွှတ်တော်တစ်ရပ်ရပ်မှာ တင်သွင်းနိုင်ပါတယ်။ လွှတ်တော်အသီးသီးက အတည်ပြုရင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ ဆွေးနွေးရပါမယ်။ သုံးပုံ နှစ်ပုံအောက် မလျော့တဲ့ လွှတ်တော်အမတ်တွေက ထောက်ခံမဲပေးရင် အတည်ဖြစ်ပါတယ်။ တတိယဇယားရှိ ပြည်နယ်ဥပဒေပြုစာရင်း၊ စတုတ္ထဇယားရှိ ပြည်နယ်အခွန်တော်စာရင်းနဲ့ ပြည်နယ်ကိုယ်စားလှယ်အမတ်ရဲ့ လိုအပ်တဲ့ အရည်အချင်း ပျက်ယွင်းခြင်းအတွက် ကြေညာထားတဲ့ ပါလီမန်အက်ဥပဒေ စတာတွေအတွက်တော့ တွဲဖက်အစည်းအဝေးကို တက်ရောက်မဲပေးခွင့်ရှိတဲ့ သက်ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် ပြည်နယ်အသီးသီးရဲ့ အမတ်အများစုက ထောက်ခံမဲပေးမှသာ အတည်ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသား ဒါမှမဟုတ် ချင်းအမျိုးသားတွေကို ပေးအပ်ထားတဲ့ အခွင့်အရေးကို ယုတ်လျော့စေမယ့် ပြင်ဆင်ချက်ဥပဒေကြမ်းတွေအတွက် သက်ဆိုင်ရာ အမျိုးသားကိုယ်စားလှယ်အမတ်တွေက မဲပေးမှသာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေးက အတည်ပြုချက် ပေးရမှာ ဖြစ်ပါတယ်။ အတည်ပြုချက်ရရင် နိုင်ငံတော်သမ္မတထံ တင်ပြပြီး သမ္မတက ချက်ချင်းလက်မှတ်ထိုး ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသမိုင်းကို ကြည့်ရင် ၁၉၅၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၉ ခုနှစ်တွင် နှစ်ကြိမ်နဲ့ ၁၉၆၁ ခုနှစ်တွင် လေးကြိမ်နဲ့ စုစုပေါင်း (၇) ကြိမ် ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြို့နယ်တွေကို အခြေခံပြီး တစ်မြို့နယ် ကိုယ်စားလှယ် တစ်ဦးနှုန်းနဲ့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကို တင်ပြရမည်ဖြစ်ကာ "ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း" ဖြစ်တဲ့ ပြည်သူ့ကောင်စီတွေကလည်း တင်သွင်းနိုင်ပြီး တင်သွင်းမယ်ရင် အောက်မှ အထက်ကို အဆင့်ဆင့် တင်ပြပြီး နောက်ဆုံးမှာတော့ ပြည်သူ့လွှတ်တော်ကို တင်ပြရပါမယ်။ "အခန်း (၁၅) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း" အပါအဝင် "အခန်း (၁) နိုင်ငံတော်”၊ အခန်း (၂) အခြေခံမူများ”၊ "အခန်း (၃) နိုင်ငံတော်ဖွဲ့စည်းပုံတည်ဆောက်ပုံ” နဲ့ "အခန်း (၄) ပြည်သူ့လွှတ်တော်” ထဲရှိ သတ်မှတ်ထားတဲ့ ပုဒ်မတွေကို ပြင်ဆင်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းက သဘောတူလက်ခံရမှာ ဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရပါမယ်။ ဆိုခဲ့ပါ သတ်မှတ်ထားတဲ့ ပုဒ်မတွေ မဟုတ်တဲ့ တခြားပြဋ္ဌာန်းချက်တွေကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်း ဆန္ဒမဲနဲ့ ပြင်ဆင်နိုင်ပါတယ်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၁ ခုနှစ်တွင် တစ်ကြိမ် နဲ့ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ခဲ့တာကို တွေ့ရှိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ပါတယ်။ "အခန်း (၁) နိုင်ငံတော်အခြေခံမူများ”၊ "အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ”၊ "အခန်း (၃) နိုင်ငံတော်အကြီးအကဲ”၊ အခန်း (၄) ဥပဒေပြုရေး”၊ အခန်း (၅) အုပ်ချုပ်ရေး”၊ "အခန်း (၆) တရားစီရင်ရေး”၊ "အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” နဲ့ "အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း” စတဲ့ အခန်းတွေထဲက သတ်မှတ်ထားတဲ့ ပုဒ်မတွေကို ပြင်ရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရပါမယ်။ တခြားပြဋ္ဌာန်းချက်တွေကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့ ပြင်ဆင်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် နဲ့ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် ပြင်ဆင်ခဲ့တာဖြစ်လို့ အခုဆိုရင် စုစုပေါင်းနှစ်ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးကို ကြည့်ရင် ရရှိခဲ့တဲ့ ပြင်ဆင်ချက်တွေဟာ နိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်အပေါ် အကျိုးသက်ရောက်စေတဲ့ ပြောင်းလဲမှုကြီးကြီးမားမား မဟုတ်ကြတာကို တွေ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန်းစစ်ကြည့်ခြင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မကို ကြည့်ရင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မနဲ့ အတော်လေး ဆင်တူတာကို တွေ့နိုင်ပါတယ်။ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ဟာ (ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် သဘောတူလက်ခံပြီးနောက်) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်/မလိုအပ်တဲ့ ပုဒ်မတွေကို ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ နှစ်ကြိမ်လုံးမှာ အဆိုပါ အမျိုးအစားနှစ်မျိုးလုံးနဲ့ အကျုံးဝင်တဲ့ ပြင်ဆင်ချက်တွေ ပါရှိတာကို တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ပြင်ဆင်ရာမှာ ပထမအမျိုးအစားထဲမှာ အကျုံးဝင်တဲ့ ပုဒ်မကတော့ "နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ အရည်အချင်း"ကို ဖော်ပြထားတဲ့ "ပုဒ်မ ၅၉ (ဃ)” ဖြစ်ပါတယ်။ ဇယား (၂) ဖြစ်တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဥပဒေပြုစာရင်းနဲ့ ဇယား (၅) ဖြစ်တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေ ကောက်ခံရမယ့် အခွန်အခ ဥပဒေပြုစာရင်းကတော့ ဒုတိယအမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။
၂၀၂၀ ခုနှစ် ပြင်ဆင်ရာမှာတော့ "မသန်မစွမ်း နဲ့ အိုမင်းမစွမ်း" မှ "မသန်စွမ်းနဲ့ သက်ကြီးရွယ်အို" ကို ပြင်ဆင်တဲ့ ပုဒ်မ ၃၂ ဟာ ပထမအမျိုးအစားထဲမှာ အကျုံးဝင်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၂ (က) (၁) နဲ့ "မသန်မစွမ်း" မှ "မသန်စွမ်း" ကို ပြင်ဆင်တဲ့ ပုဒ်မ ၃၄၄ က ဒုတိယအမျိုးအစားထဲ အကျုံးဝင်ပါတယ်။
၂၀၁၅ နဲ့ ၂၀၂၀ မှာ ပြင်ဆင်ခဲ့တဲ့ ဒုတိယအမျိုးအစားထဲပါဝင်တဲ့ ပြင်ဆင်ချက်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အစိတ်အပိုင်း ဖြစ်သွားပေမယ့် ပထမအမျိုးအစားမှာ ပါဝင်တဲ့ ပြင်ဆင်ချက်တွေကတော့ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ" အရ ဆန္ဒခံယူပွဲကျင်းပရဦးမှာ ဖြစ်ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုတော့ ခုချိန်ထိ ကျင်းပပေးနိုင်ခြင်း မရှိသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြုလွယ်ပြင်လွတ်မရှိခြင်းက လူမှုအပြောင်းအလဲကို ဟန့်တားနေသလား
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ ပင်မအရင်းအမြစ်ဖြစ်တဲ့အတွက် မကြာခဏ ပြင်ဆင်နေခြင်းကို တင်းကြပ်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုစနစ်ကို သင့်လျော်တဲ့ ပုံစံဆီ ပြောင်းလဲနိုင်ရပါမယ်။ အပြောင်းအလဲ မြန်ဆန်တဲ့ နှစ်ဆယ့်တစ်ရာစုနှစ်မှာဆိုရင် ဒီအချက်က ပိုလို့ မှန်ကန်နိုင်ပါတယ်။ ဆိုလိုတာက လူမှုအသိုင်းအဝိုင်းရဲ့ ပြောင်းလဲမှုအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးက ခက်ခဲနေမယ်ဆိုရင် လူမှုရေးပဋိဉာဉ်သဘောဆန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူ့အဖွဲ့အစည်းနဲ့ အမြဲတမ်း ပဋိပက္ခ ဖြစ်နေပါလိမ့်မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ရင် ဆိုခဲ့သလို လိုက်ပါပြောင်းလဲနိုင်ဖို့အတွက် ဟန့်တားနေတဲ့ အချက် (၂) ချက် ရှိနေပါတယ်။ တစ်အချက်က ပုဒ်မ ၄၃၆ (ခ) ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ရင် ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်ခုက ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ရယူထားခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရယူထားခြင်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုဖြစ်ပြီး ဒီမိုကရေစီနှုန်းစံတွေကို လိုက်နာဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံး အရွေးကောက်ခံဖြစ်စေဖို့ကို ပိတ်ပင်နေပါတယ်။
နှစ်အချက်က ပုဒ်မ ၄၃၆ (က) အရ ကြုံတွေ့ရတဲ့ အခက်အခဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (ခ) လို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူမှုအပြောင်းအလဲကို ကိုယ်စားပြုပေးနိုင်ခြင်း ရှိ-မရှိဆိုတဲ့ မေးခွန်း ရှိနေသလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ့် ပုံစံကလည်း အဟန့်အတား ဖြစ်နေပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရမယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အခက်တကာ့ အခက်ခဲဆုံး ပြဋ္ဌာန်းဟန့်တားချက်တစ်ခု ဖြစ်လို့ နေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူမှုအပြောင်းအလဲအတွက် ဟန့်တားနေတယ်ဆိုတာကို မကြားသေးမီက အားထုတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို အနီးစပ်ဆုံး ကြည့်နိုင်ပါတယ်။ "မသန်စွမ်း" ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ရာမှာ နှစ်နေရာ ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်ချက်ကြောင့် တစ်နေရာသာ အတည်ဖြစ်ခဲ့ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရတာက အဟန့်အတားတစ်ခု ဖြစ်နေတယ်ဆိုတာက ဆန္ဒခံယူပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမားတာလို အကြောင်းရင်းများစွာ ရှိနိုင်ပေမယ့် မဲလာပေးသူရဲ့ ထက်ဝက်ကျော်မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမဲပေးရမယ်ဆိုတဲ့ တမူခြားနားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပုံစံက အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
"မသန်စွမ်း"ဆိုတဲ့ ပြင်ဆင်ချက်က စကားရပ်တစ်ရပ်ဖြစ်ပေမယ့် တစုံတရာသော ချို့ယွင်းချက်ကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ အဖယ်ကျဉ်ခံဖြစ်ခဲ့ရတဲ့သူတွေအပေါ် ပြောင်းလဲလာတဲ့ ကောင်းမွန်တဲ့ လူမှုရေးခံယူချက်တစ်ခုကို ကိုယ်စားပြုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေး ဥပဒေ" မှာ "မသန်မစွမ်း" ဆိုတဲ့ စကားရပ်ကို သုံးထားပေမယ့် ၂၀၁၅ မှာတော့ "မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ" ဆိုပြီး "မသန်စွမ်း" ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲလာပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း "သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ" မှာ "အိုမင်းမစွမ်း" ဆိုတဲ့ အသုံးအနှုန်းကို မတွေ့ရတော့ပါဘူး။ တချို့တည်ဆဲဥပဒေကိုတော့ ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီအောင် ဆက်လက် လုပ်ဆောင်သင့်ပါတယ်။
လူ့အခွင့်အရေးကို လေးစား ကာကွယ်ပေးတဲ့ ပြဋ္ဌာန်းချက်တွေကို ထည့်သွင်းသွားဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ကျား/မတန်းတူညီမျှရေး နဲ့ အမျိုးသမီးအခွင့်အရေးကို လေးစားတန်ဖိုးထားဖို့၊ တိုင်းရင်းသားဖြစ်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ဖို့ နဲ့ အမျိုးသမီးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့လို လိုအပ်ချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒနည်းပါးတာ၊ အချိန်နဲ့ ကုန်ကျစရိတ်တွေကို အကြောင်းပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ပြင်ဆင်ချက်တွေဟာ အခြေခံကျတဲ့ လူအခွင့်အရေးတွေကို မကာကွယ်ပေးနိုင်ရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာကို ပျက်ကွက်ရာ ကျပါမယ်။
လှမျိုးကျော်နှင့် မိုးအောင်ရေးသားသည်။
(ယခုဆောင်းပါးကို ၂၅ သြဂုတ် ၂၀၂၀ တွင် ဖြည့်စွက်ပြင်ဆင်ထားပါသည်။)