Posted in ဥပဒေရေးရာ သုတေသန on Aug 14, 2020

ဥပဒေကြမ်းကို ၀၆.၀၇.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၇၊ ၈၊ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတွေမှာ အများပြည်သူ လေ့လာသိရှိအကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေ (၁၄.၀၈.၂၀၂၀) – ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြုထားပြီး အမျိုးသားလွှတ်တော်ကို ပေးပို့ထား။


(၁) ဥပဒေကြမ်းမိတ်ဆက်

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင်စနစ်ဟာ နိုင်ငံတော်ကနေ အလုံးစုံတာဝန်ယူကျခံတဲ့စနစ် (Defined Benefit System) ဖြစ်ပါတယ်။ ပင်စင်စားအင်အား နှစ်စဉ်တိုးတက်လာတာနဲ့ ပင်စင်စားတွေရဲ့ မျှော်မှန်းသက်တမ်းတိုးလာတာတွေကြောင့် ဒီစနစ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်တစ်ခု ဖြစ်လာပါတယ်။ ကိန်းဂဏန်းအရဆိုရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အသုံးပြုခဲ့တဲ့ ပင်စင်လစာနဲ့ ဆုကြေးအသုံးစရိတ်တွေဟာ ၁၁၁၆.၀၈၄ ဘီလီယံကျပ် ရှိခဲ့ပြီး ဒီပမာဏဟာ အစိုးရအသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်းခန့်၊ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၁.၀၅ ရာခိုင်နှုန်း ဒါမှမဟုတ် နိုင်ငံ့အခွန်ရငွေရဲ့ ၆ ပုံ ၁ ပုံ ရှိခဲ့တယ်လို့ ဆိုပါတယ်။ (ယခင် ဘဏ္ဍာနှစ်များအတွင်းက ရှိခဲ့သည့် ပင်စင်စားအင်အားနှင့် အသုံးစရိတ်ဆိုင်ရာ ကိန်းဂဏန်းများကို အောက်တွင် ဖော်ပြထားပါသည်။)

အဲဒီစနစ်ကနေ ရန်ပုံငွေကို အခြေခံပြီး ခံစားခွင့်ပြုမယ့် စနစ် (Defined Contribution System) ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲရာမှာ လက်ရှိ ပင်စင်စနစ်ကို စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Parametric Reform) နဲ့ ပင်စင်စနစ် တစ်ခုလုံးကို ပြုပြင်ပြောင်းလဲခြင်း (Systemic Reform) ဆိုတဲ့ နည်းလမ်းတွေကတစ်ဆင့် အသွင်ကူးပြောင်းကာလကို ပင်စင်စနစ်ဟောင်းရော ပင်စင်စနစ်သစ်ပါ တစ်ပြိုင်တည်း ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေထူထောင်ခြင်းဟာ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နဲ့ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (PFM) နဲ့လည်း ချိတ်ဆက်ထားပါတယ်။ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဟာ အစိုးရရဲ့ စီမံကိန်းဘဏ်ထဲမှာ ဒေါ်လာ ၆ သန်းဆိုပြီး လျာထားတာကို တွေ့ရပါတယ်။ (ဥပဒေကြမ်းက ထွက်လာပြီဆိုပေမယ့် စီမံကိန်းဘဏ်အရဆိုရင် အဆိုပါစီမံကိန်းဟာ လျာထားမှုအဆင့်ထက်ကနေ တိုးတာလာသေးပုံ မရပါဘူး။)

ဒီဥပဒေကြမ်းဟာ ၁၉.၀၂.၂၀၁၉ မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၉ အရ ဖွဲ့စည်းတဲ့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကော်မတီကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပင်စင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦး ပါဝင်ပါတယ်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်ဟာ ဥပဒေအသက်ဝင်ပြီးနောက် စတင်ခန့်အပ်တဲ့ ဝန်ထမ်းသစ်တွေနဲ့ ဥပဒေအသက်ဝင်ချိန် ပင်စင်အကျိုးခံစားခွင့် မရှိသေးတဲ့ လုပ်သက် (၁၀) နှစ်အောက် ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်မှာ ဖြစ်ပါတယ်။ လုပ်သက် (၁၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းတွေကတော့ အငြိမ်းစားအကျိုးခံစားခွင့်ကို လက်ရှိပင်စင်စနစ်ဟောင်းအတိုင်း ဆက်လက်ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်ဖို့ လျာထားပြီး ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်းအဖြစ် ကျပ် ၁၀၀ ဘီလီယံ ကို ထည့်သွင်းရေးဆွဲထားပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဥပဒေကြမ်းမှာ ဗဟိုရန်ပုံငွေအဖွဲ့တည်ထောင်ခြင်း၊ ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း၊ ဗဟိုရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ သုံးစွဲခြင်း၊ ဗဟိုရန်ပုံငွေအဖွဲ့ဝင်တွေရဲ့ တာဝန်နဲ့ အခွင့်အရေး၊ စာရင်းစစ်ဆေးခြင်း နဲ့ အစီရင်ခံစာတင်ပြခြင်း၊ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်ထဲမှာ ရန်ပုံငွေထူထောင်ထားခြင်းမရှိတဲ့ သတ်မှတ်အကျိုးခံစားခွင့်စနစ်မှ ဗဟိုရန်ပုံငွေကို အခြေခံပြီး အကျိုးခံစားခွင့်ပြုတဲ့စနစ်ကို ကူးပြောင်းဖို့၊ ရင်းနှီးမြှပ်နှံမှုတွေကနေတဆင့် ရန်ပုံငွေ တိုးပွားစေပြီး အကျိုးခံစားခွင့်တွေရရှိစေဖို့နဲ့ ပုဂ္ဂလိက ကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ဗဟိုရန်ပုံငွေဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့လို့ ဆိုထားပါတယ်
  • စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနဟာ ဗဟိုရန်ပုံငွေဒါရိုက်တာအဖွဲ့ ဖွဲ့စည်းဖို့အတွက် အစိုးရကိုယ်စားလှယ်၊ ဝန်ထမ်းကိုယ်စားလှယ်နဲ့ ရိုးသားဖြောင့်မတ်ပြီး ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ရင်းနှီးမြှပ်နှံမှုစတဲ့ ကိစ္စရပ်တွေမှာ ကျွမ်းကျင်တဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေရဲ့ အမည်စာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမှာ ဖြစ်ပါတယ်။
  • ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် အနည်းဆုံး ခုနှစ်ဦးကနေ အများဆုံး (၁၁)ဦးထိပါဝင်တဲ့ ဒါရိုက်တာအဖွဲ့ကို ဝန်ကြီးဌာန တင်ပြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့က တာဝန်ပေးတဲ့ပုဂ္ဂိုလ်က ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ဝင်တွေအနေနဲ့ အစိုးရကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးမှ အများဆုံး သုံးဦး၊ ဝန်ထမ်းကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးမှ သုံးဦး၊ ပြင်ပကျွမ်းကျင်ပညာရှင် အနည်းဆုံး တစ်ဦးကနေ အများဆုံး သုံးဦးနဲ့ အတွင်းရေးမှူးအဖြစ် ပင်စင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တို့ပါဝင်တဲ့ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဟာ ဒုတိယဝန်ကြီးအဆင့် ဖြစ်ပါတယ်။
  • နိုင်ငံတော်ထည့်ဝင်ကြေးနဲ့ ဝန်ထမ်းထည့်ဝင်ကြေးတွေကို ဝန်ကြီးဌာနက အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ သတ်မှတ်မှာဖြစ်ပြီး လိုအပ်ရင် ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေကြောင့် ဗဟိုရန်ပုံငွေ ပံ့ပိုးပေးဖို့ ဒါရိုက်တာအဖွဲ့က တောင်းခံလာရင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွဲဝေကျခံနိုင်ဖို့အတွက် ဝန်ကြီးဌာနဟာ စိစစ်ပြီး အစိုးရအဖွဲ့ကို တင်ပြရမှာ ဖြစ်ပါတယ်။
  • ဝန်ကြီးဌာနဟာ ဝန်ထမ်းထည့်ဝင်ကြေး ထည့်ဝင်ဖို့ ပျက်ကွက်သူတွေအတွက် အရေးယူဖို့ နည်းလမ်းတွေကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
  • ဗဟိုရန်ပုံငွေဒါရိုက်တာအဖွဲ့ဟာ ရန်ပုံငွေတိုးတက်စေတဲ့ ရင်းနှီးမြှပ်နှံမှုတွေ၊ ရင်းနှီးမြှပ်နှံမှုတွေကို ကြီးကြပ်တာတွေ၊ အကျိုးခံစားခွင့်နှုန်းထားတွေကို ဝန်ကြီးဌာနရဲ့ သဘောတူညီမှုနဲ့ သတ်မှတ်တာတွေ၊ ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းဗဟိုရန်ပုံငွေ ထူထောင်ခွင့်ပြုခြင်းနဲ့ ရန်ပုံငွေတွေကို ကြီးကြပ်နိုင်ဖို့ လုပ်ထုံးလုပ်နည်း သတ်မှတ်တာ စတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
  • ဥပဒေကြမ်းထဲမှာ ဒါရိုက်တာအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရမယ့် အတွင်းရေးမှူးရုံးရဲ့ လုပ်ငန်းတာဝန်တွေ နဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေအပါအဝင် အထွေထွေပြဋ္ဌာန်းချက်တွေလည်း ပါဝင်ပါတယ်။

လင့်ခ်များ

ဥပဒေကြမ်း

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း

ပင်စင်ဦးစီးဌာန

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fun – CPF) စနစ်အား လေ့လာခြင်း

Thailand’s Government Pension Fund Act (1997)

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org