Posted in ဥပဒေရေးရာ သုတေသန on May 16, 2020

ဥပဒေကြမ်းကို ၁၀.၀၃.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၇၊ ၈ နဲ့ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နဲ့ ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာသိရှိ အကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေ (၁၆.၀၅.၂၀၂၀) – လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

မြန်မာနိုင်ငံမှာ တူးမြောင်းတွေနဲ့ပတ်သက်ပြီး ၁၉၀၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ The Canal Act သာ ရှိခဲ့ပါတယ်။ အဲဒီ အက်ဥပဒေဟာ ဆည်မြောင်းဦးစီးဌာနနဲ့သာ အများဆုံးသက်ဆိုင်တယ်လို့ သိရှိရပြီး ရေကြောင်းသွားလာရေးနဲ့ပတ်သက်ရင် အနည်းငယ်သာ ပါရှိတာကြောင့် မပြည့်မစုံ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆည်မြောင်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ချိန်တွင်တော့ အဆိုပါ အက်ဥပဒေဟာ အလိုလို ရုပ်သိမ်းပြီးသား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရေကြောင်းသွားလာ‌ရေးဆိုင်ရာ တူးမြောင်းနဲ့ပတ်သက်ပြီး တွံတေးတူးမြောင်းနည်းဥပဒေ နဲ့ ခနောင်တိုချောင်းနည်းဥပဒေ (၁၉၁၆) တို့သာ ရှိနေပါတယ်။

ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ တူးမြောင်း ဥပဒေကြမ်းကို ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပို့ဆောင်ရေးဝန်ကြီးဌာနက တင်ခဲ့ဖူးပြီး၊ နောက်ပိုင်းမှာ ဆည်မြောင်းဥပဒေအဖြစ် ပြောင်းလဲ အတည်ပြုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီဥပဒေကြမ်းကိုလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

‌ဒီဥပဒေကြမ်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ တူးမြောင်းအရာရှိ၊ ရေကြောင်းကြီးကြပ်ရေးမှူး၊ အကောက်စခန်းမှူး နဲ့ ရေယာဉ်ဦးစီးတို့ရဲ့ တာဝန်တွေ၊ နဲ့ တားမြစ်ချက်တွေ ပါရှိပါတယ်။

  • ဥပဒေကြမ်းဟာ တူးမြောင်းအတွင်း ရေကြောင်းသွားလာမှု လုံခြုံချောမွေ့စေဖို့၊ တူးမြောင်းနယ်အတွင်း ရေထုညစ်ညမ်းမှု မရှိစေဖို့၊ လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကနေ ထိန်းသိမ်းကာကွယ်ဖို့၊ နဲ့ ကုန်သွယ်ရေးကြောင်းနဲ့ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် ပုဂ္ဂလိက တူးမြောင်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပါတယ်။
  • ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကတော့
    • ရေယာဉ် ခုတ်မောင်းနိုင်တဲ့ တူးမြောင်း နယ်နိမိတ် အတိုင်းအတာကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်တာ
    • တူးမြောင်း ရေရှည်တည်တံ့ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတာ
    • ရေလမ်းကြောင်းဖွံ့ဖြိုးစေဖို့ ဒါမှမဟုတ် နှစ်နိုင်ငံသဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်ပြီး တူးမြောင်းဖောက်ဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာ
    • ဖြတ်သန်းခ သတ်မှတ်တာနဲ့ လိုအပ်ရင် တင်ဒါစနစ်နဲ့ ရွေးချယ်ထားတဲ့ ပုဂ္ဂလိကအဖွဲ့တစ်ခုခုကို ဖြတ်သန်းခ ကောက်ခံခွင့်ပြုတာ
    • အစိုးရဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် ဒါမှမဟုတ် အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်အဖွဲ့တွေကို သတ်မှတ်ထားတဲ့ စနစ်တစ်ခုခု (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းစနစ် ဒါမှမဟုတ် တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်းစနစ် တွေလို) နဲ့ တူးမြောင်းဖောက်လုပ်၊ တိုးချဲ့ဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ စိစစ်ခွင့်ပြုတာ
    • တူးမြောင်းဖောက်လုပ်၊ တိုးချဲ့ရာမှာ အသုံးပြုဖို့ လိုအပ်တဲ့ ပုဂ္ဂလိကပိုင်မြေအတွက် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ရယူပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့‌၊ မြေပိုင်ရှင် ဒါမှမဟုတ် မြေကို အသုံးပြုနေတဲ့ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းတာ စတာတွေ ဖြစ်ပါတယ်။
  • ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးရေးတိုးတက်ရေး ဦးစီးဌာနရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကတော့ တူးမြောင်းနယ်ကို ထိန်းသိမ်းတာ၊ တူးမြောင်းအတွင်း ဖြတ်သန်းသွားရမယ့် ရေယာဉ်တွေရဲ့ အရွယ်အစား၊ တွဲအရေအတွက်၊ ရေစူးရေယာဉ် အမြန်နှုန်း သတ်မှတ်တာ၊ သတ်မှတ်ချက်ထက် ကျော်တဲ့ ရေယာဉ်၊ နိုင်ငံခြားရေယာဉ်နဲ့ ဘေးအန္တရာယ်ဖြစ်စေမယ့် ပစ္စည်းပါတဲ့ ရေယာဉ်တွေကို ရေကြောင်းပြ ဒါမှမဟုတ် ‌ရေကြောင်းပြရေယာဉ်ရဲ့ ကွပ်ကဲမှုနဲ့ ဖြတ်သန်းသွားလာခွင့်ပေးတာ၊ နဲ့ ရေလမ်းဆိုင်ရာ သတင်းနဲ့ သတိပေးချက်တွေကို အခါအားလျော်စွာ ထုတ်ပြန် ကြေညာတာတွေအပါအဝင် တူးမြောင်းအတွင်း ရေကြောင်းသွားလာရေးကို အနှောက်အယှက် အဟန့်အတားဖြစ်စေတဲ့ ငါးဖမ်းခြင်းနဲ့ ငါးဖမ်းတိုင်၊ ပိုက်၊ ဝါးတန်း၊ မျောနဲ့ ပစ္စည်းကိရိယာတွေကို ချထားတာ၊ စွန့်ပစ်တာတွေရှိရင် တားမြစ်ခြင်းနဲ့ ဖယ်ရှားခြင်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
  • အစိုးရဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးဟာ တူးမြောင်းနယ်အတွင်း မြေ/တမံ ဖို့ခြင်း၊ လယ်ယာ/သီးနှံစိုက်ခြင်း၊ တူးမြောင်းရေကို သွယ်ယူခြင်း၊ ကမ်းပါးနယ်တွင် ကျောက်စရစ်၊ သဲ၊ အုတ်တွေ စုပုံခြင်း၊ နဲ့ ရေဆိုးတွေ စွန့်ပစ်ခြင်းတွေအတွက် သတ်မှတ်ချက်နဲ့အညီ ဦးစီးဌာနထံ တောင်းခံရမှာဖြစ်ပြီး ဦးစီးဌာနက ခွင့်ပြုခြင်းနဲ့ ငြင်းပယ်ခြင်း လုပ်ဆောင်နိုင်ပါတယ်။
  • အဆောက်အအုံဆောက်ခြင်း၊ စီးပွားဖြစ် ငါးကန်တူးခြင်း၊ နဲ့ စီးပွားဖြစ် သဲစုပ်၊ ရွှေကျင်၊ သယံဇာတထုတ်ခြင်းတို့ကို လုပ်ဆောင်ချင်ရင်တော့ သတ်မှတ်ချက်နဲ့အညီ သဘောထားမှတ်ချက် တောင်းခံရမှာဖြစ်ပြီး ဦးစီးဌာနက ခွင့်ပြုခြင်းနဲ့ ငြင်းပယ်ခြင်း လုပ်ဆောင်နိုင်ပါတယ်။
  • ဥပဒေကြမ်းထဲမှာ တူးမြောင်းအရာရှိ၊ ရေကြောင်းကြီးကြပ်ရေးမှူး၊ အကောက်စခန်းမှူး နဲ့ ရေယာဉ်ဦးစီးတို့ရဲ့ တာဝန်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့အပြင် တားမြစ်ချက်နဲ့ ပြစ်မှုပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။
  • အခုဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေဆိုရင် တည်ဆဲဥပဒေတွေမှာ ဘယ်လို ပြဋ္ဌာန်းထားပါစေ ဒီဥပဒေနဲ့သာ ဆောင်ရွက်ရပါမယ်။

ဆက်စပ်ဥပဒေများ

‌၂၀၀၆ ခုနှစ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေ

ပြည်တွင်းရေကြောင်းသွား ရေယာဉ်‌ဥပဒေ (၂၀၁၅)

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ (၂၀၁၇)

ဆည်မြောင်းဥပဒေ (၂၀၁၇)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org