Posted in ဥပဒေရေးရာ သုတေသန on May 04, 2020

ဒီဥပဒေကြမ်းဟာ နှစ်ပေါင်း ၉၀ ကြာပြီးမှ မြေအောက်ရေသုံးစွဲမှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့ အရေးကြီးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အသစ်ပြန်လည်ရေးဆွဲလာတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီစာစုမှာ ဥပဒေကြမ်းရဲ့ အားနည်းချက် ဘာတွေ ရှိတယ်၊ ဥပဒေကြမ်း ဆွေးနွေးတဲ့အခါ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်တယ် နဲ့ ဥပဒေအတည်ပြုပြီးနောက် ဘယ်အချက်တွေကို ဆက်လက် စောင့်ကြည့်သွားသင့်တယ် ဆိုတာတွေကို လေ့လာဆန်းစစ်သွားပါမယ်။

တည်ဆဲဥပဒေနဲ့ ကွာခြားပုံ

‌တည်ဆဲဥပဒေအရ ဥပဒေရဲ့ အာဏာဟာ အစိုးရ (Governor) က အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ထားတဲ့ အနက်(ပေ)ကို ကျော်လွန်တဲ့ တွင်းတွေအပေါ်မှာသာ သက်ရောက်မှာ ဖြစ်ပြီး၊ အစိုးရဟာ တွင်းရဲ့အနက်(ပေ) အတွက် နေရာဒေသပေါ် မူတည်ပြီး သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ မြေအောက်ရေ ရယူဖို့ ပိုက်ချတာအတွက် လိုင်စင်လျှောက်ထားတာနဲ့ ပတ်သက်ရင်တော့ အစိုးရက တာဝန်ပေးအပ်ထားတဲ့ အရာရှိ (water officer) ထံမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိဥပဒေကြမ်းဟာ တစ်နိုင်ငံလုံးအပေါ် အကျိုးသက်ရောက်မှာ ဖြစ်ပြီး မြေအောက်ရေနဲ့ပတ်သက်ရင်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် ထုတ်ထားတာကြောင့် တွင်းအနက်(ပေ) အတွက် တသမတ်တည်း ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။ နောက်ပြီး လိုင်စင်လျှောက်ထားတာနဲ့ ဆက်စပ်ရင်လည်း သက်ဆိုင်ရာ အဆင့်လိုက် သတ်မှတ်ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ (ဒီနေရာမှာ ကြည့်ရှုပါ)

ဥပဒေကြမ်းရဲ့ အားနည်းချက်များ

‌အစိုးရအဖွဲ့က သဘောတူရမယ့် ဦးစီးဌာန

ဥပဒေကြမ်းမှာ ဦးစီးဌာန ဆိုတဲ့ စကားရပ် ပါရှိပြီး အဓိပ္ပာယ် ဖွင့်ဆိုထားတာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဗဟိုကော်မတီက တာဝန်ပေးအပ်တဲ့ ဦးစီးဌာန ဆိုပြီး ဖြစ်ပါတယ်။ အဆိုပါ ဦးစီးဌာနဟာ ဗဟိုကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုအောက်မှာ မြေအောက်ရေနဲ့ ပတ်သက်တဲ့ အချက်အလက် စုဆောင်းတာ၊ မှတ်တမ်းပြုတာ၊ သုတေသနပြုတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့လွှတ်တော်ဟာ ကော်မတီသစ်တွေကို ဖွဲ့စည်းစေတဲ့ ဥပဒေကို ပြဋ္ဌာန်းတတ်တဲ့ ထူးဆန်းတဲ့ အလေ့အထတစ်ခု ရှိပါတယ်။ ကမ္ဘာတစ်ဝန်းက တခြား ဥပဒေပြု ပါလီမန်တွေက ဥပဒေတွေပြုရာမှာတော့ တာဝန်ရှိတဲ့ ဌာနဆိုပြီး ဝန်ကြီးဌာန၊ ဦးစီးဌာန ဒါမှမဟုတ် ကော်မတီ တွေကို သတ်မှတ်ထားခြင်း မပြုဘဲ အစိုးရကိုသာ တာဝန်ဝတ္တရားတွေ ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရကို ဥပဒေအရ လုပ်ဆောင်ပေးရမယ့် တာဝန်တွေနဲ့ စည်းနှောင်ထားပေမယ့် တာဝန်တွေ ပြီးစီးဖို့အတွက် သင့်တော်သလို ဖွဲ့စည်း လုပ်ဆောင်နိုင်ပါတယ်။ ဥပမာဆိုရရင် ဗြိတိန်နိုင်ငံက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ကက်ဘိနက်အဆင့်ရှိ ဝန်ကြီးကနေ သတ်မှတ်တဲ့ ‘သင့်လျော်တဲ့ အရာရှိ’ (appropriate authority) ကို တာဝန်ပေးအပ်တယ်ဆိုပြီး ညွှန်းဆိုသလိုမျိုး ဖြစ်ပါတယ် (အောက်မှာ ကြည့်ပါ) ။

မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ကော်မတီသစ်ဖွဲ့စည်းတာ ဒါမှမဟုတ် ဘယ်ဦးစီးဌာနက တာဝန်ရှိတယ်ဆိုတာကို ဥပဒေထဲမှာ ထည့်သွင်းထားတာမျိုးက တာဝန်ယူမှု တာဝန်ခံမှုအတွက် ရည်ရွယ်လုပ်ဆောင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အစိုးရရဲ့ ဖွဲ့စည်းလုပ်ဆောင်နိုင်စွမ်းကိုတော့ အားနည်းစေပါတယ်။

ဒီဥပ‌ဒေကြမ်းက ဒီကိစ္စကို အသိပေးနေပါတယ်။ ဘာလို့ဆိုရင် ဥပဒေကြမ်းဟာ ကော်မတီသစ်ကို ဖွဲ့စည်းပေးထားပေမယ့် တာဝန်ရှိမယ့် ဦးစီးဌာနကို သတ်မှတ်ပေးတာမျိုး မရှိဘူး ဖြစ်နေပါတယ်။ ဒါဟာ အစိုးရဝန်ကြီးတွေအနေနဲ့ ဘယ်ဌာနက တာဝန်ရှိရမယ်ဆိုတာကို သဘောမတူနိုင်သေးတာကြောင့်လား။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ မြေအောက်ရေနဲ့ပတ်သက်တဲ့ တာဝန်တွေအတွက် ဆီလျော်တဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ အဆိုပါ ဝန်ကြီးဌာနအောက်မှာ သင့်လျော်တဲ့ ဦးစီးဌာန မရှိသေးပါဘူး။ တခြားတစ်ဖက်မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနအောက်မှာ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီဦးစီးဌာနရဲ့ အကျိုးစီးပွားဟာ ကျေးလက်ဒေသရေးရာနဲ့ များစွာ သက်ဆိုင်နေတာကြောင့် မြို့ပြဆိုင်ရာ ရေအသုံးချမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ ဖြစ်နိုင်ပါ့မလား။

မြေအောက်ရေစီမံခန့်ခွဲမှုအတွက် တာဝန်ဝတ္တရား ဘယ်မှာ ရှိနေပါစေ၊ ဥပဒေကြမ်းကို ရေးဆွဲသူတွေအနေနဲ့ ‘သင့်လျော်တဲ့ ကက်ဘိနက်အဆင့်ရှိ ဝန်ကြီး’ ကို တာဝန်ပေးအပ်လိုက်ရုံနဲ့ ဒီပြဿနာကို ဖြေရှင်းသွားနိုင်ပါတယ်။ ဒါမှလည်း အစိုးရဟာ ဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ဘယ်ဦးစီးဌာနက တာဝန်ရှိတယ်၊ ပြီးတော့ ဘယ်ဝန်ကြီးက ပါလီမန်ကို တာဝန်ခံရမယ် စတာတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဥပဒေအားလုံးအတွက် ကော်မတီသစ်တွေကို အတောမသတ်နိုင်ဘဲ ဖန်တီးနေတာဟာ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို နားလည်ဖို့ ခက်ခဲစေနိုင်ပြီး ပွင့်လင်းမြင်သာမှု အားနည်းတာ၊ တာဝန်ခံမှု မရှိတာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ နောက်ပြီး ဒါဟာ အုပ်ချုပ်ရေးဘက်ကနေ သင့်လျော်သလို ဆုံးဖြတ်လုပ်ကိုင်နိုင်စေမယ့်အစိုးရတွေရဲ့ လက်ကို ချည်နှောင်ထားသလိုမျိုးလည်း ဖြစ်နေပါတယ်။

ကျွမ်းကျင်ပညာရှင်တွေ မပါတဲ့ ဗဟိုကော်မတီ

သတိထားဖို့ ကောင်းတာက ဗဟိုကော်မတီ အဖွဲ့ဝင်တွေထဲမှာ ဘယ်ပညာရှင်မှ မပါရှိဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ မြေအောက်ရေစီမံခန့်ခွဲတာနဲ့ ဆက်စပ်တဲ့ ပညာရှင်တွေဆိုရင် ရေအရည်အသွေးကို စစ်ဆေးတဲ့ သိပ္ပံပညာရှင်၊ နိုင်ငံထဲက မြေအောက်ရေအောင်းလွှာကို နားလည်တဲ့ ဘူမိဗေဒပညာရှင်တွေ၊ လူဦးရေတိုးတက်မှု နဲ့ ရေသုံးစွဲမှုကို ခန့်မှန်းတွက်ချက်နိုင်တဲ့ လူဦးရေပညာရှင်တွေ နဲ့ အရေးကြီးဆုံးက ပတ်ဝန်းကျင်သိပ္ပံပညာရှင်တွေ အကျုံးဝင်ပါတယ်။

မြေအောက်ရေစီမံခန့်ခွဲမှုဟာ နိုင်ငံရေးကိစ္စရပ် သက်သက် မဟုတ်ပါဘူး။ ရေတို နိုင်ငံရေးဆိုင်ရာ ဦးစားပေးမှုတွေဟာ ရေရှည် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအပေါ် အနိုင်ရလွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဥပမာပြရရင် အစိုးရရဲ့ နိုင်ငံရေးစီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့အ‌နောက်ဘက်၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းက မြို့သစ် တည်ဆောက်တာကို ကြည့်နိုင်ပါတယ်။ ဒီလို ငွေကုန်ကြေးကျများမယ့် စီမံကိန်းကို လုပ်ဆောင်တာဟာ နိုင်ငံရေးဆိုင်ရာ ဦးစားပေးမှုတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာနဲ့ ရေကြီးတာတွေက အနာဂတ်တစ်ချိန်မှာ အဆိုပါဒေသကို ရေချိုရရှိဖို့ ခက်ခဲလာစေနိုင်ပါတယ်။ ရှိနှင့်ပြီးသား မြို့ရဲ့ ရေရှည်တည်တံ့နိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံခြင်း မရှိဘဲ ဒီလိုစီမံကိန်းကို အရင်လုပ်ဆောင်တာက ကြီးမားဆိုးဝါးလှတဲ့ အကျိုးရလဒ်တွေကို ဖြစ်ပေါ်စေလာနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကို ဒီလို ကိစ္စရပ်တွေ ဆွေးနွေးခြင်းကနေ ဖယ်ထုတ်ထားသင့်ပါသလား။

ဥပဒေကြမ်းထဲမှာ “လိုအပ်သလို” ကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့ ပါရှိပေမယ့် ပညာရှင်ပါဝင်မှုကို အတိအကျ ထည့်သွင်း ပြဋ္ဌာန်းထားသင့်ပါတယ်။ ကော်မတီအနေနဲ့ ပြင်ပက အတွေ့အကြုံရှိတဲ့ ပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဉာဏ်ကို ရယူဆောင်ရွက်ဖို့ဆိုတာ အလွန်ကို အရေးကြီးပါတယ်။

ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ပြင်ဆင် ဖြည့်စွက်နိုင်ခွင့်

ဥပဒေကြမ်းရဲ့ ပုဒ်မ ၅ မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ပြင်ဆင်တာ ဒါမှမဟုတ် ဖြည့်စွက်တာ ပြုနိုင်တယ်လို့ ဆိုထားပါတယ်။ လွှတ်တော်ဟာ ဥပဒေကို အကောင်အထည်ဖော်ဖို့ ကော်မတီအသစ် ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုရင် (ဒါဟာလည်း အထက်မှာ ဖော်ပြခဲ့သလို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်) ကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေကို ဥပဒေဘောင်နဲ့ ကန့်သတ်ရမှာ ဖြစ်ပြီး အာဏာအလွဲသုံးစားလုပ်တာကို တားဆီးရမှာ ဖြစ်ပါတယ်။ လက်ရှိဥပဒေကြမ်းကို လေ့လာကြည့်ရင်လည်း ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ပြဋ္ဌာန်းထားတာ တွေ့ရှိနိုင်ပါတယ်။ တကယ်လို့ ပြဋ္ဌာန်းချက်တွေက မပြည့်စုံရင်တောင် လွှတ်တော်ထဲမှာ ဆွေးနွေးဦးမှာ ဖြစ်တဲ့အတွက် ဥပဒေအတည်ပြုချိန်မှာ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ပီပီပြင်ပြင် ထွက်ရှိလာဖို့ ရှိပါတယ်။ ဒါပေမယ့် ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်က ပုဒ်မတစ်ခု ဖန်တီးပြီး အစိုးရအဖွဲ့ကို ထင်ရာစိုင်းနိုင်တဲ့ လုပ်ခွင့်ပေးလိုက်တာမျိုးဖြစ်နေပြီး “ဥပဒေအထက်တွင် မည်သူမျှ မရှိ” ဆိုတဲ့ စံနှုန်းထားကို ချိုးဖောက်နေသလို ဖြစ်နေပါတယ်။

မြို့နယ်လုပ်ငန်းအဖွဲ့ရဲ့ အခန်းကဏ္ဍက ဘာလဲ

‌ဥပဒေပြုရာမှာ ဆိုခဲ့ပါအတိုင်း ကော်မတီအသစ်တွေ ဖွဲ့စည်းဖို့ စိတ်အားထက်သန်လွန်းတဲ့အပြင် နောက်ထပ်အလွန်အကျွံလုပ်လေ့ရှိတဲ့ အရာတစ်ခုက လိုင်စင် နဲ့ ခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီး မပြီးဆုံးနိုင်တဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်ကို မြေအောက်ရေတူးဖို့ စက်ရေတွင်းလုပ်ငန်း လုပ်ဆောင်တာတွေအတွက် လိုအပ်ပါတယ်။ လုပ်ငန်းလိုင်စင်ရရှိသူဟာ လိုင်စင်သက်တမ်းမကုန်မီ ရက် (၆၀) အတွင်း သက်တမ်းတိုးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ကို သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရမယ်လို့ ဥပဒေကြမ်းမှာ ဆိုထားပါတယ်။ ဒါပေမယ့် လုပ်ငန်းလိုင်စင် စတင်လျှောက်ထားတာနဲ့ပတ်သက်ရင်တော့ အိမ်သုံးအတွက် မြို့နယ်လုပ်ငန်းအဖွဲ့ နဲ့ လုပ်ငန်းသုံးအတွက် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့မှာ လျှောက်ရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းလိုင်စင်သစ်လျှောက်တာနဲ့ သက်တမ်းတိုးတာက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

ဒါ့အပြင် တူးဖော်ခွင့်ပြုမိန့်နဲ့ပတ်သက်ရင် ဥပဒေကြမ်းက သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ထံ လျှောက်ထားရမယ်လို့ ဆိုထားပြီး စက်ရေတွင်းကို သတ်မှတ်ကာလအတွင်း တူးဖော်ခြင်းမပြီးခဲ့ရင် တူးဖော်ခွင့်ပြုမိန့်ပေးတဲ့ လုပ်ငန်းအဖွဲ့ကိုပဲသတ်မှတ်ကာလတိုးပေးဖို့ လျှောက်ရမယ်လို့ ပါရှိပါတယ်။ သတ်မှတ်ကာလအတွင်း တူးဖော်မှု မပြီးခဲ့ရင် ကွင်းဆင်းစစ်ဆေးခြင်းနဲ့ ကာလသက်တမ်းတိုးမြှင့်ခြင်းတွေအတွက် တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့ ဒါမှမဟုတ် တာဝန်လွှဲအပ်ခံရတဲ့ အဖွဲ့က စစ်ဆေးမယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ မြို့နယ် နဲ့ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍတွေဟာ ရှင်းလင်းခြင်း မရှိဘူးဆိုတာကို နောက်ထပ်ပြသနေသလို ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာလည်း တိတိကျကျ မရှိဘူးဆိုတာ ဖော်ပြနေပါတယ်။

ရည်ရွယ်ချက်ကြီးမားလွန်းလှတဲ့ ပုဒ်မ

‌တားမြစ်ချက်ပိုင်းမှာ ပုဒ်မ ၂၄ အရ “မည်သူမျှ မြေအောက်ရေ ညစ်ညမ်းစေမည့် မည်သည့် အပြုအမူကိုမျှ မပြုလုပ်ရ” လို့ ဆိုထားပါတယ်။ အဆိုပါပုဒ်မဟာ ချိုးဖောက်မှုအတွက် ထောင်ဒဏ် ချမှတ်ထားတဲ့ တစ်ခုတည်းသော တားမြစ်ချက် ဖြစ်ပါတယ်။ ပြဋ္ဌာန်းချက်က မြေအောက်ရေကို ထိန်းသိမ်းဖို့ ရည်ရွယ်တယ်ဆိုပေမယ့် “ညစ်ညမ်းစေမည့်” ဆိုတဲ့ စကားရပ်လိုပဲ “မည်သူမျှ” ဆိုတဲ့ စကားလုံးဟာ လွန်စွာမှ ဝေဝါးပြီး ကျယ်ပြန့်နေပါတယ်။ စနစ်မကျတဲ့ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကနေ ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တာကြောင့် ပြည်သူအများစုဟာ မြေအောက်ရေနဲ့ပတ်သက်ပြီး ဗဟုသုတ အလွန် နည်းပါးကောင်း နည်းပါးနေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ အထက်ပါ ပြဋ္ဌာန်းချက်ဟာ အလွန်ကျယ်ပြန့်နေပြီး ပြည်သူလူထုကို ပြစ်ဒဏ်ပေးဖို့ မရှင်းလင်းတဲ့၊ ထင်ရာမြင်ရာအပေါ် အခြေခံတဲ့ ယန္တရားတစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအစား ဥပဒေဟာ အစိုးရဌာနတွေအနေနဲ့ မြေအောက်ရေမျက်နှာပြင်ကို စောင့်ကြည့်တိုင်းတာဖို့ နဲ့ မြေအောက်ရေကုန်ခန်းတာကို တားဆီးကာကွယ်ဖို့ တာဝန်တွေ သတ်မှတ်တာ၊ ဒီလို တာဝန်တွေကို မလုပ်ဆောင်နိုင်ရင် ဘယ်လို တာဝန်ခံရမယ် စတာတွေကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းသင့်ပါတယ်။

ဆိုခဲ့ပါ ပုဒ်မဟာ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းနေတဲ့ တခြားဥပဒေတွေလိုပဲ အစိုးရအရာရှိတွေရဲ့ တာဝန်ဝတ္တရားတွေကို ရှောင်လွဲစေပြီး အများပြည်သူအပေါ် တာဝန် ပုံချကာ အပြစ်ခံခိုင်းတဲ့ ပုံစံတွေထဲက နောက်ထပ်နမူနာတစ်ခုပဲ ဖြစ်ပါတယ်။

မြေအောက်ရေ ထုတ်ယူဖို့ အချိန် ကန့်သတ်တာလား

‌သုံးစွဲခွင့်ပြုမိန့် ရရှိသူဟာ ဗဟိုကော်မတီက သတ်မှတ်ခွင့်ပြုထားတဲ့ အချိန်အတိုင်းအတာ နဲ့ ထုတ်ယူသုံးစွဲရမယ့် ခွင့်ပြုရေပမာဏထက် ပိုပြီး ထုတ်ယူသုံးစွဲခြင်း မပြုရလို့ ပုဒ်မ ၂၅ မှာ ဆိုထားပါတယ်။ ဗဟိုကော်မတီဟာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ပမာဏကို တိုင်းတာဖို့ စက်ရေတွင်းတွေမှာ သင့်လျော်တဲ့ ရေမီတာစနစ်ကို တပ်ဆင်စေသွားမှာ ဖြစ်တာကြောင့် ထုတ်ယူသုံးစွဲရမယ့် ခွင့်ပြု ရေပမာဏနဲ့ ပတ်သက်ပြီး ပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ခွင့်ပြုတဲ့ အချိန်အတိုင်းအတာ နဲ့ ပတ်သက်ရင်တော့ မရှင်းလင်းဘူး ဖြစ်နေပါတယ်။ သုံးစွဲရမယ့် မြေအောက်ရေပမာဏ အကန့်အသတ်နဲ့ပတ်သက်ပြီး ရှင်းလင်းမှု ရှိရင် အချိန်အပိုင်းအခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်အတွက် အကြောင်းပြချက် ခိုင်လုံပါရဲ့လား။ တားမြစ်ချက် ချိုးဖောက် မချိုးဖောက် ဆိုတာတွေကို ဘယ်လို စောင့်ကြည့်သွားမလဲဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။

ဥပဒေကြမ်း ဆွေးနွေးရာမှာ ထည့်သွင်းစဉ်းစားစရာများ

ဒီဥပဒေကြမ်းမှာ မြေအောက်ရေကို ရေရှည်သုံးစွဲသွားနိုင်ဖို့ နဲ့ ရေအရည်အသွေး ထိန်းသိမ်းဖို့ ဆိုပြီး ရည်ရွယ်ချက် ပါထားပါတယ်။ ဥပဒေကြမ်းတစ်ခုလုံးကို ကြည့်ရင်တော့ မြေအောက်ရေ ညစ်ညစ်ခြင်းအတွက် တားမြစ်ချက်အဖြစ်သာ ပါရှိပြီး ဘယ်လို တားဆီးကာကွယ်မယ်ဆိုတာ အတိအကျ မပါရှိပါဘူး။

ဥပဒေပြုတယ်ဆိုတာက လူတွေရဲ့ အပြုအမူကို ပြောင်းလဲစေဖို့အတွက် ရည်ရွယ်ခြိမ်းခြောက်တဲ့ ပုံစံမျိုး မဖြစ်သင့်ပါဘူး။ ရလဒ်တစ်ခုထွက်ဖို့ တားမြစ်ချက်တွေ ပြဋ္ဌာန်းလိုက်တာက တစ်ခုတည်းသော အဖြေ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီအစား ဥပဒေကြမ်းဟာ မြေအောက်ရေ ညစ်ညမ်းတာအတွက် တခြား သက်ဆိုင်ရာ ကော်မတီတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားစေမယ် ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။ ဥပမာ မြေ‌အောက်ရေနဲ့ အဓိက သက်ဆိုင်တဲ့ ကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေး၊ သတ္တု၊ စွမ်းအင် နဲ့ စည်ပင်သာယာအဖွဲ့တွေလိုမျိုးနဲ့ ဘယ်လို ပူးပေါင်းပြီး ဘာမူဝါဒတွေကို ချမှတ်လုပ်ဆောင်ရမယ် ဆိုတာမျိုး ဖြစ်ပါတယ်။ နောက်ပြီးလည်း လုပ်ပိုင်ခွင့်ပေးထားတဲ့ ကော်မတီဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တင်းကျပ်တဲ့ စီမံမှုအောက်မှာ ရှိနေမယ်ဆိုရင်တော့ ဆိုခဲ့ပါ ရည်ရွယ်ချက် ပြည့်မြောက်ဖို့ဆိုတာ အတော်ကို အလှမ်းဝေးဦးမယ်ဖြစ်ကြောင်း သံသယစရာ ဖြစ်စရာ မလိုပါဘူး။

ဥပဒေအတည်ပြုပြီးနောက် စောင့်ကြည့်ခြင်း

ဥပဒေကို အကောင်အထည်ဖော်ရာမှာ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း စတာတွေကို ထုတ်ပြန်ဖို့ လိုအပ်တဲ့အပြင် လိုအပ်တဲ့ ဘတ်ဂျက်ကိုလည်း တင်ပြ တောင်းခံ သုံးစွဲတတ်တာကြောင့် ဥပဒေအတည်ပြုပြီး ဆက်လက်စောင့်ကြည့်သွားရမယ့် အချက်တွေကို လက်ရှိ ဥပဒေကြမ်းကို အခြေတည်ပြီး ဖော်ပြသွားပါမယ်။

(၁) တူးဖော်ခွင့်ပြုမိန့်၊ သုံးစွဲခွင့်ပြုမိန့် နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို လျှောက်ထားရပါမယ်။ ဘယ်လုပ်ငန်းအဖွဲ့က ဘာကို လုပ်ဆောင်မယ်၊ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို နည်းဥပဒေထဲမှာဘယ်လို သတ်မှတ်မလဲဆိုတာကို စောင့်ကြည့်သင့်ပါတယ်။

(၂) မြေအောက်ရေ ညစ်ညမ်းစေရင် ‌ထောင်ဒဏ်/ ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး ချမှတ်ဖို့ သတ်မှတ်ထားတာကြောင့် ဥပဒေကို ဘယ်လို အနက်ဖွင့်ဆိုမလဲ၊ မြေအောက်ရေ ညစ်ညမ်းစေမယ့် အပြုအမူရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။

(၃) သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ဟာ မြေအောက်ရေဆိုင်ရာ သတင်းအချက်အလက်ကို ဝန်ကြီးဌာနကနေ တိုက်ရိုက် တောင်းယူနိုင်တယ်လို့ ဆိုထားတာကြောင့် အချက်အလက်ကို တကယ်ပဲ တောင်းခံသလား၊ တကယ်လဲ တောင်းယူလို့ ရသလား ဆိုတာကို စောင့်ကြည့်သင့်ပါတယ်။

(၄) ဝန်ကြီးဌာနဟာ မြေအောက်ရေဆိုင်ရာ သတင်းအချက်အလက် ပိုမိုခိုင်မာဖို့ သုတေသနလုပ်ငန်း၊ ဓာတ်ခွဲခန်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘဏ္ဍာရန်ပုံငွေကို အစိုးရအဖွဲ့ထံ တင်ပြတောင်းခံနိုင်တယ်လို့ ဆိုတာကြောင့် ဘတ်ဂျက်ခွဲဝေမှု နဲ့ ဘတ်ဂျက် သုံးစွဲပြီး လုပ်ငန်း အကောင်အထည်မှု စတာတွေကို ဂရုစိုက် စောင့်ကြည့်သင့်ပါတယ်။