Posted in ဥပဒေရေးရာ သုတေသန on Feb 27, 2020

ဥပဒေကြမ်းကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ၂၇.၀၁.၂၀၂၀ ရက်မှာ တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော် အင်တာနက်စာမျက်နှာမှာလည်း အဲဒီနေ့မှာပဲ တင်ထားတာကို တွေ့ရပါတယ်။ ဥပဒေကြမ်း ရေးဆွဲရာမှာတော့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက ကူညီပေးခဲ့တယ်လို့ သိရှိရပါတယ်။

လက်ရှိအခြေအနေ (၂၇.၀၂.၂၀၂၀) – အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

ပြဋ္ဌာန်းခဲ့ပြီး ဥပဒေများ

The Bar Council Act (1929)

တရားရုံးချုပ် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၉၈၉)

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၉)

The Legal Practitioners Act (1880)

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း

အသင်းမှာ ရှေ့နေအဖွဲ့ဝင်ပေါင်း (၅၀၀၀) ကျော် ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ထံကနေ ၂၈.၁၁.၂၀၁၆ ရက်မှာ မှတ်ပုံတင်ခွင့် ရရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေ

၂၀၁၈ တရားရုံးနှစ်စဉ်အစီရင်ခံစာပါ စာရင်းဇယားအရ ၂၀၁၈ ခုနှစ်ထဲမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ ရှေ့နေအလုပ်သင်အဖြစ် လျှောက်ထားသူ ၂၀၆၅ ဦး ကို အလုပ်သင် ဆင်းခွင့်ပြုခဲ့ပြီး အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်လျှောက်ထားသူ ၁၀၁၆ ဦး နဲ့ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်လျှောက်ထားသူ ၁၂၂၆ ဦးကို ရှေ့နေလိုင်စင် ထုတ်ပေးခဲ့ပါတယ်။ အဲဒီနှစ်အတွင်းမှာပဲ အထက်တန်းရှေ့နေ ၈ ဦး နဲ့ တရားလွှတ်တော်ရှေ့နေ ၁၄ ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ရှေ့နေလိုက်သူဆိုင်ရာ အသုံးအနှုန်းများ

မြန်မာနိုင်ငံမှာ ရှေ့နေတွေနဲ့ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို သူတို့ရဲ့ အရည်အချင်း နဲ့ အတွေ့အကြုံပေါ် မူတည်ပြီး အမျိုးမျိုး သုံးစွဲကြပါတယ်။ ဒီဥပဒေကြမ်းကို ဖတ်ရှုရာမှာ နားလည်မှုကို ထောက်ကူပေးနိုင်တဲ့ အသုံးအနှုန်းအချို့ရဲ့ ရှင်းလင်းချက်အကျဉ်းကို အောက်တွင် ဖော်ပြထားပါတယ် -

  • အလုပ်သင်ရှေ့နေ - နိုင်ငံအတွင်းရှိ ဥပဒေဝိဇ္ဇာဘွဲ့ရရှိသူ ဒါမှမဟုတ် ဥပဒေဘွဲ့ရရှိသူ၊ မှတ်ပုံတင်ရှေ့နေသင်တန်း တက်ရောက်အောင်မြင်ပြီးသူ၊ ပညာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ စာမေးပွဲအောင်မြင်ပြီးသူ နဲ့ ဖော်ပြပါ ဘွဲ့များထက် မနိမ့်တဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ ဘွဲ့ တစ်ခုခု ရရှိပြီးသူတို့ အနေနဲ့ လုပ်သက်အနည်းဆုံး ၅ နှစ် ရှိတဲ့ တရားလွှတ်တော်ရှေ့နေထံမှာ အလုပ်သင် အဖြစ် တစ်နှစ် လုပ်ဆောင်နေသူ ကို ဆိုလိုပါတယ်။
  • အထက်တန်းရှေ့နေ - ဒေသဆိုင်ရာ ရှေ့နေများကောင်စီမှာ မှတ်ပုံတင်ထားသူ ဖြစ်ပါတယ်။ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံး၊ အခွန်ရုံး၊ အယူခံရုံး၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုရုံး၊ ရှေ့နေကျင့်ဝတ်သိက္ခာဖောက်ဖျက်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းကော်မတီ (ဒါမှမဟုတ် ခုံရုံး) နဲ့ တခြား ခွင့်ပြုထားတဲ့ ရုံးတစ်ခုခုတွင် အမှုလိုက်ပါ ဆောင်ရွက်ခွင့် ရှိပါတယ် (သတ်မှတ်ထားတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွင်သာ အမှုလိုက်ခွင့်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်မှာ အမှုလိုက်ပါခွင့် မရှိပါဘူး) ။
  • တရားလွှတ်တော်ရှေ့နေ - အထက်တန်းရှေ့နေအဖြစ် သုံးနှစ် အမှုလိုက်ပါ ဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံရှေ့နေများ ကောင်စီထံ တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်ပါတယ်။ တရားလွှတ်တော်ရှေ့နေတွေဟာ နိုင်ငံတဝန်းရှိ တရားလွှတ်တော်တင်မက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပါ အမှုလိုက်ပါခွင့် ရှိပါတယ်။
  • ဥပဒေအရာရှိ - ပြစ်မှုကိစ္စရပ်တွေမှာ အစိုးရကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကို ဆိုလိုပါတယ်။ ရာထူးအမြင့်ဆုံး ဥပဒေအရာရှိကနေ ရှေ့နေချုပ်ပဲ ဖြစ်ပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဥပဒေကြမ်းမှာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီနဲ့ ဒေသဆိုင်ရာ ရှေ့နေများကောင်စီ ဖွဲ့စည်းခြင်း၊ ကောင်စီတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ ရှေ့နေအလုပ်သင်၊ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်‌ရှေ့နေအဖြစ် လျှောက်ထားခြင်း၊ ရှေ့နေလိုက်သူတွေရဲ့ တာဝန်နဲ့ အခွင့်အရေး၊ ရှေ့နေကျင့်ဝတ်သိက္ခာ၊ ပြစ်မှုပြစ်ဒဏ်နဲ့ ရန်ပုံငွေ ထူထောင်သုံးစွဲခြင်း စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်အနေနဲ့ အရည်အချင်းပြည့်ဝတဲ့ ရှေ့နေတွေ တိုးပွားလာစေဖို့၊ အမှုဖြစ်ပွားသူတွေအတွက် ဥပဒေနဲ့အညီ ရထိုက်တဲ့ အခွင့်အရေးနဲ့ အကာအကွယ် ရရှိစေဖို့၊ ရှေ့နေလိုက်သူတွေ ရထိုက်တဲ့ အခွင့်အရေး ရရှိစေဖို့လို့ ဆိုထားပါတယ်။
  • မြန်မာနိုင်ငံရှေ့နေများကောင်စီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုရှေ့နေချုပ်က အဖွဲ့ဝင် (၁၇) ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်အဖြစ် ပါဝင်မှာ ဖြစ်ပြီး ကျန်ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်နေရာတွေကိုတော့ တရားလွှတ်တော်ရှေ့နေတွေက ရွေးချယ်တင်မြှောက်တဲ့ တရားလွှတ်တော်ရှေ့နေတွေက ရယူမှာ ဖြစ်ပါတယ်။
  • ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံမယ့် တရားလွှတ်တော်ရှေ့နေတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေပါရှိပြီး တရားလွှတ်တော်ရှေ့နေ လုပ်သက် အနည်းဆုံး (၁၀) နှစ် ရှိရပါမယ်။ အဆိုပါအဖွဲ့ဝင်တွေရဲ့ သက်တမ်းကို (၃/၄/၅) နှစ်လို့ ဖော်ပြထားပြီး ရာထူးသက်တမ်း တစ်ဆက်တည်း နှစ်ကြိမ်အထိသာ တာဝန်ထမ်းဆောင်ခွင့် ရှိပါတယ်။ နောက်ပြီး ရာထူးတာဝန်ရပ်စဲခြင်းနဲ့ ပတ်သက်လို့လည်း သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။
  • ကောင်စီဟာ ဒေသဆိုင်ရာရှေ့နေများကောင်စီတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတွေနဲ့ ညှိနှိုင်းကာ ဖွဲ့စည်းရမှာဖြစ်ပြီး ပါဝင်ရမယ့် ကောင်စီဝင်အရေအတွက်နဲ့ ကောင်စီဝင်တွေကို သတ်မှတ်ထားပါတယ်။ ဒေသဆိုင်ရာကောင်စီဝင်တွေဖြစ်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက်တွေထဲက တစ်ခုကတော့ တရားလွှတ်တော်ရှေ့နေ လုပ်သက်အဖြစ် အနည်းဆုံး (၅) နှစ် ရှိရမှာ ဖြစ်ပါတယ်။
  • အလုပ်သင်ရှေ့နေအတွက် လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ လိုအပ်ချက်တွေ ပြည့်စုံရင် မိမိသင်ကြားမယ့် နယ်မြေရဲ့ ဒေသဆိုင်ရာရှေ့နေများကောင်စီထံမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ ပြည်သူ့ဝန်ထမ်းတွေဟာလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ဌာန၊ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသဆိုင်ရာကောင်စီမှာ အလုပ်သင်ရှေ့နေအဖြစ် လျှောက်ထားနိုင်ပါတယ်။
  • အလုပ်သင်ရှေ့နေအဖြစ် တစ်နှစ်သင်ကြားပြီးတဲ့ ပုဂ္ဂိုလ်ဟာ သင်ကြားပေးတဲ့ တရားလွှတ်တော်ရှေ့နေရဲ့ ထောက်ခံချက်၊ အမှုလိုက် နေ့စဉ်မှတ်တမ်းတွေနဲ့အတူ အထက်တန်းရှေ့နေအဖြစ် ဒေသဆိုင်ရာရှေ့နေများကောင်စီမှာ လျှောက်ထားနိုင်ပါတယ်။ အစိုးရရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေအရာရှိအဆင့် (၄) ရှိသူတွေဟာ အထက်တန်းရှေ့နေ သက်သေခံမှတ်ပုံတင်လက်မှတ်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒါမှမဟုတ် သက်ဆိုင်ရာ ဥပဒေချုပ်ရုံးတဆင့် ဒေသဆိုင်ရာကောင်စီထံ လျှောက်ထားနိုင်ပါတယ်။ လက်တွေ့အမှုလိုက်ပါ ဆောင်ရွက်မယ့် အထက်တန်းရှေ့နေတွေရဲ့ သက်သေခံလက်မှတ်ဟာ သက်တမ်း တစ်နှစ် ဖြစ်ပြီး သက်တမ်းမကုန်မီ အနည်းဆုံး ရက် ၉၀ ကြိုပြီး အသစ်လဲလှယ်ရပါမယ်။
  • တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားခြင်းကိုတော့ မြန်မာနိုင်ငံရှေ့နေများကောင်စီကို လျှောက်ထားရမှာ ဖြစ်ပြီး အထက်တန်းရှေ့နေ သက်သေခံလက်မှတ်ကို (၃) နှစ် တစ်ဆက်တည်း အသစ်လဲလှယ်ခဲ့သူ ဒါမှမဟုတ် အထက်တန်းရှေ့နေ သက်သေခံလက်မှတ်ရရှိပြီး နိုင်ငံ့ဝန်ထမ်း/တရားရေး/ဥပဒေရေးရာ တာဝန်ကို အနည်းဆုံး (၅) နှစ် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရပါမယ်။
  • အလုပ်သင်ရှေ့နေ ဒါမှမဟုတ် အထက်တန်းရှေ့နေ အဖြစ် လျှောက်ထားရာမှာ ဆိုင်းငံ့ခြင်း၊ ငြင်းပယ်ခြင်း ပြုတဲ့ အမိန့်တွေနဲ့ တခြားအမိန့်တွေအတွက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှာ အယူခံ လျှောက်ထားနိုင်ပါတယ်။ ရှေ့နေကျင့်ဝတ်သိက္ခာတွေကိုလည်း ဖော်ပြထားပြီး တားမြစ်ထားတဲ့ တားမြစ်ချက်တွေ၊ ပြစ်မှု ပြစ်ဒဏ်တွေလည်း ပါရှိပါတယ်။

ဆက်စပ်ဥပဒေ

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၁၆)

လင့်ခ်များ

ဥပဒေကြမ်း

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း

International Bar Association

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org