Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 23, 2019
စာတည်းမှတ်ချက်။ ။ ပွင့်လင်းမြင်သာမှု နမူနာများဆိုတာ အာနန္ဒာ ဝက်ဘ်ဆိုဒ်မှာ ပုံမှန်ဖော်ပြဖို့ ရည်ရွယ်ထားတဲ့ ဆောင်းပါကော်လံဖြစ်ပါတယ်။ နိုင်ငံတကာက ပွင့်လင်းမြင်သာမှုနမူနာတွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် စဉ်းစားစရာတွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဘာလို့ ဒီလိုဆောင်းပါးတွေ ဖော်ပြသလဲဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားတာဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ သဘောတရားအရ အာဏာဟာ ပြည်သူလူထုရဲ့ လက်ထဲမှာ ရှိရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အေဗရာဟမ် လင်ကွန်းရဲ့ ၁၈၆၃ ခုနှစ် အမေရိကန် ပြည်တွင်းစစ်အတွင်း နာမည်ကျော် မိန့်ခွန်းတစ်ခု ဖြစ်သည့် Gettysburg မိန့်ခွန်းမှာ ပြောကြားခဲ့သလို ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူ့ရဲ့ အစိုးရ၊ ပြည်သူ့အတွက် အစိုးရ၊ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်ရပါမယ်။
လူတိုင်း မဲပေးပိုင်ခွင့်နဲ့ အတူ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေဟာ ကိုယ်စားပြုဒီမိုကရေစီ စနစ်ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပေမယ့် ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုဟာ အဲဒီနေရာ နှစ်ခုမှာပဲ အဆုံးသတ် သွားဖို့တော့ မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာဟာ ဖောက်ပြန်ပျက်စီးတက်စေတဲ့ သဘော ရှိတယ်ဆိုတဲ့ အခြေခံ သဘောတရားကြောင့် ဖြစ်ပါတယ်။ အကြွင်းမဲ့ အာဏာရှိသူက အကြွင်းမဲ့ ပျက်စီးနိုင်စေတယ် (Lord John-Dalburg Acton၊ ၁၈၈၇)။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တခြားတစ်မျိုးနဲ့ ရှုမြင်ပါတယ်။ အာဏာက လူကို ပျက်စီးစေတာ မဟုတ်ဘဲ ကြောက်ရွံ့မှုကသာ ပျက်စီးစေတာဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာ ဆုံးရှုံးမှာ ကြောက်ရွံ့ခြင်းက အာဏာရှိသူတွေကို ပျက်စီးစေပြီး အာဏာမရှိသူတွေက အနိုင်ကျင့်ခံရမှာကို ကြောက်လို့ အကျင့် ပျက်စီးကြတာလို့ မြင်ပါတယ်။ (၁၉၉၁)
ဒီလိုပဲ အခြေခံ သဘောတူ လက်ခံထားကြတဲ့ အချက်တစ်ခုက ပြည်သူလူထုက အစိုးရတွေကို စောင့်ကြည့်ထိန်းကျောင်းမှု မရှိဘူးဆိုရင် အစိုးရစနစ်တစ်ခုဟာ အာဏာရှင်စနစ်ဆီသို့ ဦးတည်သွားနိုင်စေတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေမှာ အစိုးရရဲ့ တာဝန်ခံမှုကို စောင့်ကြည့်ထိန်းကျောင်းရမယ့် တာဝန် ရှိပါတယ်။ ဒီလိုမျိုး ပြည်သူတွေက စောင့်ကြည့်ပြီး အစိုးရတွေကို တာဝန်ခံစေတဲ့ ယန္တရား အလုပ်ဖြစ်ဖို့အတွက် လိုအပ်ချက် နှစ်ခု ရှိပါတယ်။
၁။ အစိုးရဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည်သူတွေအား အသိပေးပြီး ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှု ရှိရမှာဖြစ်ပါတယ်။ အစိုးရရဲ့ သတင်းအချက်အလက်အားလုံးဟာ အများပြည်သူ သိရှိသင့်တဲ့ သတင်း အချက်အလက်ဖြစ်တယ်ဆိုတဲ့ အချက်ကို အဓိက လက်ကိုင်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုခံယူလုပ်ဆောင်ခြင်းကို အစိုးရရဲ့ ပွင့်လင်းမြင်သာမှုလို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တာဝန်ခံမှုရဲ့ ဖြည့်ဆည်းခြင်းအပိုင်းလို့ ဆိုနိုင်ပါတယ်။
၂။ နိုင်ငံတစ်ခုရဲ့ ပြည်သူတွေဟာ အစိုးရသတင်းအချက်အလက်တွေကို နားလည်သိရှိပြီး အစိုးရရဲ့ လုပ်ရပ်တွေကို တစ်နည်းတစ်ဖုံအားဖြင့် လွှမ်းမိုးနိုင်တဲ့ ယန္တရားတွေကို ပိုင်ဆိုင်ထားရမှာ ဖြစ်ပါတယ်။ ဒါကိုတော့ တာဝန်ခံမှုရဲ့ ရယူအသုံးပြုသူများအပိုင်းလို့ သိရှိကြပါတယ်။
အစိုးရတွေအနေနဲ့ အခွင့်အာဏာ ရရှိလာတဲ့အခါ ပြည်သူအားလုံးအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး ဖြစ်စေဖို့ ရည်ရွယ်ပြီး စီမံအုပ်ချုပ်ရမယ့် တာဝန် ရှိပါတယ်။ ဗြိတိသျှ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ တိုနီဘန်း (Tony Benn (British politician, 1925-2014)) ရဲ့ စကားလုံး အတိုင်း ပြောရမယ် ဆိုရင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အာဏာရှိသူတွေဟာ အောက်ပါ မေးခွန်း ငါးခုကို ကိုယ့်ကိုယ်ကို ပြန် မေးရမယ်လို့ ဆိုပါတယ်။
- ကိုယ်ရရှိနေတဲ့ အာဏာက ဘယ်လိုမျိုးလဲ။
- ဘယ်နေရာကနေ အာဏာကို ရရှိခဲ့တာလဲ။
- ဘယ်သူရဲ့ အကျိုးစီးပွားအတွက် ဒီအာဏာတွေကို အသုံးပြုမှာလဲ။
- ဘယ်သူတွေကို တာန်ခံရမလဲ။
- ကိုယ့်ကို ပြည်သူတွေက ဘယ်လိုနည်းနဲ့ ဖယ်ရှားနိုင်မလဲ။
ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတွေဟာ ပိုမိုကောင်းမွန်တဲ့ အများပြည်သူ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ကြပါတယ်။
ဒီအချက်က သမိုင်းဝင် မိန့်ခွန်းတစ်ခုခုကြောင့် ဒါမှမဟုတ် ကုလသမဂ္ဂ စာချုပ်စာတမ်း တစ်ခုမှာ ပါဝင်မှ လိုက်နာရမယ့် ဒီမိုကရေစီ သဘောတရား မဟုတ်ပါ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ပြည်သူတွေရဲ့ ပါဝင်မှုဟာ ဒီမိုကရေစီ စနစ်ကို မြှင့်တင်ပေးပြီး လူတိုင်းအတွက် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ကို အာမခံချက်ပေးလို့ ကျင့်သုံးသင့်တာပါ။ အစိုးရကို ပွင့်လင်းမြင်သာဖို့ တောင်းဆိုကြတဲ့ ရည်ရွယ်ချက်က ပိုမိုကောင်းမွန်ပြီး ထိရောက်မှု ရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပုံဖော်နိုင်ဖို့နဲ့ ပါဝင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါမှသာ ပြည်သူလူထုရဲ့ အစိုးရအပေါ် ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အပြင် ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်တဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ အုပ်ချုပ်ရေး စနစ်တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်လင်းမြင်သာမှုဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ စနစ်ကို ပိုမိုအားကောင်းစေပြီး အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုကို ပိုမို ကောင်းမွန်စေပါတယ်။ (ဘားရက် အိုးဘားမား၊ ၂၀ဝ၃)
အစိုးရအနေနဲ့ စီမံကိန်းတွေ ဘယ်လိုရေးဆွဲတယ်၊ ဦးစားပေး ရွေးချယ်တယ်၊ အစိုးရ ဘဏ္ဍာငွေတွေကို သုံးစွဲပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်ဆိုတဲ့ အချက်တွေကို ပြည်သူတွေ ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်ခြင်းရှိပါမှ ပြည်သူတွေအနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို အပြန်အလှန် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့် မရှိပါဘူးဆိုရင် စီမံကိန်းတွေ၊ ဦးစားပေးလုပ်ငန်းတွေဟာ အကျိုးမရှိတဲ့ နေရာတွေကို ရောက်ရှိသွားတာ၊ ပြည်သူ့ဘဏ္ဍာငွေတွေ မလိုလားအပ်ဘဲ လေလွင့်ဆုံးရှုံးရတာ (ပိုဆိုးတဲ့ အခြေအနေတွေမှာ အာဏာရှိသူရဲ့ အိတ်ကပ်ထဲကို ပြည်သူ့ဘဏ္ဍာငွေတွေ ရောက်ရှိသွားတာတွေ ဖြစ်ပါတယ်)၊ ပြည်သူလူထုအတွက် ရည်ရွယ်တဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှု မရှိဘဲ အလေအလွင့်များတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ပွင့်လင်းမှု ရှိတဲ့ အစိုးရဖြစ်ဖို့ဟာ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာဟာ ခေါင်းဆောင်တွေကို ရွေးချယ်ပြီး သူတို့ရဲ့ သက်တမ်းကာလကုန်သည်အထိ ဆုံးဖြတ်ချက်တွေ စိတ်ကြိုက် ချမှတ်ကြဖို့ လွှတ်ထားပေးရသော စနစ် မဟုတ်ပါ။ စစ်မှန်သော ဒီမိုကရေစီ စနစ်မှာ ပူးပေါင်းပါဝင်မှု၊ ဆွေးနွေးငြင်းခုံမှု၊ တာဝန်ဆင့်ကဲ ခွဲဝေမှုနဲ့ အပေးအယူလုပ် ကြားချဆုံးဖြတ်မှုတွေ ပါဝင်ရပါမယ်။ ဒါ့ကြောင့် ဒီမိုကရေစီ စနစ်ဟာ ရိုးရိုးစင်းစင်းမဟုတ်ဘဲ ခက်ခက်ခဲခဲ ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်ကြိုးစားရတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုရှိစွာ လုပ်ဆောင်မယ်ဆိုရင်တော့ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။
အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေဟာ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။
ဒီမိုကရေစီစနစ် အလုပ်ဖြစ်ဖို့ဆိုရင် အစိုးရ ခေါင်းဆောင်တွေ၊ အစိုးရ ဝန်ထမ်းတွေအနေနဲ့ သူတို့ဟာ ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေရတဲ့သူတွေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့ လိုပါတယ်။ အစိုးရ လုပ်ငန်း လုပ်ဆောင်မှု မှန်သမျှဟာ ပြည်သူလူထုရဲ့ စောင့်ကြပ်ကြည့်ရှုမှုကို ခံရမယ်၊ သူတို့ အသုံးပြုနေတဲ့ သတင်းအချက်အလက်တွေဟာလည်း ပြည်သူလူထုနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ကို နားလည်ဖို့ လိုအပ်ပါတယ်။
ဒီသဘောတရားကို အစိုးရတွေအနေနဲ့ အချိန် တော်တော်ကြာမှ ကျေကျေနပ်နပ် လက်ခံကြလေ့ရှိပါတယ်။ အထူးသဖြင့် အခုကစပြီး ဒီမိုကရေစီ ကျင့်စဉ်ကို စတင်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေက နိုင်ငံကို အုပ်ချုပ်ဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာဖြစ်တဲ့အတွက် ဒီအချက်ကို လွယ်လွယ် လက်ခံဖို့ ခဲယဉ်းလေ့ရှိပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေအနေနဲ့ ပထမဦးဆုံး နိုင်ငံရေးပါတီတွေမှာ ပါတီဝင် ထိုမှတဆင့် လွှတ်တော် အမတ် ဒါမှမဟုတ် အစိုးရ အရာရှိကြီးတွေ ဖြစ်လာကြတဲ့အခါ သူတို့ဟာ ကြီးမားလေးလံတဲ့ မျှော်လင့်ချက်တွေရဲ့ အောက်မှာ ဖိအားပေးခံရတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အစိုးရ အုပ်ချုပ်မှု ယန္တရားတွေက သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို နောက်ပြန်ဆွဲနေတယ်လို့ ထင်မြင် ယူဆနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင်တော့ ဒီမိုကရေစီ စနစ် ရှင်သန်ထွန်းကားရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်က သူတို့ရဲ့ ဆောင်ရွက်ချက်တိုင်း ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။
အာနန္ဒာ