Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on May 23, 2019

အစိုးရက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲ ကျင့်သုံးနေပါပြီ။ ဒီလို ပြောင်းလဲကျင့်သုံးရတာဟာ အစိုးရက အကောင်အထည်ဖော်မယ့် လုပ်ငန်းစီမံကိန်းတွေ တည်ဆောက်ရေးနဲ့ ဝယ်ယူရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါ ပွင့်လင်းရာသီအတွင်း တစ်ဆက်တည်း လုပ်နိုင်အောင် အတွက် ဖြစ်ပါတယ်။

ဘဏ္ဍာရေးနှစ် အချိန်ပြောင်းလဲရတာဟာ ပွင့်လင်းရာသီမှာ အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်ရင် ကြီးမားတဲ့ ငွေကြေး လည်ပတ်မှု ဖြစ်လာမှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာမှာဖြစ်လို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းတင်ပြထားပါတယ်။

အခုဆိုရင် ဘဏ္ဍာရေးနှစ် အချိန်ပြောင်းလဲမှု ကျင့်သုံးတာဟာ ခြောက်လကျော် သက်တမ်းကို ရောက်နေပါပြီ။ ဒီတော့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ပထမ သုံးလပတ်လို့ ခေါ်တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှုတွေဟာ ဘဏ္ဍာရေးနှစ် ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လောက်အထိ ဖြည့်ဆည်းနိုင်တယ်ဆိုတာကို ဆန်းစစ်တိုင်းတာကြည့်ဖို့ လိုပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ်လမှာ ပြည်ထောင်စုတိုင်းနဲ့ပြည်နယ်အစိုးရ တွေရဲ့ ပထမ သုံးလပတ် အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာပါ ဘဏ္ဍာငွေ လျာထားချက်နဲ့ အသုံးပြုနိုင်မှုဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံပြီး ဆန်းစစ်တိုင်းတာကြည့်မှာ ဖြစ်ပါတယ်။

ဗဟိုအဖွဲ့အစည်းများ

ဗဟိုအဖွဲ့အစည်းများဆိုတဲ့နေရာမှာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်သုံးရပ်၊ တရားလွှတ်တော်ချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပါဝင်ပါတယ်။

ဒီထဲမှာ နိုင်ငံတော်သမ္မတရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့ကတော့ ရငွေလျာထားချက် လုံးလုံးမရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဗဟိုအဖွဲ့အစည်းတွေရဲ့ ပထမ သုံးလပတ် ရငွေကို ကျပ်သန်းပေါင်း ၉၀၃.၈၆၁ ရှိပြီး သုံးငွေအနေနဲ့ ကျပ်သန်းပေါင်း ၂၃၂၃၂.၉၈၈ ရှိမယ်လို့ လျာထားပါတယ်။ ဒါပေမဲ့ အမှန်တကယ်မှာတော့ ရငွေဟာ ၂၆၈.၂၉၈ သန်းပဲ ရှိခဲ့သလို သုံးငွေပိုင်းမှာလည်း လျာထားချက်ထက် လျော့နည်းပြီး ၁၆၆၉၀.၃၉၆ သန်းပဲ အသုံးပြုထားပါတယ်။ ဗဟိုအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးနှစ် ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ သူတို့အပေါ်မှာ များစွာသက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် သူတို့ကို ဆန်းစစ်တိုင်းတာတဲ့အခါ ရငွေ၊ သုံးငွေ လျာထားချက်နဲ့ အကောင်အထည်ဖော်မှုပိုင်းနဲ့ပဲ လုပ်ဆောင်နိုင်စွမ်းကို ပိုင်းဖြတ်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ဗဟိုအဆင့်အဖွဲ့အစည်းတွေအနေနဲ့ ရငွေပိုင်းမှာ လျာထားချက်ထက် ကျပ်သန်းပေါင်း ၆၃၅ သန်းကျော် လျော့နည်းရရှိသလို သုံးငွေပိုင်းမှာတော့ လျာထားချက်ထက် ကျပ်သန်းပေါင်း ၆၅၄၂ သန်းကျော် လျော့ချသုံးစွဲထားပါတယ်။

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ

ပထမ သုံးလပတ်အစီရင်ခံစာအရ ဝန်ကြီးဌာနတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေရဲ့ ရငွေ၊ သုံးငွေတွေနဲ့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

ကျန်ဝန်ကြီးဌာန၂၁ ခုရဲ့ လျာထားရငွေ၊ သုံးငွေနဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ရငွေလျာထားချက်ထက် အဆပေါင်းများစွာ ဝင်ငွေရရှိတဲ့ ဝန်ကြီးဌာနက နယ်စပ်ရေးရာဝန်ကြီးဌာန ဖြစ်ပြီး လျာထားရငွေမှာ ကျပ် ၅၇ သန်းကျော်သာ မှန်းထားပေမယ့် တကယ့်ရခဲ့တဲ့ ဝင်ငွေက ကျပ်သန်းပေါင်း ၃၀ဝ၀ ကျော် ရှိပါတယ်။

နောက်ထပ် လျာထားချက်ထက် ၂ ဆနီးပါး ပိုတိုးပြီး ဝင်ငွေရှာနိုင်ခဲ့တဲ့ ဌာနကတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဖြစ်ပြီး ကျပ်သန်း ၁၃၂၂၂၅ သန်းကျော် မှန်းထားပေမယ့် ၂၄၆၁၉၅ သန်းကျော် ရှာဖွေနိုင်ခဲ့ပါတယ်။ မှန်းထားတဲ့ ဝင်ငွေထက် ပိုရှာနိုင်ခဲ့တဲ့ တခြားဝန်ကြီးဌာနတွေကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ လျှပ်စစ်နှင့် စွမ်းအင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့ ဖြစ်ပါတယ်။

လျာထားချက်ထက် ၅၀ ရာခိုင်နှုန်းအောက်သာ ဝင်ငွေရှိခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေး၊ ဆောက်လုပ်ရေးနဲ့ နေ့စဉ်ဝင်ငွေရှိနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

သုံးငွေအပိုင်းမှာတော့ လျာထားချက်နီးပါး ပြည့်မှီအောင် သုံးစွဲနိုင်တဲ့ ဝန်ကြီးဌာနတွေကတော့ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ပညာရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်ပြီး သုံးစွဲမှုရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ လျာထားချက်ရဲ့ ထက်ဝက်နီးပါးခန့်သာ သုံးစွဲခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ဆောက်လုပ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနဟာ လျာထားချက်ရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကိုသာ အကောင်အထည်ဖော်ထားနိုင်ပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေရဲ့ သုံးလပတ်ကာလအတွင်းမှာ မျှော်မှန်းထားတဲ့ရငွေနဲ့ တကယ့်ရငွေကွာဟချက်ဟာ ကျပ်သန်းပေါင်း ၂၅၀၄၀၇ သန်းအထိ လျော့နည်းနေပြီး ထူးခြားချက်အနေနဲ့ သုံးငွေအပိုင်းမှာလည်း မူလလျာထားချက်ထက် ကျပ်သန်းပေါင်း ၁၀၃၂၃၂၂ ကျော် လျော့ချသုံးစွဲထားတာ ဖြစ်ပါတယ်။

“သုံးငွေပိုင်းတွင် ငွေလုံးငွေရင်းအသုံးစရိတ်များ လျာထားချက်ထက် လျော့နည်းသုံးစွဲရခြင်းမှာ အချို့ဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ ဝယ်ယူရန်အတွက် တင်ဒါခေါ်ယူ ဆောင်ရွက်ဆဲဖြစ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား လုပ်ငန်းပြီးစီးမှုအလိုက်သာ ငွေပေးချေရခြင်း၊ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေဖြင့် သုံးစွဲသော အသုံးစရိတ်များ သုံးစွဲနိုင်မှု မရှိသေးခြင်းတို့ကြောင့် လျော့နည်းရခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်” လို့ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ

၂၀၁၈-၂၀၁၉ ဘက်ဂျက်နှစ်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ရငွေ လျာထားချက်အပေါ် အကောင် အထည်ဖော်နိုင်မှုဟာ သိပ်မကွာခြားပေမယ့် ထူးခြားချက်အနေနဲ့ မကွေးတိုင်းဒေသကြီးကတော့ လျာထားချက်ထက် ကျပ်သန်းပေါင်း ၇၈၀ဝ၀ ကျော်အထိ တိုးမြှင့် ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး လျာထားငွေထက် ပိုပြီးတော့ ဝင်ငွေ ရနေတာဟာ အခွန်အကောက်ကနေ ရငွေ၊ သစ်တောထွက်ပစ္စည်း ရောင်းချရငွေ၊ လိုင်စင်ကြေး ရငွေ၊ ဦးစီးဌာနအချို့က အခကြေးငွေရယူပြီး ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေမှာ ဈေးနှုန်းတွေကို ခေတ်ကာလနဲ့ ညီအောင် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ပိုရလာတဲ့ ရငွေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးစီးဌာနအချို့ရဲ့ လစာပိုငွေ ပြန်သွင်းငွေတွေအပြင် လျာထားချက်မှာ မပါဝင်ဘဲ မြေငှားရမ်းခရငွေတွေ တိုးလာတာ၊ အစိုးရပိုင် အိမ်ရာတွေမှာ အိမ်ငှားချထားပေးတဲ့အတွက် ဝင်ငွေ တိုးလာတာတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လျာထားချက်ထက် ပိုမိုပြီးတော့ ဝင်ငွေ ပိုရှာနိုင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကတော့ ကယားနဲ့ မန္တလေးတို့ ဖြစ်ပါတယ်။ ရငွေတိုးတက်ရှာဖွေနိုင်တာ ကောင်းတဲ့ရလဒ်လို့ဆိုနိုင်ပေမယ့်၊ တစ်ဖက်ကလည်း ရငွေခန့်မှန်းတဲ့စနစ်ကို အမှန်နဲ့ ပိုနီးစပ်အောင် လုပ်ဖို့လိုနေသေးတာကိုလည်း ပြနေပါတယ်။

လျာထားချက်နဲ့ အကောင်အထည်ဖော်နိုင်မှု

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေဟာ ဝင်ငွေ ရရှိရေးလုပ်ဆောင်တဲ့နေရာမှာတော့ လျာထားချက်တွေ ပြည့်မီတဲ့အပြင် ကျော်လွန်တဲ့အထိ ရှာနိုင်ပေမယ့် သုံးငွေပိုင်းမှာ ထူးခြားမှုတွေ ရှိပါတယ်။ ဖွံ့ဖြိုးမှု နည်းပေမယ့် ဝင်ငွေ တိုးရှာထားနိုင်တဲ့ ကယားမှာ ပြည်နယ်လျာထားအသုံးစရိတ်ရဲ့ ၃ပုံ ၁ ပုံခန့်ကိုသာ သုံးစွဲထားပါတယ်။ ပြည်နယ်ရဲ့ အသုံးစရိတ် နည်းပါးနေမှုနဲ့ ပတ်သတ်ပြီး သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲ စိစစ်ရမှာ ဖြစ်ပါတယ်။

သာမန်အသုံးစရိတ်ပိုင်းမှာ လျာထားအသုံးစရိတ်ဟာ ကျပ်သန်းပေါင်း ၃၂၀၅ သန်းကျော်ရှိပြီး အကောင်အထည် သုံးစွဲတာဟာ ကျပ်သန်းပေါင်း ၂၉၄၁ သန်းကျော်ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၉၂ ရာခိုင်နှုန်းခန့် ရှိပါတယ်။ လျာထားချက်ထက် နည်းတာဟာ ဝန်ထမ်းတွေကို လျာထားချက်အတိုင်း မခန့်နိုင်တာ၊ အငြိမ်းစား ယူတာနဲ့ ပြောင်းရွေ့ကုန်တာ၊ အစိုးရအဖွဲ့က ပြည်ပခရီးသွားလာမှု နည်းပါးတာ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်တွေကို လျာထားတဲ့ အတိုင်း မသုံးတာတွေကြောင့်လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာတော့ ကယားပြည်နယ်အစိုးရရဲ့ လျာထားချက်အောက် များစွာကျဆင်းနေပြီး အကောင်အထည်ဖော်နိုင်တဲ့ပမာဏဟာ ၅.၇၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လျာထားအသုံးစရိတ်ဟာ ကျပ် ၂၅၅၈.၆၀၃ သန်းရှိပေမယ့် တကယ်သုံးခဲ့တာဟာ သန်း ၃၇၁.၅၉၉ သန်းပဲ ရှိပါတယ်။ လျာထားချက် မမီတာဟာ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် ပြည့်ပြီးသည့်တိုင် အစိုးရရဲ့ လုပ်ငန်းစီမံကိန်းတွေအတွက် တင်ဒါခေါ်ယူနေရဆဲ ဖြစ်တာ၊ တင်ဒါကိစ္စတွေမှာ အစိုးရအဖွဲ့ ခွင့်ပြုချက် မရရှိတာ၊ လုပ်ငန်းတွေအတွက် စာချုပ်ချုပ်ဆိုမှု နောက်ကျတာနဲ့ တင်ဒါအတည်ပြုချက် မရသေးတာကြောင့် ငွေထုတ်ယူမသုံးစွဲတာ၊ တင်ဒါခေါ်ယူ ဆောင်ရွက်ပေမယ့် ငွေထုတ်ယူသုံးစွဲမှု မရှိတာတွေနဲ့ ရုံးသုံးစက်ကိရိယာ/ပရိဘောဂ/ရုံးသုံးယာဉ်နဲ့ အခြားရုံးသုံးပစ္စည်းတွေ သုံးဖို့ ခွင့်ပြုချက် မရသေးတာကြောင့်လို့ သုံးလပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသုံးစရိတ် လျာထားချက်ရဲ့ ထက်ဝက်နီးပါးကိုသာ သုံးနိုင်တာကတော့ စစ်ကိုင်းတိုင်းပါ။ သာမန်အသုံးစရိတ်အနေနဲ့ စစ်ကိုင်းတိုင်းဟာ လျာထားချက်ရဲ့ ၇၇ ရာခိုင်နှုန်း ကျော် အကောင်အထည် ဖော်ထားနိုင်ပါတယ်။ ဒါပေမဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာတော့ လျာထားချက်ရဲ့ ၁၀ရာခိုင်နှုန်း ကျော်ခန့်ကိုပဲ လုပ်ဆောင်နိုင်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ငွေလုံးငွေရင်း လျာထားချက်ဟာ ကျပ် ၁၆၂၉၄ သန်းကျော် ရှိပြီး တကယ်တမ်း သုံးစွဲခဲ့တာဟာ ပထမ သုံးလပတ်အတွင်း ကျပ်သန်း ၁၇၄၂ သန်းကျော်ပဲ သုံးထားတာကို တွေ့ရပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ် လျော့နည်းရတာဟာ ဌာနနဲ့ အဖွဲ့အစည်းတွေက ဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေဟာ တင်ဒါခေါ်ယူ ဆောင်ရွက်ဆဲ ဖြစ်တာကြောင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လျာထားချက်ထက် ငွေလုံးငွေရင်း အသုံးစရိတ် သုံးစွဲမှု

တတိယအနည်းဆုံးဖြစ်တာကတော့ မကွေးတိုင်းဖြစ်ပြီး ၄၅.၁၂ရာခိုင်နှုန်း သာ လျာထားချက်အတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ပထမ သုံးလပတ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ကို ကျပ်သန်းပေါင်း ၁၆၇၁၄ သန်းကျော် မှန်းထားပေမယ့် တကယ်တမ်း လက်တွေ့အသုံးပြုခဲ့တဲ့ အသုံးစရိတ်ကတော့ ကျပ်သန်း ၇၅၄၁ သာ ရှိပါတယ်။

စီမံ/ဘဏ္ဍာ သုံးသပ်ချက်

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေကတော့ ဝင်ငွေပိုင်းနဲ့ ပတ်သက်လို့ သာမန်ရငွေပိုင်းမှာ လျာထားချက် နီးပါး ၉၅ ရာခိုင်နှုန်း ကျော်ပေမယ့် ငွေလုံးငွေရင်းမှာတော့ ၃၃ ရာခိုင်နှုန်း သာ အကောင်အထည် ဖော်နိုင်လို့ လျာထားချက်ကို ပြည့်မီဖို့ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

သုံးငွေပိုင်းမှာတော့ သာမန်အသုံးစရိတ်ပိုင်းမှာ ၈၇ ရာခိုင်နှုန်းကျော် သုံးစွဲအကောင်အထည်ဖော် လုပ်ဆောင်နိုင်ပေမယ့် ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာတော့ ၃၃ ရာခိုင်နှုန်းသာ ရှိပြီး လျာထားချက်ရဲ့ ထက်ဝက်ကိုတောင် အကောင်အထည် မဖော်နိုင်ဘူးဆိုတာ ပြသနေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်အတွက်တော့ ဝင်ငွေပိုင်းမှာ လျာထားချက်နီးပါးနဲ့ တချို့ဆိုရင် လျာထားချက်ထက် ကျော်လွန်အောင် လုပ်ဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ အခွန်အကောက်ရငွေတွေ မြင့်တက်လာတာ၊ သာမန်ရငွေပိုင်းမှာ စာရင်းစစ်ကန့်ကွက်ချက်အရ ပြန်လည်ပေးသွင်းငွေနဲ့ တခြားငွေတွေ ပိုရလာတာ၊ အစိုးရတင်ဒါလျှောက်လွှာ ရောင်းရငွေ မြင့်တက်လာတာ၊ အထပ်မြင့်အဆောက်အဦ စစ်ဆေးခရငွေတွေ ပိုတိုးရလာပါတယ်။ ဒါ့အပြင် ငွေလုံးငွေရင်း ရငွေမှာ ဆယ်တင်ပစ္စည်းရောင်းချရငွေ၊ အဆောက်အဦဟောင်း ဖျက်သိမ်းရောင်းချရငွေနဲ့ ဈေးဆိုင်ခန်းတွေ ရောင်းရငွေ ပိုတိုးလာတဲ့အတွက် လျာထားချက်ထက် ပိုရလာတယ်လို့ ဆိုထားပါတယ်။

အချို့သော တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ထမ်းတွေ အပြည့်အဝ မခန့်အပ်နိုင်တာ၊ အစိုးရအဖွဲ့တွေရဲ့ ခရီးသွားလာမှု နည်းပါးတာ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်တွေ လျော့နည်းသုံးစွဲတာတွေကြောင့် သာမန်အသုံးစရိတ်ပိုင်းမှာ လျာထားချက်အောက် လျော့နည်းသုံးစွဲနေတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။ ငွေလုံးငွေရင်းမှာလည်း လုပ်ငန်းတွေကို တင်ဒါခေါ်ယူဆဲ ဖြစ်တာကြောင့် လျာထားချက်အောက် လျော့နည်းသုံးစွဲထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သုံးလပတ်အစီရင်ခံစာမှာ “တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် လုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူဆဲ ဖြစ်သည့်အတွက် လျာထားသည့်အတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်မှုမရှိကြောင်း” လို့ အထူးပြု ဖော်ပြထားပါတယ်။

ကိန်းဂဏန်းတွေက ပြနေတဲ့ စွမ်းဆောင်ရည်

ဒေသဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေမှာ ဝင်ငွေရရှိမှုအပိုင်း တိုးတက်လာတာဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ လူထုရဲ့ အခွန်ထမ်းယဉ်ကျေးမှု မြင့်မားလာတာကို သိသာထင်ဟပ်စေပါတယ်။

အစိုးရအဖွဲ့နဲ့ ဌာနတွေ လည်ပတ်ဖို့ သုံးရတဲ့ သာမန်အသုံးစရိတ်ပိုင်းမှာတော့ ဗဟိုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနဲ့ ဌာန၊ ဒေသဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေဟာ လျာထားချက်ထက် လျှော့ချသုံးစွဲထားတာကို တွေ့ရပါတယ်။ ဒါဟာ အစိုးရရဲ့ အသုံးစရိတ်ကို တတ်နိုင်သမျှ လျှော့ချတယ်လို့ ကောက်ချက်ချနိုင်ပေမယ့် လျာထားချက်အတိုင်း သတ်မှတ်ဝန်ထမ်းဦးရေ မခန့်ထားနိုင်တာကတော့ ကောင်းမွန်တဲ့ ရလဒ်မဟုတ်ပါဘူး။ ထူးခြားချက်အနေနဲ့ စစ်ကိုင်းတိုင်းဆိုရင် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ခရိုင်နဲ့ မြို့နယ်အဆင့် ဒုညွှန်ကြားရေးမှူးတွေ လစ်လပ်နေတာ၊ လျာထားပြီ ဖြစ်ပေမယ့် ဝန်ထမ်း (၄၀) ဦးကို သုံးလပတ်ကာလအထိ မခန့်နိုင်သေးဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာတော့ ပြည်ထောင်စုအဆင့်နဲ့ ဒေသဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အချို့ရဲ့ စွမ်းဆောင်ရည်ဟာ အားရစရာ မကောင်းလှဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ အထူးပြု ပြောရတာဟာ နိုင်ငံ့လူထု (ဝါ) အခွန်ထမ်းပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို အထောက်အပံ့ပေးမယ့် လုပ်ငန်းစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ သုံးစွဲတဲ့ ငွေကြေးမို့လို့ပါ။

နိုင်ငံတကာမှာ အစိုးရတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို တိုင်းတာတဲ့နေရာမှာ အစိုးရတွေရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကိုလည်း ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။ ယေဘူယျအားဖြင့် ဝင်ငွေကို လျာထားချက်ထက် ပိုရှာနိုင်ရင် ကောင်းတယ်လို့ သတ်မှတ်ကြသလို လျာထားချက်ထက် လျှော့နည်းနေရင်လည်း ဝင်ငွေရလမ်းကို ရှိရင်းစွဲထက် ပိုရှာသင့်ပြီလို့သာ အကြံပြုကြလေ့ ရှိပါတယ်။ ဥပမာအားဖြင့် အခွန်အခကောက်ယူနိုင်မယ့် နည်းလမ်းသစ်၊ နယ်ပယ်သစ်တွေ စဉ်းစားတာမျိုးပါ။

သုံးစွဲငွေပိုင်းမှာတော့ နိုင်ငံအတော်များများမှာ လျာထားချက်ထက် ပိုသုံးလေ့ရှိကြပေမယ့် တိုင်းတာတဲ့နေရာမှာတော့ လျာထားချက်နဲ့ အကောင်အထည်ဖော်မှု ရာခိုင်နှုန်း နီးစပ်လေ စွမ်းဆောင်ရည် ကောင်းလေပဲလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ လျာထားချက်အတိုင်း ပြည့်မီအောင် မလုပ်နိုင်တဲ့အပြင် ကွာဟမှု ရာခိုင်နှုန်း မြင့်မားနေတယ်ဆိုရင်တော့ အစိုးရရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ မေးခွန်းထုတ်စရာဖြစ်လာမှာ ဖြစ်ပါတယ်။ ပထမ သုံးလပတ် အစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်အရ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန လေးခုဟာ လျာထားချက်ရဲ့ ထက်ဝက်တောင် သုံးစွဲမှု မပြနိုင်တာအပြင် ဒီဌာနလေးခုဟာ လူထုကို ဝန်ဆောင်မှု ပေးရတဲ့ ဌာနတွေ ဖြစ်တာကြောင့် ပြည်သူကို ပေးရမယ့် ဝန်ဆောင်မှုပိုင်းမှာ အားနည်းခဲ့တယ်လို့ သုံးသပ်ရမှာပါ။ ဒေသဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရထဲမှာတော့ ကယားပြည်နယ်ဟာ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းနဲ့ ပတ်သက်လို့ လျာထားချက် ၆ ရာခိုင်နှုန်း သာ အကောင်အထည် ဖော်နိုင်လို့ အဆိုးဝါးဆုံး ဒေသလို့ သုံးသပ်ရမှာပါ။ သူ့နောက်မှာတော့ စစ်ကိုင်းတိုင်းဟာ လျာထားချက်ရဲ့ ၁၁ ရာခိုင်နှုန်းခန့်အထိ နည်းပါးခဲ့တာကိုလည်း တွေ့ရပါတယ်။

တစ်နှစ်စာရသုံးခန့်မှန်းခြေနှင့် သုံးလပတ်အသုံးစရိတ်

ဘဏ္ဍာနှစ်ရဲ့ ပထမ (၃) လပတ်အတွက် အသုံးစရိတ် (သာမန် + ငွေလုံးငွေရင်း) လျာထားချက်ကို ဆန်းစစ်တဲ့အခါ တစ်နှစ်လုံးစာ လျာထားချက်နဲ့ ယှဉ်ထိုးတွက်ချက်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ တစ်နှစ်လုံးစာရဲ့ ၈၄% ကျော်ကို ပထမ (၃) လပတ်အတွင်းမှာ အသုံးပြုဖို့ လျာထားပြီး ကျန်အများစုကတော့ ၂၀ ကနေ ၃၀% အထိ လျာထားပါတယ်။ ၂၀%အောက် လျော့ချလျာထားတဲ့ ဝန်ကြီးဌာန (၇) ခု ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး (၁၉.၅၆)၊ ပြန်ကြားရေး (၁၉.၈၄)၊ စက်မှု (၁၅.၇၂) ပညာရေး (၁၉.၄၉)၊ ကျန်းမာရေးနှင့် အားကစား (၁၂.၄၄)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (၁၉.၇၂) နဲ့ တိုင်းရင်းသားလူမျိုးရေးရာ (၁၅.၁၉) တို့ ဖြစ်ပါတယ်။

(၃) လပတ် ပြည့်မြောက်ပြီး ၀န်ကြီးဌာနအလိုက် စွမ်းဆောင်ရည်ကို ကြည့်တဲ့အခါ လျာထားချက်ရဲ့ ၇၅% နဲ့ အထက် အကောင်အထည်ဖော်နိုင်တဲ့ ဝန်ကြီးဌာန (၁၀) ခု ရှိပြီး ၅၀% အောက်သာ ဖော်ဆောင်နိုင်တဲ့ ဝန်ကြီးဌာန (၄) ခု ရှိပါတယ်။ အဲဒါတွေက ပြန်ကြားရေး (၄၉.၂၂)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး (၄၀.၅၃) လျှပ်စစ်နှင့် စွမ်းအင် (၄၀.၅၁) နဲ့ ဆောက်လုပ်ရေး (၃၄.၉၉) တို့ ဖြစ်ပါတယ်။

ဘဏ္ဍာနှစ် သက်တမ်း (၄) ပုံ (၁) ပုံဖြစ်တဲ့ သုံးလပတ်အတွင်း ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေအပေါ် လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့မှုကို ဘဏ္ဍာနှစ်တစ်ခုလုံးနဲ့ ထပ်မံနှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ပထမ (၃) လပတ်အတွင်း အသုံးစရိတ်ဟာ တစ်နှစ်လုံးအသုံးစရိတ် လျာထားချက်ရဲ့ ၇၅% ကို အကောင်အထည် ဖော်ထားနိုင်တာကို တွေ့ရပါတယ်။

၂၀% အထက် အကောင်အထည်ဖော်နိုင်တာကတော့ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့ပဲ ဖြစ်ပါတယ်။ ကျန်ဝန်ကြီးဌာနအများစုကတော့ ၁၀ ကနေ ၂၀% ကြားထဲမှာပဲ အကောင်အထည်ဖော်ထားနိုင်ပါတယ်။ သုံးလပတ် ရောက်သည့်တိုင် တစ်နှစ်စာ လျာထားချက်ရဲ့ ၁၀% ကိုတောင် ပြည့်မီအောင် အကောင်အထည်မဖော်နိုင်တဲ့ ဝန်ကြီးဌာနတွေကတော့ ပြန်ကြားရေး၊ ကျန်းမာရေးနဲ့ အားကစား၊ ဆောက်လုပ်ရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ တိုင်းရင်းသားလူမျိုးများရေးရာတို့ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ကတော့ ၁၀.၇၃% နဲ့ ဒီစည်းကနေ လွတ်နေပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် ၁၀%အထိ အကောင်အထည် မဖော်နိုင်တဲ့ ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်အပေါ် အခြေခံတဲ့ စွမ်းဆောင်ရည်ဟာ အားရကျေနပ်လောက်စရာ မကောင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျန်သက်တမ်းအတွင်း လျာထားချက်အတိုင်း လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ တကယ်ကော ဖြစ်နိုင်ပါ့တော့မလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနှစ် ပြောင်းလဲရခြင်း ရည်ရွယ် ချက်ကို ထိမိစေဖို့ ပြည်ထောင်စုအစိုးရက စီမံကိန်းလုပ်ငန်းတွေ ပိုမိုထိရောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ ဘဏ္ဍာနှစ်အချိန်တွေကို ပြောင်းလဲထားပါတယ်။ ဒါပေမဲ့လည်း ဘဏ္ဍာနှစ် အချိန်ပြောင်းလဲ ကျင့်သုံးတဲ့ ပထမ (၃) လပတ်မှာတင် ဗဟိုအဖွဲ့အစည်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီး/ဦးစီးဌာနတွေ လျာထားသုံးငွေ အကောင်အထည်ဖော်နိုင်မှုဟာ ပထမသုံးလပတ်လျာထားချက်ရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ပဲ ရှိနေပါတယ်။

ထို့အတူ ဒေသဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာတော့ ၈၈ ရာခိုင်နှုန်း ကျော် ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါပေမဲ့ အသုံးစရိတ် မြင့်မားမှုဟာ သာမန်အသုံးစရိတ်ပိုင်းမှာ ဖြစ်ပြီး ပြည်သူကို တိုက်ရိုက်အကျိုးခံစားရစေမယ့် လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ပေးမယ့် ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းမှာတော့ ဗဟိုအဖွဲ့အစည်းအနေနဲ့ ၆၈ ရာခိုင်နှုန်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေကတော့ ၃၃ ရာခိုင်နှုန်း နဲ့ တိုင်းနဲ့ ပြည်နယ်စုစုပေါင်းမှာတော့ ၈၀ရာခိုင်နှုန်း ကျော် အကောင်အထည် ဖော်ထားကြပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်ရဲ့ အကောင်အထည် မဖော်နိုင်မှု အတော်များများဟာ တင်ဒါခေါ်ယူမှု လုပ်ငန်းတွေနဲ့ ပတ်သက်နေလို့ ဘဏ္ဍာနှစ် အပြောင်းအလဲဟာ ပွဲဦးထွက် မျက်နှာပန်းမလှသေးဘူးလို့ ဆိုနိုင်ပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။