Posted in ဥပဒေရေးရာ သုတေသန on Jan 07, 2019

၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။​ ဒီအစည်းအဝေးဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ပုံမှန်အစည်းအဝေးဖြစ်သလို၊ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ်ကာလကို ကုန်ဆုံးခဲ့တဲ့ ကာလဖြစ်တဲ့အတွက် နောက်ထပ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဓိက ဆွေးနွေးမယ့် ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။​ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြက္ခဒိန်အရ ဒီပုံမှန်အစည်းအဝေးဟာ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးဖြစ်လို့ အခြားသော ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။​ ဒီအထဲက ဥပဒေကြမ်းအချို့ရဲ့ အခြေအနေနဲ့ အလားအလာကို ဖော်ပြပေးလိုက်ပါတယ်။​

ကျောက်မျက်ရတနာဥပဒေကြမ်း

လက်ရှိလွှတ်တော်တွေမှာ ဆွေးနွေးနေဆဲ ဥပဒေကြမ်းတွေကိုကြည့်ရင် ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေး ပြီးခါနီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို သမ္မတထံ ပေးပို့ခဲ့ပြီး အခုထိ ဥပဒေအဖြစ် သမ္မတက လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အတွက် မှတ်ချက်နဲ့ လွှတ်တော်ကို ပြန်လည်ပေးပို့ဖို့ အလားအလာရှိပြီး၊ အဲ့လို ပေးပို့ထားတယ်ဆိုရင်တော့ ကျောက်မျက်ရတနာဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ သမ္မတရဲ့ မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ၂၀၁၇ မတ်လကတည်းက စတင်ခဲ့တဲ့ ဒီဥပဒေကြမ်းရဲ့ လွှတ်တော်တွင်း ဖြတ်သန်းမှုက မကြာခင်ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း

ပြီးခဲ့တဲ့ ပုံမှန်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှုကို ရခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းကတော့ အခုအစည်းအဝေးအတွင်း အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ တင်သွင်းချိန်နဲ့ အတည်ပြုချိန်အကြား အချိန် နှစ်လခန့် ကြာခဲ့လို့ ဒီဥပဒေကြမ်းဟာ ဒီအစည်းအဝေးပြီးဆုံးချိန်အထိ အလွန်ဆုံး အမျိုးသားလွှတ်တော်မှာ အတည်ပြုတဲ့အဆင့်မှာပဲ ရှိနေဖို့များ ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကြမ်း

၂၀၁၈ ဇူလိုင် ၃၀ မှာ ပြည်သူ့လွှတ်တော်ကို စတင်ခဲ့တဲ့ ဒီဥပဒေကြမ်းကိုတော့ ပြီးခဲ့တဲ့ ပုံမှန်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့လို့ ၂၀၁၈ တစ်နှစ်တည်းအတွင်း လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေကြမ်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ ပြင်ဆင်ချက်တွေရှိတဲ့အတွက် မူရင်းဆွေးနွေးတဲ့ ပြည်သူ့လွှတ်တော်အနေနဲ့ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်ကို လက်ခံမခံ ပြန်လည်ဆွေးနွေးရမှာဖြစ်ပါတယ်။ အကယ်၍ သဘောထားကွဲလွဲမှုရှိရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်ဆွေးနွေးရမှာပါ။

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်း

ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ ပုံမှန်အစည်းအဝေးအတွင်းမှာပဲ အမျိုးသားလွှတ်တော်မှာ တင်သွင်းပြီး၊ အမျိုးသားလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။ လာမယ့် ပုံမှန်အစည်းအဝေးမှာတော့ ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမယ့် ဥပဒေကြမ်းဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်း

၂၀၁၈ ဒီဇင်ဘာ ၁၈ ကမှ အမျိုးသားလွှတ်တော်ကို ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာနဲ့တကွ တင်သွင်းထားတဲ့ ဒီဥပဒေကြမ်းကိုတော့ အမျိုးသားလွှတ်တော်မှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်ဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။

အချိန်ကြာကြာ ရပ်ဆိုင်းထားတဲ့ ဥပဒေကြမ်းနှစ်ခု

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို ရောက်ရှိနေပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၂၀၁၈ မတ် ၉ ရက်နေ့မှာ ကော်မတီအစီရင်ခံစာ တင်သွင်းထားပါတယ်။ အဲ့ဒိနောက်ပိုင်းကတည်းက ဝေဖန်မှုတွေရှိခဲ့တဲ့ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးခြင်းမပြုပဲ ဆိုင်းငံ့ထားတားဖြစ်ပါတယ်။

အလားတူ ဝေဖန်မှုတွေရှိနေတဲ့ မြေသိမ်းဥပဒေကြမ်းကိုတော့ ၂၀၁၈ စက်တင်ဘာ ၇ မှာ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဲ့နောက်ပိုင်း ဒဿမပုံမှန်အစည်းအဝေးမှာတော့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းဆွေးနွေးတာ မတွေ့ရသေးပဲ အစည်းအဝေးတစ်ကြိမ် ကျော်ခဲ့တာ တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း တရားဝင်တင်သွင်းတဲ့ ၂၀၁၇ အောက်တိုဘာကနေ ၂၀၁၈ စက်တင်ဘာအထိ တစ်နှစ်နီးပါး အချိန်ယူခဲ့တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ဒီဥပဒေကြမ်းခေါင်းစဉ်ကို အမျိုးသားလွှတ်တော်က “မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေကြမ်း” လို့ ခေါင်းစဉ်ပြောင်းထားပါတယ်။

အသစ်တင်သွင်းလာနိုင်တဲ့ ဥပဒေကြမ်းများ

အစိုးရက လွှတ်တော်ကို ပေးပို့ထားပြီးဖြစ်လို့ အခုလာမယ့် ပုံမှန်အစည်းအဝေးမှာ စတင်တင်သွင်းလာနိုင်ချေရှိတဲ့ ဥပဒေကြမ်းတွေကတော့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်း၊​ ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်း နှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာဥပဒေကြမ်း၊​ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တို့ဖြစ်ပါတယ်။​

လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ ဥပဒေကြမ်းများနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို I Am a Bill အင်တာနက်စာမျက်နှာ၊ Open Myanmar Initiative ဖေ့စ်ဘုတ်စာမျက်နှာ တို့မှာ လေ့လာနိုင်ပြီး၊ ဥပဒေကြမ်းတွေကိုတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။